သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးမှာ ဒုံးကျည်မှန်လို့ ထိုင်း ၄ ယောက်သေဆုံး


အစ္စရေးနိုင်ငံမြောက်ပိုင်း Metula မြို့မြင်ကွင်းကို လက်ဘနွန်နယ်စပ်ကမြင်ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၂၄)
အစ္စရေးနိုင်ငံမြောက်ပိုင်း Metula မြို့မြင်ကွင်းကို လက်ဘနွန်နယ်စပ်ကမြင်ရစဉ် (အောက်တိုဘာ ၃၁၊ ၂၀၂၄)

လက်ဘနွန်နယ်စပ်နဲ့ ကပ်နေတဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းက Metula မြို့မှာ လယ်ယာစိုက်ပျိုးရေးလုပ်နေတဲ့ ထိုင်းနိုင်ငံသား ၄ ယောက် သေဆုံးသွားပါတယ်။ ကြာသပတေးနေ့က Metula မြို့ဘက်ကို ပစ်ခတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်ကြောင့် ထိုင်း ၄ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တဲ့အပေါ် အင်မတန်ဝမ်းနည်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က X လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားခဲ့ပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုတွေနဲ့ကို အပြည့်အဝ အကူအညီပေးဖို့ Tel Aviv မှာရှိတဲ့ ထိုင်းသံရုံးကို သူ ကြာသပတေးနေ့ညထဲက ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အရှိန်မြင့် ကျယ်ပြန့်လာတဲ့ ပဋိပက္ခကြောင့် အပြစ်မဲ့ အရပ်သားတွေ အကြီးအကျယ်ထိခိုက်နေတာကို ကာကွယ်နိုင်ဖို့ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး ငြိမ်းချမ်းတဲ့လမ်းကို ပြန်သွားကြဖို့ ထိုင်းနိုင်ငံက တောင်းဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လက်ဘနွန်ဘက်က ပစ်လိုက်တဲ့ ရော့ကတ်ဒုံးကြောင့် Metula မြို့မှာ စိုက်ခင်းတခုမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား ထိုင်းလုပ်သားတွေ သေဆုံးခဲ့တယ်လို့ အစ္စရေးဘက်က သတင်းတွေမှာဖော်ပြပါတယ်။ အစ္စရေးတယောက်နဲ့ ထိုင်းနိုင်ငံသားတွေဖြစ်တဲ့ Kawisak Papanang၊ Akaphon Wanasai၊ Thana Tijantak နဲ့ Prayat Pilatram တို့သေဆုံးသွားကြတယ်လို့ အစ္စရေးသတင်းတွေမှာ ပြောထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ လက်ရှိ စစ်ပွဲ ပဋိပက္ခတွေ မဖြစ်ခင်က အစ္စရေးမှာ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသား ၃ သောင်းလောက်ရှိပြီး အများစုက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ၂၀၂၃ အောက်တိုဘာ ၂၃ ရက်က အစ္စရေးမြို့တွေထဲ Hamas တို့ ဝင်ရောက်တိုက်ခိုက်စဉ် ထိုင်းနိုင်ငံသား ၄၆ ယောက် သေဆုံးခဲ့ပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ထိုင်းနိုင်ငံသား ၃၀ ပါခဲ့ပြီး လက်ရှိမှာလည်း ၆ ယောက် ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ ထိုင်းနိုင်ငံသားတွေအပါအဝင် ဖမ်းဆီးခံထားရဆဲ ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အစ္စရေးမှာ ဒုံးကျည်မှန်လို့ ထိုင်း ၄ ယောက်သေဆုံး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG