သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်နယ်စပ်ဂိတ်မှာ ကန့်သတ်ချက်တွေကို တရုတ်နိုင်ငံ ပြန်လည်လျှော့ချ


ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်
ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်

တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဂိတ်ကနေ တရုတ်စားသောက်ကုန်နဲ့ အဝတ်အထည်တွေကို တနိုင်တပိုင် သယ်ယူခွင့်ကို အခုရက်ပိုင်းထဲ တရုတ်ဘက်က ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ အခုလိုတနိုင်တပိုင်သယ်ယူခွင့် တရုတ်ဘက်က ပြန်ပြီးဖွင့်ပေးလိုက်ပေမဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိုတော့ ဆက်ပြီး ပိတ်ထားတုန်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက တနိုင်တပိုင် စားသောက်ကုန်သယ်ယူတာနဲ့ လူအဝင်အထွက်ကန့်သတ်ချက်ကို ပြန်လျှော့ပေးလိုက်တဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မြန်မာ တရုတ်နယ်စပ်တလျှောက် မူဆယ်နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေအားလုံး တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့လတွေကတည်းက ပိတ်ထားတာဖြစ်ပါတယ်။ နယ်စပ်ဂိတ်တွေကနေ မြန်မာပြည်ဘက်ကိုပို့မယ့် ကုန်စည်တွေကိုပို့ခွင့် မြန်မာဘက်ကို အိမ်သုံး လျှပ်စစ်ပစ္စည်းအပါအဝင် လုံခြုံရေးသုံးပစ္စည်းနဲ့ အဝတ်အထည်တွေ မသယ်ကြဖို့ တရုတ်ဘက်က အထူးကြပ်မတ်ထားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တဖက်သတ်ပိတ်ထားတဲ့ တရုတ်ဟာ ယူနန်အတွက် အရေးပါတဲ့ နယ်စပ်ဂိတ်တချို့ကို ပြန်ဖွင့်ပေးချင်တဲ့ အရိပ်အယောင်တွေ မြင်ရခဲ့ပြီးတဲ့နောက်မှာတော့ အခုရက်ပိုင်းထဲမှာ မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်စားသောက်ကုန်နဲ့ အဝတ်အထည်တွေကို တနိုင်တပိုင် သယ်ယူခွင့်ကို တရုတ်ဘက်က ပြန်ပြီး ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ တဖြည်းဖြည်းပြန်ပြီး ဖြေလျှော့လိုက်ပြီ ဆိုပေမဲ့ လူတကိုယ် သယ်ဆောင်နိုင်တဲ့ ကုန်ပစ္စည်းလောက်ပဲ တရုတ်က ခွင့်ပြုပေးတာဖြစ်ပါတယ်။ ဒီအခြေအနေကို မူဆယ်ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစက တပတ်ကျော် နှစ်ပတ်လောက် ပိတ်ပစ်လိုက်တာ၊ ပစ္စည်းတွေလည်း ထွက်ခွင့်မပေးဘူး။ လုံးဝမပေးဘဲ ပိတ်လိုက်၊ ထွက်ခွင့်မပေးတာပေါ့ အဲလို။ အပေါက်က ဂိတ်က သုံးပေါက်ရှိတယ်လေ ပစ္စည်းအကြီးတွေ အဲလိုမျိုးတွေ ထုတ်တဲ့အပေါက်၊ ပြီးတော့ လူပဲသီးသန့်ထွက်တဲ့အပေါက်၊ ပြီးရင်ဆင်ဖြူပေါက် ဆိုင်ကယ်တွေ ဝင်လို့ရတယ်ပေါ့။ အကျီသေးသေးလေးမှကို ပေးမထွက်တာ သူတို့က။ အကျီသွားဝယ်ရင် ဝတ်ပြီး ထွက်လာရတယ်။ ဘာပစ္စည်းမှ ထွက်ခွင့်မပေးဘူး။ ကြီးကြီးမားမားတွေတော့ မရသေးဘူး ဆီပုံးတွေ အဲလောက်ထိမရသေးဘူး နည်းနည်းပါပါး သေးသေးလေးပေါ့၊ အဝတ်အစားဆိုလည်း အိတ်လိုက်ကြီးတွေ မရဘူးပေါ့ လေးငါးဆယ်ထည် အထုပ်သေးလေးတွေပဲရတာ။"

တရုတ်နယ်စပ်မှာ စစ်ရေးပဋိပက္ခတွေ တိုးလာတာကို သတိပေးတဲ့အနေနဲ့ တရုတ်က နောက်ဆုံးကျန်ရှိတဲ့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးစခန်းက ဂိတ်အားလုံးကို ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေက နိုဝင်ဘာလ ၁၁ရက်မှာ ပိတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဘက် မူဆယ်ဂိတ်တွေကို အခြေအနေအပေါ်မူတည်ပြီး အပိတ်အဖွင့် မကြာခဏဆိုသလို လုပ်လေ့ရှိကြောင်း မူဆယ်က နောက်ထပ်လုပ်ငန်းရှင် တဦးက ပြောပါတယ်။

"သူတို့ ဖွင့်တယ်၊ ပိတ်တယ်ဆိုတာ အချိန်ပိုင်းပါ ခဏပိတ်လိုက် ပြန်ဖွင့်လိုက် အဲလိုလုပ်တာ။ အိတ်စပို့ပဲရှိမှာ အင်ပို့မရှိဘူး။ ဒီကနေ ထွက်တာပဲရှိတယ်၊ ဟိုဘက်က ဝင်တဲ့ဟာ ကန့်သတ်တယ် အကုန်။"

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကိုတော့ တရုတ်ဘက်က အောက်တိုဘာလ ၁၈ရက် နောက်ပိုင်းကစပြီး အခုအချိန်အထိ ပိတ်ထားတုန်းဖြစ်ပါတယ်။ တရုတ်ဘက်က စက်သုံးဆီနဲ့ စားသောက်ကုန်မဝင်တဲ့အတွက် ကချင်နယ်စပ်ဒေသတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံစားနေရတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ အဲဒီနေရာတွေမှာ ဓာတ်ဆီတလီတာကို ကျပ် ၁၅,၀၀၀ လောက် ပေးဝယ်နေရတာပါ။

ကချင်ဘက်က တရုတ်လုပ်ငန်းရှင်တွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဒီရက်ပိုင်းထဲမှာ KIA က သယ်ထုတ်ခွင့်ပေးထားပေမဲ့ တရုတ်ဘက်ကတော့ ဘာမှ အပြောင်းအလဲ မရှိဘဲ၊ ကုန်စည်မှန်သမျှ မြန်မာဘက်ကို ပေးမဝင်သေးကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပြခဲ့တာပါ။

တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်မှာ စစ်ရေးကျယ်ပြန့်လာတဲ့အတွက် တရုတ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်အားလုံးနီးပါးကို အောက်တိုဘာလ ၁၈ရက်နောက်ပိုင်းမှာ တခုပြီးတခု ပိတ်လာခဲ့တာပါ။ တရုတ်ဘက်က တင်သွင်းကုန်မှန်သမျှ အထူးသဖြင့် လျှပ်စစ်ပစ္စည်းနဲ့ စက်သုံးဆီကို ပိတ်လိုက်တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာတော့ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်စည်လုပ်ငန်းတွေပိုပြီးတော့မှ အဆင်ပြေချောမွေ့အောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG