သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ- ထိုင်းနဲ့ မြန်မာကြားက နယ်စပ်ကုန်သွယ်ရေး အလားအလာ


ထိုင်းနယ်စပ် မြဝတီ တံတားအမှတ် (၂)ပေါ်က ကုန်ကားတစီး။
ထိုင်းနယ်စပ် မြဝတီ တံတားအမှတ် (၂)ပေါ်က ကုန်ကားတစီး။

ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းကနေ အိန္ဒိအရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကုလားတန်မြစ် ဘက်စုံ ကုန်စည်ပို့ဆောင်ရေး စီမံကိန်းကို ပြီးစီးအောင်လုပ်ဖို့ ကြိုးပမ်းနေကြောင်း အိန္ဒိယအစိုးရအဖွဲ့က ဒီရက်ပိုင်းထဲမှာ ပြောပါတယ်။ အလားတူ ထိုင်းအစိုးရကလည်း ထိုင်း-မြန်မာ အာရှလမ်းမကြီးကို ပြင်ဆင်ပြီး ပြန်ဖွင့်ဖို့ ဆန္ဒရှိနေကြောင်း မကြာသေးခင်က ပြောခဲ့တာပါ။ ရခိုင်နဲ့ ကရင်ပြည်နယ် အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေး အလားအလာက ဘယ်လိုရှိပါသလဲ။ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြပေးမှာပါ။


ပြည်တွင်းစစ်ကြောင့် ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်က အိန္ဒိယရဲ့ ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွေ ပြန်စနိုင်ဖို့ အာဏာပိုင်တွေနဲ့ စကားပြောနေတယ်လို့ အိန္ဒိယဆိပ်ကမ်းနဲ့ ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး Sarbananda Sonowal က သတင်းဌာနတွေကို တနင်္လာနေ့က ပြောပါတယ်။ စစ်တွေဆိပ်ကမ်းကို လက်ရှိမှာ အာဏာသိမ်း မြန်မာစစ်ကောင်စီက ထိန်းချုပ်ထားပေမဲ့ ကုလားတန်မြစ် တလျှောက်ကိုတော့ အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ ဒီစီမံကိန်း အကောင်အထည် ဖော်ဖို့ဆိုရင် သက်ဆိုင်သူ အားလုံးနဲ့ စကားပြောရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

" အိန္ဒိယနဲ့ မြန်မာနဲ့လမ်းကတော့ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝကြီး ရောက်နေတယ်လို့ ပြောလို့ရတယ်။ စစ်တွေမြို့ကို ချန်လှပ်ထားရင်တောင်မှ အလုပ်ဖြစ်နိုင်သေးတယ်ပေါ့။ စစ်တွေက သူတို့မြို့တမြို့လေးပဲ ကျန်တော့တယ်၊ ကျန်တဲ့လမ်း သုံးပုံနှစ်ပုံက အာရက္ခတပ်တော်လက်ထဲမှာ ရှိတယ်။ နောက် အဲဒီလမ်းကနေ ခွဲထွက်ပြီးတော့ တခြားမြို့နယ်တွေလည်း သွားလို့ရတယ်။ စစ်တွေမြို့ကတော့ ပင်လယ်ထဲ၊ ကျွန်းပေါ်မှာ ထီးထီးကြီး ကျန်နေတာပေါ့။ အဲလိုအခြေအနေ အတိုင်းပဲဆို အာရက္ခတပ်တော်နဲ့ မပူးပေါင်း၊ မဆောင်ရွက်ဘဲ လုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးရှိတယ်။ နှစ်ပွင့်ဆိုင်ပဲ လုပ်မလား၊ သုံးပွင့်ဆိုင်ပဲ လုပ်မလား စောင့်ကြည့်ရမယ့်သဘောပဲ ရှိပါတယ်။"


ကုလားတန် ဘက်စုံ ကုန်စည်ပို့ဆောင်ရေး စီမံကိန်းကို အိန္ဒိယက ရခိုင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ်ကစပြီး လုပ်ခဲ့တာပါ။ စစ်တွေဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်ဝမြို့ကိုဖြတ်ပြီး သူ့ရဲ့ ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်းက ပြည်နယ်တွေနဲ့ ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ တချို့ကလည်း အိန္ဒိယဗဟိုအစိုးရက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အာရက္ခတပ်တော် AA ကို အသိအမှတ်ပြု၊ ဆွေးနွေးချင်တဲ့ သဘောထားတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနဲ့ကုန်သွယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းကို ပြင်ဆင်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။ ဒီလမ်းက မြန်မာကိုဖြတ်ပြီး အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့အထိ မိုင် ၉၀၀ ကျော်ရှည်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သည်တွေလည်း ဒီလမ်းကိုပြန်ဖွင့်ဖို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း တချို့က ပြောပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက စစ်ကောင်စီနဲ့ ဆက်ဆံရေးပြန်ပြီး တည်ဆောက်နေတာကို တွေ့နေရကြောင်း ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

" အာဆီယံ နိုင်ငံတွေရော အထူးသဖြင့် အိမ်နီးချင်းပေါ့လေနော် ထိုင်းပါတယ်၊ အိန္ဒိယပါတယ်၊ တရုတ်ပါတယ်ပေါ့ အထူးသဖြင့် ဒီ ၃ နိုင်ငံပေါ့။ လာအိုကတော့ တရုတ်ဩဇာခံပေါ့။ အဲလိုအနေအထားမှာ အခုက အရင်ကဆိုရင် အထူးသဖြင့် ထိုင်းပေါ့ တော်လှန်ရေးကဏ္ဍကို စောင့်ကြည့်ပြီး အာကိုးတဲ့၊ ယုံကြည်တဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ လက်ရှိမှာ ထင်သလောက် မဖြစ်လာဘူးပေါ့ တော်လှန်ရေးဘက်က။ အဲဒီအခါ သူတို့က မအလနဲ့ အထိုက်အလျောက် ပြန်ပြီးဆက်သွယ်မယ့်၊ ဆက်စပ်မယ့် အနေအထားရှိတယ်။ ဒါကတော့ နောက်ဆုံးရတဲ့ သတင်းပေါ့နော်။"

မြန်မာစစ်ကောင်စီ အာဏာသိမ်းပြီးနောက် နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ကျဆင်းသွားပါတယ်။ အခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ လေးလအတွင်းမှာ နယ်စပ် ကုန်သွယ်ရေးတွေကနေ ဒေါ်လာ သန်း ၁,၅၀၀ ရရှိခဲ့ပါတယ်။ ဒါက ၂၀၂၃ ခုနှစ် ကာလတူထက် တဝက်ကျော်လောက် လျော့ကျသွားတာလို့ မြန်မာစီးပွားကူးသန်းဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG