မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ပါဝင်သူအားလုံး အကြမ်းဖက်မှုတွေ ရန်တန့်ဖို့နဲ့ နိုင်ငံတကာဥပဒေ ပြဌာန်းချက် အတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။ လူမျိုးရေး တင်းမာမှုနဲ့ လှုံ့ဆော်မှုတွေ မဖြစ်အောင်လည်း သူကတိုက်တွန်းပါတယ်။
အခုသီတင်းပတ်ထဲမှာ ရခိုင်မှာ အာရက္ခတပ်တော် (AA) က မောင်တောမြို့နယ် အပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်က အဓိကကျတဲ့ ဒေသတွေကို အပြည့်အဝထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်မှာ ကုလသမဂ္ဂရဲ့ ပြောဆိုချက် ထွက်လာတာပါ။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးမြင့်လာနေလို့ အရပ်သားတွေ ဘေးဒုက္ခ ပိုမိုခံစားလာနေရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ မြင့်တက်လာတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric နယူးယောက်မြို့မှာ ကြာသပတေးနေ့က ပြောပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထပ်မံပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာကို ထည့်သွင်း ပြောခဲ့သလို နိုင်ငံ အနှံ့မှာ အရပ်သား သေဆုံးမှုတွေ ဖြစ်စေတဲ့ စစ်ရေးနဲ့ အရပ်ဘက် ပစ်မှတ် ခွဲခြားခြင်း မရှိတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းခန့်ဟာ နေရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုမှုတွေကို စွန့်ပစ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒါဟာ စံချိန်တင် ကိန်းဂဏန်း အဖြစ် ဖော်ပြပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ သုံးပုံတပုံနီးပါးမှာ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။
တချိန်တည်းမှာပဲ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံအတွက် "၂၀၂၅ လူသားချင်းစာနာမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်" (HNRP) ကို စတင်ခဲ့ပြီး အသက်ရှင်သန် ရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့ လူပေါင်း ၅.၅ သန်းအတွက် အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ လိုအပ်နေကြောင်း သောကြာနေ့ (ဒီဇင်ဘာ ၁၃) က ထုတ်ပြန်ခဲ့ပါတယ်။ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မကြုံစဖူး တိုးလာမှုကြောင့် ကလေးငယ် ၆.၃ သန်း အပါအဝင် ၂၀၂၅ ခုနှစ်မှာ ခန့်မှန်းခြေ လူ ၁၉.၉ သန်းဟာ အကူအညီ လိုအပ်နေတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Marcoluigi Corsi က ပြောပါတယ်။
ကုလသမဂ္ဂက ထုန်ပြန်ချက်အရ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာလည်း ဆိုးရွားတဲ့ အခြေအနေအောက်မှာ လစ်ဟာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူဦးရေ ၁၅ သန်းကျော်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ စားနပ်ရိက္ခာမလုံခြုံမှု လိုအပ်ချက်နဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး တခြား လူ အများအပြားဟာလည်း ဘေးကင်းလုံခြုံတဲ့ အမိုးအကာ ဒါမှမဟုတ် သောက်သုံးရေလုံလောက်စွာမရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ မြန်မာ့ အကျပ်အတည်းဟာ အိမ်နီးချင်းနိုင်ငံတွေကိုလည်း သက်ရောက်နေပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံ ထွက်ပြေးလာတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့် လျှောက်ထားသူ လူ ၁.၃ သန်းရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Forum