သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကနေ ယူရေနီယံနဲ့ ပလူတိုနီယံတွေ သယ်ယူရောင်းချခဲ့ကြောင်း ဂျပန်ရာကူဇာဂိုဏ်းဝင်ဝန်ခံ

ဂျပန် ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် Takeshi Ebisawa
ဂျပန် ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် Takeshi Ebisawa

မြန်မာနိုင်ငံကနေ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ နမူနာတွေကို သယ်ယူရောင်းချခဲ့တဲ့အတွက် အပြစ်ရှိကြောင်းဂျပန် ရာကူဇာ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တယောက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ မနေ့က ဝန်ခံထွက်ဆိုပါတယ်။

အသက် ၆၁ နှစ်အရွယ် Takeshi Ebisawa ဟာ မူးယစ်ဆေး၊ လက်နက်၊ နျူကလီးယား စွမ်းအင် ထုတ်လုပ်နိုင်တဲ့ ပစ္စည်းနမူနာတွေကို အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာကို ရောင်းချခဲ့သူတွေ ဖြစ်တဲ့အကြောင်း အမေရိကန် တရားရေးဌာန အရာရှိတွေက ပြောဆိုထားပါတယ်။ Ebisawa နဲ့ အပေါင်းပါတယောက်ဟာ မြန်မာနိုင်ငံအတွင်းက ဘယ်သူဘယ်ဝါလို့ ဖေါ်ပြမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ရဲ့ ခေါင်းဆောင်တဦးဆီက တူးဖေါ်ထားတဲ့ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို တဆင့် ဝယ်ယူခဲ့သူ ဖြစ်တယ်ဆိုပြီး အမေရိကန်တရားရေးဌာနက ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက တရားစွဲခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံအတွင်း စစ်မြေပြင်မှာ သုံးနိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းလက်နက်လို လက်နက်တွေကို သူက ပြန်ရောင်းချခဲ့တဲ့အကြောင်း အမေရိကန် နယူးယောက် တောင်ပိုင်းခရိုင် ရှေ့နေ Edward Kim က ပြောဆိုပါတယ်။ ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်တဲ့ အဆင့်ပလူတိုနီယံတွေကို လက်နက်ဝယ်ယူသူ အဖြစ် ဟန်ဆောင်ထားတဲ့ အီရန် ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိဟန်ဆောင်ထားတဲ့ အ‌မေရိကန် DEA မူးယစ်ဆေးဝါး နှိမ်နှင်းရေး အရာရှိတယောက်ကို ရောင်းချခဲ့တာကြောင့် Takeshi Ebisawa အပါအဝင် လေးဦးကို ၂၀၂၂ ခုနှစ် ဧပြီလက နယူးယောက် Manhattan အရပ်မှာ အမေရိကန် အရာရှိတွေက တရားစွဲဆိုခဲ့ပါတယ်။

လူကုန်ကူးမှုအပါအဝင် မူးယစ်ဆေးနဲ့ လေယာဉ်ပစ် လက်နက် လဲလှယ်ဖို့ ကြိုးပမ်းမှု၊ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို ရောင်းချတယ်ဆိုတဲ့ ရာဇဝတ်မှုမျိုးစုံနဲ့ Ebisawa တရားစွဲဆိုထားတာဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG