သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရသစ်နဲ့ Burma Act ဥပဒေ အလားအလာ


ကန်အစိုးရသစ်နဲ့ Burma Act ဥပဒေ အလားအလာ
please wait

No media source currently available

0:00 0:13:15 0:00

ရီပါဘလင်ကန် လွှတ်တော်အမတ်အများစု ထောက်ခံထားတဲ့ မြန်မာစစ်တပ် တာ၀န်ခံမှုရှိစေရေး Burma Act ဥပဒေဟာ ရွေးကောက်ခံ ရီပါပလင်ကန် သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။

ရီပါဘလင်ကန် လွှတ်တော်အမတ်အများစု ထောက်ခံထားတဲ့ မြန်မာစစ်တပ် တာ၀န်ခံမှုရှိစေရေး Burma Act ဥပဒေဟာ ရွေးကောက်ခံ ရီပါပလင်ကန် သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဥ်မှာ ဒေါက်တာမီမီဝင်းဘတ် ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ပထမဦးဆုံး မေးချင်တာကတော့ အမေရိကန်ပြည်ထောင်စုမှာ အခု အမေရိကန်ကနေပြီးတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ Mytel ကုမ္မဏီကို သူတို့ ဒဏ်ခတ်အရေးယူလိုက်တယ်ဆိုတဲ့အပေါ်မှာ အန်တီ့ရဲ့ အမြင်ဘယ်လို ရှိပါသလဲရှင့်။

ဒေါက်တာမီမီဝင်းဘတ် ။ ။ ဘာမှမဖြေခင် ပထမဆုံးပြောဖို့ လိုအပ်တာက ဒီနေ့ သုံးသပ်သွားတဲ့ဟာတွေ အားလုံးက ပုဂ္ဂိုလ်တယောက်အနေနဲ့ သုံးသပ်သွားတာပါ။ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီးတော့ သုံးသပ်သွားတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ အဲဒီတော့ ဒါက တော်‌တော်တောင်မှ နောက်ကျနေတယ်ပေါ့နော်။ ဒီ Sanction က စောစောစီးစီးထဲက လုပ်ဖို့ လိုအပ်တယ်။ ဘာလို့ဆိုတော့ သိတဲ့အတိုင်းဘဲ စစ်တပ်ရဲ့ ဝင်ငွေတခု Mytel ကို အသုံးချပြီးတော့ သူတို့ လုပ်တယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ Communication ကို ဒီ Company တွေ သုံးပြီးတော့ သူတို့တွေက လက်နက်အဖြစ် Weaponize လုပ်ထားတယ်။ Mytel ကို အသုံးချပြီးတော့ ပြည်သူလူထုကို ဖိနှိပ်တာတွေ လုပ်တာ။ အဲဒီဟာကို သုံးထားတယ်တယ်ဆိုတော့ Sanction ဆိုတဲ့ဟာက အရေးပါတယ်လို့ ပြောလို့ရတာပေါ့။

မေး ။ ။ ဒီလို အမေရိကန်အစိုးရဘက်က မြန်မာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို Sanction တွေ ပိတ်ဆို့အရေးယူမှု့တွေကို ပစ်မှတ်ထားပြီးတော့ အထူးသဖြင့် စစ်‌ကောင်စီနဲ့ ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ တခြားဝင်ငွေရတဲ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတဲ့ဟာတွေက Burma Act ဥပဒေပြဌာန်းပြီးတဲ့အခါမှာ ပိုပြီးတော့ ထိရောက်လာတာလား။ ပိတ်ဆို့အရေးယူမှု့အပေါ်မှာ Burma Act က ဘယ်လို ပတ်သက်မှု ရှိလဲရှင့်။

ဖြေ ။ ။ Burma Act နဲ့ ဒီဥစ္စာက ကြက်ဥနဲ့ ကြက်မလိုမျိုး ဘာလို့လဲဆိုတော့ ဒီမူဝါဒတွေ ဖြစ်လို့လည်း Burma Act ထဲမှာ အဲဒီမူဝါဒတွေကို သူတို့ထည့်ထားတာ။ Burma Act ထဲမှာ ဒီအချက်အလက်တွေ ထည့်လိုက်တဲ့အတွက် ပိုပြီးတော့ Institutionalize ဖြစ်သွားတယ်။ ဒီ Sanction တွေနဲ့ ပတ်သက်ပြီးတော့။ Sanction တွေကလည်း အရေးကြီးတယ်။ ဒီဥစ္စာက International Pressure ကို လုပ်တယ်။ အခုနပြောသလိုပဲ သူတို့ရဲ့ ဝင်ငွေကို ဖြတ်တောက်တယ်။ ဒါက Logistic နဲ့ ဆိုင်တယ်။ စစ်တပ်ရဲ့. Logistic ကို ဖြတ်တောက်တာ၊ နောက်ပြီးတော့ စစ်တပ်ရဲ့ တရားဝင်မှု Legitmacy ကိုလည်း ထိခိုက်တယ်။ အခုချိန်မှာ စစ်တပ်က Legitmacy အရမ်းပဲ လိုချင်တယ်။ အဲ့အတွက်ကြောင့်မို့လို့လည်း သူတို့ အခုလာမယ့် ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်နေတာ Legitmacy ကို မရ၊ ရတဲ့နည်းနဲ့ ရအောင်လို့ လုပ်နေတာ။ ဆိုတော့ Sanction တွေက Legitmacy ဆိုတဲ့ဟာကို ထိခိုက်တယ်။ နောက်ပြီးတော့ Logistic စစ်တိုက်တဲ့အခါမှာ Logistic လိုတယ်။ အဲဒီ Logistic ကိုလည်း သူတို့ ဖြတ်တောက်တယ်။ ဘာလို့ဆိုတော့ ဝင်ငွေလိုတယ်။ ဝင်ငွေကနေပြီးတော့ သူတို့ weapon တွေ လက်နက်တွေ ဝယ်တယ်ပေါ့နော်။ အဲဒါတွေကို ဖြတ်တောက်နိုင်တယ်ဆို‌တော့ အဲဒါကြောင့် Sanction တွေက အရေးကြီးတယ်။ ထိလည်း ထိရောက်ပါတယ်။

မေး ။ ။ ဒီ Burma Act အရ မြန်မာနိုင်ငံကို သူတို့ မြန်မာအပေါ်ချမှတ်ထားတဲ့ လုပ်ငန်းစဥ်တွေပေါ့နော်။ အဲဒီမှာ အရေးကြီးဆုံးတချက်ဖြစ်တဲ့ လက်နက်မပါတဲ့ ဒီအကူအညီတွေကိုပေးရေး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ မြန်မာ့‌တော်လှန်ရေး အင်အားစုတွေကို သူတို့ ပံ့ပိုးပေးဖို့ဆိုတဲ့ အချက်ပေါ့နော်။ အဲဒီအပိုင်းကိုကော ဘယ်လို သုံးသပ်ပါလဲ။

ဖြေ ။ ။ အဲဒီအပိုင်းက နည်းနည်းလေး အားနည်းနေတယ်လို့ ကျမတို့ ထင်တယ်။ သူတို့ အများကြီးတော့ ကူညီပေးနေပါတယ် Non-lethal အောက်မှာ ။ ဒါပေမဲ့ အားနည်းနေတာက Burma Act ကို များသောအားဖြင့် Support လုပ်ထားတာက Republican Congressmen တွေနဲ့ Senators တွေ။ နောက်ပြီးတော့ အခုမှာ Biden Administration ဘိုင်ဒန်အစိုးရကတော့ Democratic Executive Branch အုပ်ချုပ်ရေးပိုင်းဆိုတော့ အဲဒီမှာ နည်းနည်းလေး အမြင်မတူတာတွေ ရှိတယ်လို့ ထင်တယ်။ ဆိုတော့ အဲဒါကြောင့်မို့လည်း ဟိုတလောက Mitch McConnell နဲ့ သူ့ရဲ့ အဖွဲ့တွေက Burma Act ကို ဘာကြောင့် အသေအချာ အပြည့်အစုံ implement လက်တွေ့မဖော်ဆောင်တာလည်း ဆိုတဲ့ဟာကို သူတို့ စာတောင်မှ ရေးလိုက်သေးတယ်။ ဆိုတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ အခု Trump Administration ကြတော့ Republican Administration ဖြစ်သွားလိမ့်မယ်။ ဆိုတော့ အဲဒီမှာဆိုရင် Burma Act ကို ပိုပြီးတော့ ပြည့်စုံအောင် လက်တွေ့ဖော်ဆောင်နိုင်လာမယ်လို့ ကျမ ထင်တယ်။ နောက်ပြီးတော့ Marco Rubio ကလည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်သွားမယ်ဆိုရင် သူကလည်း Burma Act နဲ့ ပတ်သက်ပြီးတော့ အရမ်းပဲ ပတ်သက်ထားတယ်။ Support လည်း လုပ်ထားတယ်ဆိုတော့ Buram Act အတွက် implementation မှာ Biden Administration နဲ့ ပိုပြီးတော့ ပြည့်ပြည့်စုံစုံ လုပ်နိုင်မယ်လို့ ကျမတို့ ပိုပြီးတော့ ရည်မှန်းထားတယ်။

မေး ။ ။ အဲဒီနေရာမှာ အခု လွှတ်တော်သစ်မှာ Republican‌ တွေ ကြီးစိုးမယ့် လွှတ်တော်သစ်ပေါ့နော်။ အစိုးရဆိုရင်လည်း Republican ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ Trump ရဲ့ အစိုးရ ဖြစ်လာတော့မှာဆိုတော့ တဘက်မှာကြတော့လည်း သူတို့တွေက Republican တွေက အမေရိကန်ရဲ့ ပြည်တွင်းရေးကိုပဲ ပိုပြီးတော့ စိတ်ဝင်စားတာ။ ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ဆောင်တဲ့အတွက် မြန်မာ့အရေးမှာ အားနည်းနိုင်တယ်။ ဒါတွေအတွက် စိုးရိမ်မှုတွေလည်း ရှိတယ်ဆိုတော့ ဒီအပေါ်မှာကော ဘယ်လို မြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီဥစ္စာကတော့ US မှာနေနေတဲ့ မြန်မာတွေရဲ့ လုပ်ငန်းတခုပဲ။ ကိုယ်ရှိနေတဲ့ဒေသတွေက ကိုယ့်ရဲ့. ကိုယ်စားလှယ်တွေကို အမတ်တွေကို သေသေချာချာ ရှင်းပြနိုင်တဲ့ အမြဲတမ်း လော်ဘီ လုပ်နိုင်တယ်။ အမြဲတမ်း Advocate လုပ်နိုင်တယ်ဆိုရင် မြန်မာနိုင်ငံအတွက် ပိုပြီးတော့ အလေးထားလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ American System အမေရိကန်စနစ်က သိတဲ့အတိုင်းပဲ သူ့ရဲ့ ကိုယ့်ဒေသက မဲဆန္ဒနယ်မြေဆိုတဲ့ မဲပေးမယ့်သူတွေရဲ့ ဆန္ဒကို အမြဲတမ်း အလေးထားတယ်။ ဒီဥစ္စာက US မှာ ရှိနေတဲ့ မြန်မာနွှယ်ဖွား ကွန်မြူနီတီတွေရဲ့ နံပါတ်တစ် တာဝန်တခု။ အဲဒါကြောင့်မို့လို့ အခုနက ပြောသလိုပဲ သူတို့ရဲ့ အမတ်တွေကို သွားပြီးတော့ လောဘီလုပ်တယ်။ စကားပြောတယ်။ သူတို့မှာ သတင်းပေးမယ်။ ဆိုတော့ အဲ့လိုမျိုး အမြဲတမ်းလုပ်နေရင် မြန်မာ issue က Congress ကနေတဆင့် အစိုးရကို သူတို့ပိုပြီးတော့ pressure ဖိအားပေးနိုင်တယ်။ Pressure ဆိုတာထက်ကို ပိုပြီးတော့ အသိပေးနိုင်တယ်။ ပိုပြီးတော့ လှုံ့ဆော်ပေးနိုင်တယ်။ နောက်တခုကတော့ အခုတလောမှာ တရုတ်နဲ့ ပတ်သက်ပြီးတော့ ဆန္ဒတွေပြတာတွေ − အဲဒါတွေကလည်း မြန်မာ issue ကို မြန်မာအကြောင်းကို အစိုးရကော Congress မှာကော ပိုပြီးတော့ အလေးထားအောင်လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေလို့ ပြောလို့ရတယ်။ ဆိုတော့ မြန်မာအကြောင်းကို ပိုပြီးတော့ Focus လုပ်စေချင်ရင် ဒီမှာရှိနေတဲ့ မြန်မာပြည်သူတွေက အရမ်းအရေးကြီးတယ်။

မေး ။ ။ Burma Act နဲ့ ပတ်သက်ရင် တရုတ်ကလည်း သူ့သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာတွေ ရှိတယ်ဆိုတာကို သတင်းတွေမှာ ဖော်ပြခဲ့တာတွေလည်း ရှိတယ်။ ဥပမာဆိုရင် ဒီ Burma Act ကြောင့် အတိုက်အခံအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေ - အထူးသဖြင့် NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရားဝင် နာမည်တပ်ပြီးတော့ ပံ့ပိုးမှုတွေပေးမယ့်ဆိုတဲ့ ပြဌာန်းချက်မျိုးကို ထည့်သွင်းထားတဲ့ဟာဆိုရင် အမေရိကန်က မြန်မာကို အသုံးချတယ်ဆိုတဲ့ ပုံစံမျိုး။ ဒီအတိုင်းပဲ မြန်မာစစ်ကောင်စီဘက်က သူတို့ သတင်းစာရှင်းလင်းပွဲမှာလည်း သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာလည်း တရုတ်ကို အားပြိုင်ဖို့အတွက် မြန်မာကို အသုံးချတယ်ဆိုပြီးတော့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုတာတွေရှိတော့ Burma Act နဲ့ ပတ်သက်ရင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ အနေအထား အဲဒီအပိုင်းကို ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ ဒီ Burma Act ထွက်လာတာက Overseas မြန်မာတွေရဲ့ တိုက်တွန်းမှုကြောင့်။ ယူအက်စ်မှာရှိတဲ့ မြန်မာနွှယ်ဖွားတွေရဲ့ ဆန္ဒကြောင့်မို့ ဒီ ဥပဒေက ထွက်လာတာဆိုတော့ - အဲဒါက ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေက လိုလားလို့။ Burma Act က အမေရိကန်က ထွက်လာပေမဲ့ အဲဒီဥစ္စာက ပြည်တွင်းက ပြည်သူပြည်သားတွေ လိုလားလို့ ထွက်လာတဲ့ ဥပဒေတခုလို့ ပြောလို့ရတယ်။ တရုတ်အနေနဲ့ သူကကြတော့ အမြဲတမ်း လိုက်ပြီးတော့ စုဖွဲ့လုပ်နေတာ အစကတည်းက လုပ်နေတယ်။ သူတို့လုပ်နေတဲ့ လုပ်နည်းလုပ်ဟန်တွေက မြန်မာပြည်သူတွေ အများဆုံးရဲ့ လိုလားတဲ့ဥစ္စာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဆိုတော့ ဘယ်သူက ဒီဥစ္စာကို အသုံးချနေတာလဲ။ တရုတ်က အသုံးချနေတာ။ နောက် ပြန်ပြီးတော့ကြည့်လိုက် သူတို့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဘယ်လောက် မြန်မာနိုင်ငံမှာရှိတဲ့ သယံဇာတတွေကို သူတို့ တူးသွားပြီးတော့ အဲဒါတွေနဲ့ ပတ်သက်နေတဲ့ ပျက်ဆီးသွားတဲ့ သဘာဝဘေးအန္တရာယ်တွေဆိုလည်း သူတို့ လုပ်သွားတာ။ ယူအက်စ်က လုပ်သွားတာ မဟုတ်ဘူး။ ဆိုတော့ အဲဒီလိုပြောတဲ့ဟာကို ကျမ လုံးဝလက်မခံဘူး။ နောက်ပြီးတော့ ယူအက်စ်ရဲ့ ပေါ်လစီက များသောအားဖြင့် အာဆီယံကို အဓိကထားပြီးတော့ ပူးတွဲပြီးတော့ လုပ်နေတာ။ Multilateral - တကိုယ်တည်း တနိုင်ငံတည်း လုပ်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ Burma Act နဲ့ ပတ်သက်ပြီးတော့ Burma Act က ပြည်သူလူထု လိုလားချက်ကြောင့် မြန်မာ Diaspora တွေက ဒီဥပဒေကို lobby လုပ်ပြီးတော့ တောင်းဆိုလို့ ဒီဥပဒေ ထွက်လာတာ။ ပြည်သူလူထုရဲ့ လိုလားချက်။ ပြည်သူလူထုကို ကိုယ်စားပြုသွားတယ်။

မေး ။ ။ ဒေါ်မီမီဝင်းဘတ် ပြောသွားတဲ့ထဲမှာ အခုတာဝန်ယူတော့မယ့် ရွေးကောက်ခံသမ္မတ ‌ဒေါ်နယ်ထရန့် အစိုးရလက်ထက်မှာ၊ နောက် Republican တွေ ကြီးစိုးထားတဲ့ လွှတ်တော်အသစ်မှာဆိုရင် Burma Act နဲ့ ပတ်သက်ပြီး ပိုပြီးတော့ လုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်ဆိုပြီး မျှော်လင့်ထားတဲ့အပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ထိထိရောက်ရောက် အရေးတကြီး ဆောင်ရွက်သင့်တဲ့အရာတွေ၊ နောက်ပြီးတော့ အားနည်းနေတဲ့နေရာတွေမှာ ပိုပြီးတော့ ထိရောက်အောင် ဆောင်ရွက်သင့်တာတွေ ဘယ်လို နေရာတွေလဲလို့ မြင်ပါလဲရှင့်။

ဖြေ ။ ။ ကျမအနေနဲ့ပေါ့နော် မြေပြင်က လူတွေကတော့ ပြောနေတာပေါ့ Burma Act နဲ့ ပတ်သက်ပြီးတော့ လက်တွေ့လုပ်တဲ့အခါမှာ တော်တော်များများ Training တွေ ပေးကြတာတွေ ရှိတယ်။ သူတို့တွေက ပြောနေတယ် − အခု Training တော့ သိပ်မလိုတော့ဘူး။ သူတို့ တကယ်လိုအပ်တာကပစ္စည်းကိရိယာ အထောက်အပံ့တွေ (Material Support) ပေါ့နော်။ ဆက်သွယ်ရေးပစ္စည်းကိရိယာ (Communication equipment) က အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီ လူသားချင်စာနာမှု ကူညီထောက်ပံ့ရေးတွေ (Delivery Humanitarian Aid) တွေဘာတွေ လုပ်တဲ့အခါမှာ အဲ့ဥစ္စာတွေကို Communication လုပ်ပြီးတော့ တယောက်နဲ့တယောက် ဆက်စပ်လို့ လိုအပ်တယ်။ နောက်ပြီးတော့ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးစနစ် (Early Warning System) လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် စစ်တပ်က အရမ်းပဲ လေကြောင်းတိုက်ခိုက်မှု (Airstrike၀ တွေ သုံးတယ်။ Airstrike တွေကို Early Warning System ရမယ်ဆိုရင် အဲ့ဒါမျိုးပေါ့နော်။ နောက်ပြီးတော့ ထောက်လှမ်းရေး (Detection) ပစ္စည်းကိရိယာတွေ အဲ့ဒါမျိုးတွေဆိုရင် ပိုပြီးတော့ အသုံးဝင်လိမ့်မယ်လို့ မြေပြင်က လူတွေက ပြောနေတယ်။ အဲဒါမျိုးတွေကို ပိုပြီးတော့ အလေးထားနိုင်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်။ Burma Act က ပိုပြီးတော့ ထိရောက်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ Burma Act ရဲ့ အရေးကြီးဆုံးက ကျမအတွက်ကတော့ တန်ဖိုးအရှိဆုံး အချက်အလက်တခုက ပိုက်ဆံနဲ့ မဆိုင်ဘူး။ အဲဒါ ဘာနဲ့ဆိုင်လဲဆိုတော့ သူတို့က EAO တွေကို Ethnic Armed Organizations တွေကို အတည်ပြုလိုက်တယ်။ အသိအမှတ် (Recognize) လုပ်လိုက်တယ်။ အဲဒီဟာက တန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တခုလို့ ကျမ ပြောချင်တယ်။ အရင်တုန်းက တခါမှ EAO တွေကို လုပ်ထားတာ အသိအမှတ်ပြုထားတာ မရှိဘူး။ ဒီ Burma Act က အတည်ပြုလိုက်တယ်ဆိုတော့ သူတို့ရဲ့ Profile က မြင့်လာတယ်။ မြင့်လာတဲ့အတွက်ကြောင့်မို့လည်း ဖက်ဒရယ် ဒီမိုကရေစီမှာ စေ့စပ်ဆွေးနွေးတဲ့ Negotiatate လုပ်တဲ့အခါမှာ သူတို့ရဲ့ Profile က ပိုတက်မယ်။ ဆွေးနွေးရေး လုပ်တဲ့အခါ နည်းနည်းပိုတက်လာမယ်။ အရမ်းတန်ဖိုးရှိတယ်လို့ ကျမ ထင်ပါတယ်။

မအင်ကြင်းနိုင် ။ ။ အခုလို မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဖြေ။ ။ ကျေးဇူးပါ။

Forum

XS
SM
MD
LG