ထိုင်းမြန်မာနယ်ခြား အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေတွေမှာ လုပ်ငန်းတွေလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိတာ မဟုတ်ဘဲ၊ တဖက်နိုင်ငံကတဆင့် ရယူနေတာ ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံနယ်စပ်နဲ့ ကပ်လျက်ရှိနေတဲ့ ဒေသတွေ ဖြစ်ပေမဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဘယ်နိုင်ငံဆိုပြီး တရားဝင်ထုတ်ဖေါ်ရေးသားထားတာတော့ မတွေ့ရပါဘူး။
ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေဟာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အပြည့်အဝ စိုးမိုးဖို့ အခက်အခဲနဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတာကိုလည်း စစ်ကောင်စီက ဝန်ခံထားပါတယ်။/ဒီနယ်မြေမှာ ရှိတဲ့ အခြေခံအဆောက်အဦးတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အများစုဟာ ပြည်ပ အဖွဲ့အစည်းတွေက လာရောက် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်တဲ့အကြောင်းလည်း သတင်းစာမှာ ဖေါ်ပြပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တရုတ်နိုင်ငံသား ၅၃၀၀၀ ကျော် အပါအဝင် အွန်လိုင်ငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ခိုင်းစေခံရတဲ့ လူ ၅၅၀၀၀ ကျော်ကို ကယ်တင်ပြီး နေရပ်ပြန်ပို့နိုင်ခဲ့တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ ခိုင်းစေခံရပြီး ပျောက်ဆုံးနေသူတွေကို ရှာပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၃၈ နိုင်ငံက အကူအညီတောင်းခဲ့ပြီး အခုအချိန်အထိ လူ ၃၀၀၀ နီးပါးကို ရှာဖွေနေဆဲ ဖြစ်တဲ့အကြောင်းလည်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရွှေကုက္ကိုလ်နဲ့ KK Park လျှပ်စစ်နဲ့ အင်တာနက်ပေးမှု စစ်ကောင်စီဝေဖန်

Forum