မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေမှာ လှည့်ဖျားခိုင်းစေခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂ ယောက်ကို နေရပ် ပြန်ပို့လိုက်တဲ့ အကြောင်း ဒီနေ့ထုတ် ဂျာကာတာပို့စ် သတင်းစာမှာ ဖေါ်ပြပါတယ်။ မြန်မာနယ်ခြား မြဝတီမြို့ အနီးက ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံခဲ့ရပြီး ထိုင်းနိုင်ငံရဲ့ အကူအညီနဲ့ မနေ့က အင်ဒိုနီးရှားနိုင်ငံ Banten ပြည်နယ် Tangerang မြို့လေဆိပ်ကို ပြန်ပို့လိုက်တာလို့ သတင်းစာမှာ ဖေါ်ပြပါတယ်။
မနေ့ကပဲ မြန်မာနယ်ခြားကို ဖြတ်ပြီး ထွက်ပြေးလာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ယောက်ကို ထိုင်းနိုင်ငံ မဲဆောက်ခရိုင်၊ တာဆိုင်လွတ်ကျေးရွာအနီးမှာ ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသား ၃၀ နဲ့ အမျိုးသမီး နှစ်ယောက်ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ ကက်စီနို လောင်းကစားရုံတွေမှာ အလုပ်လုပ်ခဲ့ရသူတွေလို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၂၀၂၄ အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ ဒွန်မောင်းလေဆိပ်ကို ဝင်ရောက်လာခဲ့ကြသူတွေဖြစ်ပြီး ဘန်ကောက်ကတဆင့် မြန်မာ နယ်စပ် မဲဆောက်ကို သွားခဲ့ကြတာလို့ ထိုင်းရဲတွေက ပြောပါတယ်။ မြန်မာနယ်စပ်မှာ အွန်လိုင်းငွေကြေး လိမ်လည်တဲ့နေရာတွေ၊ တရားမဝင် စီးပွားရေး လုပ်ငန်းတွေကို စတင် နှိမ်နှင်းလာတဲ့အတွက် ဒီ လုပ်ငန်းတွေမှာ ဆက်အလုပ်မလုပ်ချင်တော့ဘဲ နယ်စပ်ကို ဖြတ်ပြန်လာတာလို့လည်း ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ရေးပါတယ်။
Forum