ထိုင်းမြန်မာနယ်စပ် မဲဆောက်ဘက်မှာ Rajmanu Task Forceနယ်ခြားစောင့်နဲ့ မဲဆောက်မြို့ ရဲစခန်းက တာဝန်ရှိသူတွေ လ၀ကရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေဟာ မဲဆောက်ခရိုင်၊ တာဆိုင်လွတ်ကျေးရွာ အမှတ် (၇)၊ ဘန်ဝမ်တာခန်မှာ မြန်မာဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီးဝင်လာကြတဲ့ အင်ဒိုနိုင်ငံသား ၃၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။သူတို့ဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာအလုပ်လုပ်ပြီးလာခဲ့ကြသူတွေဆိုတာကို စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်မှာ Rajmanu Task Forceနယ်ခြားစောင့်က မြန်မာဘက်ကအွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာရောင်းစားခံရသူတွေရှိတဲ့အတွက် နယ်ခြားလုံခြုံရေးကို တင်းကြပ်စွာစစ်ဆေးနေစဉ်မှာပဲ မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာအလုပ်လုပ်ပြီး ပြန်လာကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား၃၀နဲ့အမျိုးသမီး ၂ဦးကို ဇန်နဝါရီလ ၁၉ရက်ေန့မှာ ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ် ။
ရာဂျာမနူ Task Force (Rajmanu Task Force) နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ (လဝက) နဲ့ နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေ၊ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဖမ်းဆီးလိုက်တဲ့အင်ဒိုနီးရှားနိုင်ငံသားတွေဟာ တရားဝင်နိုင်ငံကူး စာအုပ်တွေကိုင်ဆောင်ထားတာမတွေ့ရပဲ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာကြတာဖြစ်တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလိုအာရှနိုင်ငံသားတွေဖမ်းဆီးလိုက်တာဟာ ထိုင်းဘက်ကလုံခြုံရေးမြှင့်တင်အပြီးမှာပထမ ဆုံးအကြိမ် ဖမ်းမိတာဖြစ်ပါတယ်။ ဖမ်းမိတဲ့အင်ဒိုနိုင်ငံသားတွေဟာ မြန်မာနိုင်ငံ မြဝတီ ဘက်ကတရားမဝင် အွန်လိုင်း Call Centerနဲ့ ကာစီနို လောင်းကစားရုံတွေတွေမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး သူတို့ကတော့ အဲဒီအလုပ်တွေကို ဆက်လက်မလုပ်လိုတော့တာကြောင့်အခုလို နယ်စပ်တရားမဝင်လမ်းကနေ ပြန်လာကြတာလို့လည်းဆိုပါတယ်။ သူတို့ဖျားယောင်းသွေးဆောင်ခံရသလားဆိုတာကိုတော့အသေးစိတ်ထုတ်ဖော်တာမရှိသေးပါဘူး။
တာ့ခ်ခရိုင်၊ မဲဆောက်လဝက ရဲမှူး Col. Bowonphop Sunthorarekha က အခုဖမ်းမိတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းမှာ ထိုင်းနိုင်ငံကို လေကြောင်းခရီးနဲ့ ဒွန်မောင်းလေဆိပ်ကို ဝင်ရောက်လာခဲ့ကြသူတွေဖြစ်ပြီး ဘန်ကောက်ကတဆင့် မြန်မာ နယ်စပ် မဲဆောက်ကိုလာရောက်လာဖြစ်သလို အဲဒီကနေတဆင့် မြန်မာဘက်ကိုဝင်ရောက်သွားခဲ့ကြတာဖြစ်ကြောင်း စစ်ဆေးတွေရှိရတယ်လို့ပြောပါတယ်။ သူတိုဟာ ဘယ်သူတွေက ဆက်သွယ်ခေါ်ဆောင်လာတယ်ဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့လည်း ထိုင်းဘာသာနဲ့ပြောသွားခဲ့ပါတယ်။
ဖမ်းမိတဲ့သူတွေကို ဆက်လက်စစ်ဆေးနေပြီး ဥပဒေကအရေးယူသွားမယ်လို့လည်းထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ဖမ်းဆီးခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်းနဲ့ပတ်သက်ပြီး သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ထိုင်းဘက်ကနယ်စပ်ကို လုံခြုံရေးတင်းကြပ်တာ၊ ကင်းလှည့်တာ၊ နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကို သံဆူးကြိုးတွေကာရံတာတွေအပြင် ကျားဖြန့်လိမ်လည်ဂိုဏ်းတွေရဲ့ ဖျားယောင်းတာမခံရအောင် သတိပေးဆိုင်းဘုတ်တွေကိုနယ်စပ်နေရာအနှံ့မှာ ကြော်ညာခဲ့ပါတယ်။ နယ်စပ်တရားမဝင်လမ်းတွေကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့တဲ့အတွက်အခုလိုအင်ဒိုနီးရှားနိုင်ငံသားတွေဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
အခုလိုတင်းကြပ်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ မဲဆောက်မြို့အဝင်က "ဟွေဟင်ဖွန်" စစ်ဆေးရေးဂိတ်ကနေ မဲဆောက်ကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား အရေအတွက် လျော့နည်းသွားတယ်လို့လည်း လ၀ကရဲမှူးကြီးက ပြောပါတယ်။
နယ်စပ်ကနေတဆင့်မြန်မာဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကဖျားယောင်းလိမ်လည်ခံရတဲ့ နိုင်ငံခြားသားတွေကို ကြားဖြတ်ဟန့်တားတွေလုပ်ပြီး ဆောင်ရွက်နေတာလို့လည်းဆိုပါတယ်။ ထိုင်းမြန်မာလူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်စပ်ချစ်ကြည်ရေးတံတား ၁ နဲ့ ၂တွေမှာ ၂၀၂၃ခုနှစ် ဇွန်လကစပြီး မြန်မာနဲ့ ထိုင်းကလွဲ ပြီးတခြားနိုင်ငံခြားသားတွေကို မြန်မာဘက်ကဝင်ထွက်ခွင့်ရပ်ဆိုင်းထားတယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ဒီအတွက်နိုင်ငံခြားသားတွေအနေနဲ့ တရားမဝင်လမ်းကြောင်းတွေကနေ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ကို သွားရောက်ခဲ့တာဖြစ်တယ်လို့လည်း ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
Forum