ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်ထားတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကဖမ်းဆီးပြီး အဓမ္မခိုင်းစေခံနေရတဲ့ ဟောင်ကောင်ဒေသခံတွေကို ကယ်တင်နိုင်ဖို့အတွက် လာရောက်ဆွေးနွေးတဲ့ ဟောင် ကောင်ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းရဲချုပ် ထပ်ချိုင်း ပတ်ထနီလာဘတ် (Pol. Gen. Thachatchai Pitaneelabut ) က ဒီနေ့တွေ့ဆုံဆွေးနွေးပါတယ်။ နိုင်ငံစုံက ပြည်သူတွေကို အန္တရာယ်ပေးနေတဲ့ လူကုန်ကူး ဂိုဏ်းနဲ့ Call Center ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြ တယ်လို့ ထိုင်းရဲချုပ်ကပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ထိုင်ဝမ်ကချေသည်တဦးဟာလည်း ထိုင်း-မြန်မာ နယ်စပ် က လူကုန်ကူးတဲ့ဂိုဏ်းကနေ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြ၀တီခရိုင်အတွင်းက ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ တရုတ် သရုပ်ဆောင် ဝမ်ရှင်းရဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံကိုလာလည်ရင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားတဲ့ တရုတ်အမျိုးသမီးနှစ်ယောက်ကို ထိုင်းရဲကရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက် ကြောင်း ထိုင် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Thatchai Peetaneelabut က ဆိုပါတယ်။ အဲဒီနောက်မှာ ထိုင်ဝမ်းကချေတဦးလည်း လူကုန်ကူးသူ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေထံရောက်ပြီး နှိတ်စက်ခံ ထားရတဲ့ ဒဏ်ရာတွေနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် အကသမား Hsieh Yueh-peng ဇန်နဝါရီလ ၁၄ ရက်နေမှာနေရပ်ပြန်ခဲ့ကြေင်း ထိုင်းသတင်းတွေမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာတော့ မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူအားလုံးလွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံ လုံခြုံရေးအာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ ဟောင်ကောင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့လာရောက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ထိုင်းနိုင်ငံက တရုတ်သံရုံးအာဏာပိုင်တွေ၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာ စုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စတွေအတွက် အကူညီပေးဖို့လာခဲ့ကြတာပါ။
ထိုင်းနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး Call Center လိမ်လည် ဂိုဏ်းတွေကို နှိမ်နင်းဖို့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် မစ္စတာ Michael Chuak က ဇန်နဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေး ခဲ့ပါတယ်။
ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဖုန်ထန် ဝေ့ချရချိုင်း (Mr. Phumtham Wechayachai) က ထိုင်းဘာသာစကားနဲ့ အခုလို ပြောပါတယ်။
“အခုချိန်မှာ ထိုင်း-မြန်မာနယ်စပ်က ရာဇဝတ်မှုတွေဖြစ်တဲ့ မူးယစ်ကုန်ကူးမှုတွေကို တိုးမြှင့်နှိမ်နင်းဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး ရာဇဝတ်မှုတွေ ခြောက်လအတွင်းမှာ လျော့ကျမသွားဘူး ဆိုရင် ထိုင်းအစိုးရအာဏာပိုင်တွေ၊ ဝန်ထမ်းတွေအကြား အလုပ်ပြောင်းရွှေ့တာအပြင် အလုပ်ဖြုတ်ပစ်တဲ့ အထိ အရေးယူလုပ်ဆောင်ပြီး ထိုင်းနိုင်ငံဘက်ကအပြောင်းအလဲ လုပ်သွားမယ်။”
ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး ဟောင်ကောင်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှဒေသတွေအတွင်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ဖြားယောင်းသွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဟောင်ကောင်ဥပဒေစိုးမိုးရေးအေဂျင်စီတွေကတော့ သူတို့အနေနဲ့ လိမ်လည်ဂိုဏ်းတွေရဲ့ရောက်သွားကြတဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ မိသားစုဝင်တွေဆီက အကူအညီတောင်းခံ မှု ၂၈ ခုလက်ခံရရှိခဲ့ပြီး အဲဒီထဲက ၁၆ ယောက်ကတော့ ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ ပြောပါတယ်။ ကျန်တဲ့ ၁၂ ယောက် အမှုကတော့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထိန်းချုပ်ထားခံရတယ်လို့ ဟောင်ကောင်လုံခြုံရေးဗျူရိုက ပြောပေမဲ့ သူတို့ဟာ ဘေးကင်းလုံခြုံပြီးမိသားစုတွေကို ဆက်သွယ်နိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က အခုလိုကိစ္စတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကိုထိခိုက်စေပြီး အစိုးရအနေနဲ့ တရုတ်နဲ့ နိုင်ငံတကာခရီးသွားတွေအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ပေးအပ်တဲ့Golden Melody Awards ဆုရဲ့ "Best Male Mandarin Singer" ခေါင်းစဉ်အောက် ဆန်ခါတင်စာရင်း ၉ ဆုနဲ့အများဆုံး စံချိန်တင်ထားသလို ဆု ၃ ဆုရရှိထားသူ ဟောင်ကောင်အဆိုတော် အီဆန်ချန်းရဲ့ ဘန်ကောက်ဖျော်ဖြေပွဲခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ အီဆန်ချန်း ဟာ ကန်တုံနဲ့ မန်ဒရင်းပေါ့ပ် ၂ မျိုးစလုံးနဲ့အကျော်ကြားဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ လာရောက်ဖျော်ဖြေမယ့်ခရီးစဉ်အတွင်း တရုတ်နိုင်ငံသားအများအပြား လာရောက်ကြည့်ရှုဖို့ စီစဉ်ထားတာပါ။
ထိုင်းနိုင်ငံကိုလာတဲ့ တရုတ်အပါအဝင် နိုင်ငံခြားသားခရီးသွားတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် ရောင်းစားခံရပြီးတဲ့နောက် တရုတ်နိုင်ငံသားတွေအများအပြားဟာ ထိုင်းကိုလည်ပတ်မဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ကြပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ သန်းနဲ့ချီရှိတဲ့ တရုတ် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်မှုတွေ ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ခရီးသွားအေဂျင်စီတွေက သုံးသပ်ကြပါတယ်ရှင်။
Forum