သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေ ဖမ်းဆီးခိုင်းစေခံရသူတွေထဲ ဂျပန်နိုင်ငံသား ၆ ယောက် ပါဝင်


မြန်မာနိုင်ငံဘက်ခြမ်း DKBA ကရင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
မြန်မာနိုင်ငံဘက်ခြမ်း DKBA ကရင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်အနီးက ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေကို အဓိကလုပ် ကိုင်နေတဲ့ နေရာမှာ ဂျပန်နိုင်ငံသား ၆ ဦးအပါအဝင် အများအပြား ဖမ်းဆီးခိုင်းစေခံထားရတယ်လို့ လူကုန်ကူးခံရသူတွေအရေး ဆောင်ရွက်နေတဲ့ ထိုင်း အရပ်ဖက်အဖွဲ့အစည်းတခုက ထုတ်ပြန်ကြောင်း ဂျပန်သတင်းစာတစောင်ဖြစ်တဲ့ The Asia Simbun က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာရေးသားဖေါ်ပြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသားတွေဟာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးဖြစ်ပြီး နိုင်ငံကူး လက်မှတ်တွေ သိမ်းဆည်းခံထားရတဲ့အတွက် သူတို့ကိုကယ်ထုတ်ဖို့ အခက်အခဲဖြစ်နေနိုင်တယ်လို့ The Civil Society Network for Victim Assistance in Human Trafficking အဖွဲ့ရဲ့ ဇန္နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖေါ်ပြ ထားပါတယ်။ အစီရင်ခံဖေါ်ပြချက်ကို အတည်ပြု နိုင်ဖို့ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ဆက်သွယ်လုပ်ဆောင်နေပြီး ဟုတ်မှန်ပါက ဂျပန်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဂျပန်အစိုးရအကြီးအကဲဝန်ကြီး Yoshimasa Hayashi က တိုကျိုမှာ ဇန္နဝါရီလ ၁၄ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းကကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာ အနည်းဆုံးနိုင်ငံပေါင်း ၂၁ နိုင်ငံက လူ ပေါင်း ၆,၀၀၀ လောက်ဖမ်းဆီးစေခိုင်းခံထားရတယ်လို့ယုံကြည်ရကြောင်း ထိုင်း အရပ်ဖက် အဖွဲ့ အစည်းရဲ့ အစီရင်ခံစာမှာဖေါ်ပြထား ပါတယ်။ အဲဒိအထဲမှာ တရုတ်နိုင်ငံသား သုံးထောင့်ကိုးရာ (၃,၉၀၀) လောက်ပါဝင်တယ်လို့လည်းဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်း ဘယ်နေရာလို့ အတိအကျဖေါ်ပြထားခြင်းတော့မရှိပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲတုန်းကတော့ စောချစ်သူဦးဆောင်တဲ့ BGF တဖြစ်လဲ KNA တပ်ဖွဲ့တွေထိန်းချုပ် ရာ ရွှေကုက္ကိုဒေသက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးခိုင်းစေခံထားရတဲ့ တရုတ်နိုင်ငံသား၊ ထိုင်းနိုင်ငံသား၊ ဖိလစ်ပိုင်နိုင်ငံသားတွေအပါဝင် အတော်များများကို ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာစောင့်ကြည့်အရေးအဖွဲ့တွေကလည်း ရွှေကုက္ကိုဒေသမှာ ကျားဖြန့်အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုလုပ်ငန်းတွေ လုပ်ဆောင်နေ ကြောင်း စွပ်စွဲဖေါ်ပြထားပါတယ်။ အဲဒိဒေသတွေအတွင်း တရုတ်ကုမ္ပဏီတချို့ဟာလည်း လောင်းကစားလုပ်ငန်းတွေလုပ်ကိုင်နေ တယ်လို့ သတင်းတွေမှာဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG