အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲတရပ် ကြာသပတေးနေ့က ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းသွားတာပါ။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ကြားက ရွေးကောက်ပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာကို အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ကြာသပတေးနေ့က ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အပြည့်စုံကို မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။
တနေ့တခြား ဆိုးရွားလာနေတဲ့ မြန်မာပြည်တွင်း အခြေအနေတွေကို ထောက်ပြပြီး မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အတွက် စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံ တိုက်တွန်း ပြောဆိုသွားခဲ့တာပါ။
“မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျနော် ထပ်မံ တောင်းဆိုချင်ပါတယ်။ စစ်ကောင်စီ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံပါနဲ့။ စစ်ကောင်စီ လက်ထဲ လက်နက်တွေ မရရှိအောင် ပိတ်ပင်တားဆီးပေးပါ။ လေယာဥ်ဆီနဲ့ အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေ စစ်ကောင်စီထံမရောက်အောင် တားမြစ်ပေးပါ။”
ဇန်နဝါရီလ ၃၀၊ ကြာသပတေးနေ့က ဗြိတိန်နိုင်ငံ ဦးဆောင်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် James Kariuki နဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချမှတ်ထားတာရှိပေမဲ့ ထိရောက်တဲ့ လက်တွေ့ အကောင်အထည် ဖော်မှု မရှိတဲ့အပေါ်မှာ မြန်မာပြည်သူတွေက အထူး စိတ်ပျက်နေကြတယ် ဆိုတာကိုလည်း သံအမတ်ကြီးက ပြောဆိုသွားပါတယ်။
အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလအတွင်း မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် James Kariuki က ပြောပါတယ်။
“အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း အရပ်သား ၆,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဒီလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားမယ့်ပုံလည်း မတွေ့ရပါဘူး။ လေကြောင်း တိုက်ခိုက်မှုတွေဟာလည်း ၂၀၂၁ ခုနှစ်ကထက် ကြိမ်ရေအားဖြင့် ၂၅ ဆလောက် ပိုများလာပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲမှာ အရပ်သားတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေ ပါ ပါတယ်။ အလားတူ မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲပစ္စည်းတွေနဲ့ တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေဟာလည်း အရင်နှစ်တွေကထက် သိသိသာသာ ပိုများလာပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်တဲ့အချိန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေတာကို ထောက်ပြပြီး ဒီလို အခြေအနေအောက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြိုးပမ်းနေတာကို အထူး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း ကြာသပတေးနေ့က ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အခြေအနေမှာ ရှိမနေဘူးလို့ အတွင်းရေးမှူးချုပ်က ပြောဆိုတာကို အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ဖြစ်နေတာတွေ အပါအဝင် ပဋိပက္ခတွေ ဆိုးရွားနေချိန်တဲ့အချိန်၊ ပြည်သူတွေ ဘေးကင်း လုံခြုံမှု မရှိတာ အပါအဝင် နိုင်ငံသား အခွင့်အရေးတွေကို လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်း ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခြေအနေတွေ မရှိပါဘဲ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ စစ်ကောင်စီက ပြောနေတာနဲ့ ပတ်သက်လို့လည်း အတွင်းရေးမှူးချုပ်က စိုးရိမ်တဲ့အကြောင်း ထပ်မံ ပြောဆိုပါတယ်။”
မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစား လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းတဲ့အကြောင်းလည်း ပြောခွင့်ရ Dujarric က ပြောပါတယ်။
“အကြမ်းဖက်မှု ပုံစံအားလုံးကို အတွင်းရေးမှူးချုပ်က ရှုတ်ချပါတယ်။ ပဋိပက္ခမှာ ပါဝင် ပတ်သက်နေသူတွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာပြီး လူမှုအသိုင်းအဝိုင်း တခုနဲ့တခုအကြား တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးမလာအောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။”
အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုမို ဆိုးရွားလာခဲ့တာမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူပေါင်း ၁၉.၉ သန်းအထိ တိုးလာခဲ့ပြီး ဒါဟာ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတပုံကျော် ပမာဏ ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ စာနာမှု အကူအညီလိုအပ်သူ ၁ သန်းလောက်သာ ရှိခဲ့ရာက အခု သန်း ၂၀ နီးပါးအထိ ဖြစ်လာတာလို့လည်း နှိုင်းယှဥ် ထောက်ပြပါတယ်။ ဒီလိုလူတွေအတွက် စာနာမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို မကန့်သတ်ဖို့ တောင်းဆိုကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Dujarric က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့အချိန် လုံခြုံရေးကောင်စီမှာ ဗြိတိန်နိုင်ငံဦးဆောင်ပြီး ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် လက်ထောက် အမြဲတမ်းကိုယ်စားလှယ် James Kariuki နဲ့အတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop လည်း တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရပါဘူးရှင်။
Forum