မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာ ၄ နှစ်တာကာလအတွင်း အသတ်ဖြတ်ခံရမှုဟာ ၂၀၂၄ ခုနှစ်အတွက် မကြုံစဖူး များနေတာ တွေ့ရတယ်လို့ ဂျနီဗာ ကုလ လူ့အခွင့်ရေးရုံးက သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျနီဗာရုံးပြောခွင့်ရ Jeremy Laurence က ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်ပြီး ကုလရုံးရဲ့ ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း မယုံနိုင်စရာ သတ်ဖြတ်မှုနဲ့ ကြုံနေရသလို ပြည်တွင်းက အရပ်သားတွေရဲ့ အခြေအနေဟာ တနေ့တခြား ဆိုးဝါးလာနေတယ်လို့ပြောပါတယ်။
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ စာရင်းအရ အမျိုးသမီး ၅၀၀ ကျော်၊ ကလေးငယ် ၂၅၀ နီးပါး အပါအဝင် လူပေါင်း ၁,၈၀၀ ထက်မနည်း အသတ်ဖြတ်ခံရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်တာ အတွင်း အရပ်သား သေဆုံးရမှု ၆,၂၀၀ ကျော် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်တာ ရှိနေသလို၊ လူပေါင်း ၃ သန်းခွဲလောက် အိုးအိမ်ပြောင်းရွှေ့နေရပြီး၊ စစ်တပ်ဟာ အရပ်သားတွေအပေါ် ခေါင်းဖြတ်တာ၊ နှိပ်စက်တာ၊ လူသားဒိုင်းသဖွယ် သုံးတာ၊ မီးရှို့တာလို ပြစ်ဒဏ်တွေအတွက်လည်း ကင်းလွတ်ခွင့်တွေ ရနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
ကုလ လူ့အခွင့်ရေးရုံးရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ James Rodehaver ကလည်း စစ်ကောင်စီက အထူးသဖြင့် တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတွေနဲ့ နိုင်ငံ့နေရာ အများအပြားမှာ ပြည်သူတွေ လိုအပ်တဲ့ လူသားစာနာမှု အကူအညီပေးရေးအတွက် ကန့်သတ်မှုတွေ ဆက်ချထားတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုဆိုးအောင် ဖန်တီးတဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။
၂၀၂၃ အောက်တိုဘာလ ကုန်လောက်က စလို့၊ စစ်ကောင်စီဟာ နယ်မြေထိန်းချုပ်မှု လျော့ပါးလာခဲ့ပြီး ၂၅ ကနေ ၃၅ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်တော့တယ်လို့ ခန့်မှန်းမှုတွေ ထွက်လာသလို၊ တပ်အင်အား အများအပြား ချထားတဲ့ နေရာတွေမှာပဲ ကောင်းကောင်း ထိန်းချုပ်လာနိုင်တာကြောင့် လက်နက်ကြီးတွေအပေါ်သာ အားထားလာတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
Forum