သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ထိလို့ အနည်းဆုံးတဦး သေဆုံး


မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၃-၁၆၊ ၂၀၂၃)
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေတဲ့ယခင်မှတ်တမ်းဓာတ်ပုံ။ (မတ် ၁၃-၁၆၊ ၂၀၂၃)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကနေ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်လို့ မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဒေသခံအမျိုးသားတဦး သေဆုံးသွားတယ်လို့ လက်နက်ကိုင် တိုက်နေတဲ့ ဒေသတွင်း အဖွဲ့အစည်းက ပြောပါတယ်။ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏဆိုသလို ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ သေဆုံးတာတွေ ရှိနေပြီး ရွာထဲဝင် နေအိမ်မီးရှို့တာတွေလည်း ရှိနေတယ်လို့ အခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထား ပါတယ်။

မတ္တရာမြို့နယ် အနောက်ခြမ်း တုံကုန်းရွာကနေ ဇန်နဝါရီလ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အရင်ကလည်း အလားတူ ပစ်ခတ်တိုက်ခိုက်တာတွေ ကြုံခဲ့ရဖူး တယ်လို့ စစ်ကောင်စီကို တော်လှန်တိုက်နေတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ရဲဘော်တဦးက ပြောပါတယ်။

"မထင်ရင်မထင်သလို လှမ်းလှမ်းပစ်တာပဲ။ အဲဒီမှာမှ ပထမဦးဆုံးပစ်တုန်းကဆိုရင် သားမိသားဖ သုံးယောက်ပေါ် ကျတာ။ မိသားစုဝင်သုံးယောက်လုံးသေတယ်။ အဲဒီနောက်ပိုင်းမှာမှ စကျင်ရွာကိုပဲ ဦးတည်ပြီးပစ်တာ။ အခုလည်းပဲ အဲဒီလိုပစ်နေလို့ အဲဒီဘက်က ပြည်သူတွေကို စစ်ဘေးရှောင်ခိုင်းတယ်။ အဲဒီဘက်က ပြည်သူ တွေက မရှောင်ကြဘူး။ သူတို့ မရှောင်ချင်တဲ့အခါကျတော့ ကျနော်တို့ ဒီဘက်ကလည်း တအားကြီးဖိအားပေးလို့ မရဘူးလေ။ မရှောင်ကြတဲ့အခါကျတော့ အခုလိုမျိုးပဲ ထပ်ကျတာ။"

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ကလေးငယ်တဦး အပါအဝင် စကျင်ရွာဒေသခံ မိသားစုဝင်သုံးဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပြောပြပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဒေသခံတွေရဲ့ ပြောဆိုချက်ကို အခြေခံပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် စစ်ကောင်စီက မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

မတ္တရာအနောက်ခြမ်းမှာရှိတဲ့ ရွာတွေထဲက ဒေသခံနေအိမ်တွေလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး မကြခန မီးရှို့ခံနေရတယ်လို့ အခြေအနေစောင့်ကြည့်သူတွေက ပြောပါတယ်။ ဥဒိန်ရွာမှာဆိုရင် ဒီကနေ့အထိ ရွာထဲဝင် မီးရှို့ခံရတာ ၁၃ ကြိမ်ရှိပြီလို့ ဝက်လက် သတင်းအချက်အလက် ကွန်ရက်တာဝန်ခံတဦးက ပြောပါတယ်။

"ဥဒိန်မှာက ဒီနေ့နဲ့ဆို ၁၃ ကြိမ်ရှိပြီဗျ။ မနက်ခင်းက ဝင်ရှို့နေတာ။ တခြားရွာတွေက သူတို့ဝင်စီးထားတာပဲ ရှိတယ်။ ဒေသခံတွေက ရွာထဲပြန်မဝင်ဘူး။ တော်တော်များများ စစ်ဘေးရှောင်နေကြတယ်။ မတ္တရာမြို့နယ် အနောက်ခြမ်းကိုမှ တံငါးချောင်းဆိုတာ ရှိတယ်ဗျ။ အဲဒီချောင်းရဲ့ တောင်ဘက်ကို စစ်ဘေးရှောင်လာရတာဗျ။"

လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ရွာထဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်တဲ့ အခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေ ရှိသလို တချို့ဒေသခံတွေကတော့ ရွာထဲမှာပဲ ဆက်ပြီးရှိနေပါတယ်။ လက်နက်ကြီးသံ ကြားပြီဆိုရင် နောက်ထပ် သေနတ်သံပါလာတတ်တဲ့အကြောင်းလည်း ဝက်လက် သတင်းအချက်အလက် ကွန်ရက်တာဝန်ခံက ပြောပါတယ်။

"ဘောလုံးကွင်းမှာ သူတို့က အမြဲတမ်းရှိတယ်။ ဘောလုံးကွင်းတို့၊ ကြံ့ခိုင်ရေးရုံးတွေမှာ အမြဲတမ်းရှိတယ်။ တခါတလေကျရင် တဖက်ဘက်က တိုက်ပွဲဖြစ်လာရင် သူတို့က မတ္တရာဘောလုံးကွင်းကနေ ဟောင်ဝစ်ဇာတွေနဲ့ မစ်ဇိုင်းတွေနဲ့ အဲလိုမျိုးပစ်တာတော့ ရှိတယ်ဗျ။ ပြည်သူတွေကို အဓိကနားလည် သဘောပေါက်စေချင်တာက လက်နက်ကြီးနဲ့ ပစ်ပြီဆိုတာနဲ့ နောက်က သေနတ်သံက ပါပြီးသားဗျ။ အသံ နားထောင်စေချင်တယ်။ အတတ်နိုင်ဆုံး စကစနဲ့ အနီးဆုံးနေရာမှာ မနေကြဖို့ ပြောချင်ပါတယ်။"

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်တွေကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲပြင်းထန်ပြီး အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပါ တယ်။ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေထဲက ရွာသစ်၊ ဝန်စုနဲ့ ထိန်ပင်စောက်ကျေး ရွာတွေကို ပြန်လည်ပြီးသိမ်းပိုက် ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကတော့ မတ္တရာမြို့နယ် ဘောလုံးကွင်းထဲမှာ အထိုင်ချနေပြီး အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်တာအပြင် လက်နက်ကြီးနဲ့ မကြာခဏဆိုသလို ခြောက်လှန့်ပစ်ခတ် နေတဲ့အကြောင်း ဒေသအတွင်း အခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG