၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကို ကျင်းပရခြင်းဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အမေရိကန်အစိုးရက ကူညီ ပံ့ပိုးပေးနိုင်ရေးအတွက်ဖြစ်တတ်လို့ ညီလာခံကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မြို့တော် Indianapolis မှာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပတဲ့ ညီလာခံမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Elaisa Vahnie က အခုလို ရှင်းပြပါတယ်။
" အမေရိကန်ပြည်ထောင်စုရဲ့ ပံ့ပိုးမှုတွေကို ခုထက် ပိုရနိုင်အောင် နည်းဗျူဟာ မဟာဗျူဟာတွေ ပြန်ဆွဲပြီး တင်ပြတောင်းခံသွားနိုင်ဖို့ ဒီညီလာခံ လုပ်ရတာဖြစ်တယ်။ "
ဒီညီလာခံမှာ တက်ရောက်အမှာစကားပြောကြားခဲ့တဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ ကတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအကြား စည်းလုံးညီညွတ်ရေးကြဖို့လိုအပ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့တယ်လို့ ပြောပါတယ်။
" ဒီတော်လှန်ရေးဆင်နွှဲရာမှာ အခုဟာက ကျနော်တို့ဟာ ဘုံရန်သူကို အခြေခံပြီးမှ ပိုပြီးစည်းလုံးညီညွတ်လာကြတယ်။ ဘုံရန်သူ အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ရာမှာ စည်းလုံးညီညွတ်ခြင်း တည်ဆောက်လာနိုင်ကြတာကို တွေ့ရတယ်။ ဒီအဆင့်ကနေ ဘုံအနာဂတ်ပေါ် အခြေခံတဲ့ စည်းလုံးညီညွတ်ခြင်းကို ကျနော်တို့ တည်ဆောက်သွားဖို့ လိုပါတယ်။ "
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အခုလို မြန်မာ့အရေး ညီလာခံတွေ ကျင်းပခြင်းက အချင်းချင်းကြား စည်းလုံးညီညွတ်ရေးအတွက် အထောက်အကူပြုစေယုံမကဘဲ စည်းရုံးရေးအတွက်ပါ အကျိုးရှိစေမယ်လို့ယုံကြည်ကြောင်း ပြောပါတယ်။
" ဒီလို ညီလာခံတွေ လုပ်ခြင်းအားဖြင့် ပို focus လုပ်နိုင်မယ့်ဟာတွေ၊ ခု ကျနော်တို့ဆိုရင် အရမ်း အရေးကြီးတဲ့အချိန် ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အချင်းချင်းကြားမှာ ပိုပြီး unify ဖြစ်မယ့်ဥစ္စာတွေ ၊ ပိုပြီး united ဖြစ်နိုင်မယ့် ခေါင်းစဥ်တွေ လမ်းကြောင်းတွေနဲ့ ကျနော်တို့ သွားနိုင်မယ်ဆိုရင် တော်လှန်ရေးရဲ့ လက်ရှိရောက်နေတဲ့အနေအထားထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့မြင်တယ်။ ဒါကြောင့် ကျနော်ရဲ့ ပုဂ္ဂလိကအမြင်ကို ပြောရရင် ဒီလိုမျိုး ကွန်ဖရန့်စ်တွေက အရမ်းကို အရေးကြီးပါတယ်။ ဒီကနေတဆင့် ကျနော်တို့အချင်းချင်းကြား ပိုပြီးတော့ united ဖြစ်အောင် ၊ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်း ပိုတူအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ "
ဒီညီလာခံကနေ အနာဂတ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်တဲ့အခါမှာ အသုံးဝင်နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုစံနစ် အပါအဝင် အုပ်ချုပ်ရေးစံနစ်၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး စတဲ့ ကဏ္ဍစုံကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။
မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) အဖွဲ့က ဦးဆောင်ကျင်းပတဲ့ ဒီ ၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကိုတော့ အမေရိကန်မှာရှိနေကြတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီဥက္ကဌ ဦးအောင်ကြည်ညွန့် အပါအဝင် NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ NUCC ကိုယ်စားလှယ်တွေ၊ အမေရိကန်နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမေရိကန်မှာ ရှိနေကြတဲ့ တတ်သိပညာရှင်တွေ စုံစုံလင်လင် တက်ရောက်ကြတဲ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း အွန်လိုင်းကနေ အမှာစကား ပြောကြားခဲ့သလို အနယ်နယ် အရပ်ရပ်မှာ ရှိနေကြတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စိတ်ပါဝင်စားသူတွေလည်း အွန်လိုင်းကနေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အခါသမယနဲ့ တိုက်ဆိုင် ကျင်းပတဲ့ ဒီ ၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မြို့တော် Indianapolis မှာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပတာမှာ ပထမ ၂ ရက်ကို အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပြီး ဒုတိယ ၂ ရက်ကတော့ လူကိုယ်တိုင် ပါဝင်တက်ရောက်တဲ့ ညီလာခံဖြစ်ပါတယ်။
Forum