မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်ရည်ရွယ်တဲ့ ၄ ကြိမ်မြောက် Spring Flowers International Conference on Myanmar ကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ်မြို့တော် Indianapolis မှာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews တို့ အမှာစကား ပြောကြားဖို့ရှိသလို အမေရိကန်နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေလည်း တက်ရောက်ကြမယ်လို့ အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။
ဒီညီလာခံကနေ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန်းသစ်တဲ့အတွေးအခေါ်နဲ့ ဘုံရည်မှန်းချက်တွေ ပေါ်ထွက်လာပြီး မြန်မာ့အရေးမှာ ပါဝင်လုပ်ဆောင်နေသူတွေ အချင်းချင်းကြား ပိုမို ထိရောက်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ညီလာခံကို ဦးဆောင်ကျင်းပတဲ့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) အကြီးအကဲ Elaisa Vahnie က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့အခါသမယနဲ့အချိန်ကိုက်ပြီး ကျင်းပတဲ့ဒီညီလာခံကို ၂ ပိုင်းခွဲပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပထမပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေကတော့ အွန်လိုင်း သီးသန့် ကျင်းပမှာဖြစ်ပြီး ညီလာခံဒုတိယပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ကနေ ၁၅ ရက်နေ့အထိကတော့ တံခါးပိတ် စည်းဝေးပွဲတွေအပါအဝင် လူကိုယ်တိုင်တက်ရောက် ဆွေးနွေးကြမယ့် အစီအစဉ်ဖြစ်ပါတယ်။
ဒီညီလာခံကိုတော့ Indianapolis မြို့မှာရှိတဲ့ အင်ဒီယားနားတက္ကသိုလ် (Indiana University – Indianaplis Campus) ဝင်းအတွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Forum