အာဂျင်တီးနားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က လူနည်းစုရိုဟင်ဂျာတွေကို အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာနဲ့ စပ်လျဥ်းပြီးတော့ အာဂျင်တီးနားတရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လည်း ပါရှိနေတာပါ။
အင်္ဂါနေ့က ထုတ်ပြန်တဲ့ NUG သဘောထား ကြေညာချက်နဲ့ ပတ်သက်လို့ NUG ဒုတိယ နိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦးကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
အင်ကြင်းနိုင်။ ။ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကို NUG က ကြိုဆိုကြောင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ ဘာကြောင့်လဲရှင့်။
ဦးမိုးဇော်ဦး။ ။ ပထမဆုံးပြောချင်တာက ရိုဟင်ဂျာတွေရဲ့ သူတို့အပေါ် ကျူးလွန်ခံရတဲ့ အင်မတန်ဆိုးရွားတဲ့ ရာဇဝတ်မှုတွေပေါ့လေ၊ နည်းအမျိုးမျိုးနဲ့ ကျူးလွန်ခံရတဲ့ကိစ္စတွေ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ တရားမျှတမှုကို ရှာဖွေတဲ့ လုပ်ငန်းပေါ့၊ အထူးသဖြင့် နိုင်ငံတကာ တရားရုံးတွေမှာ တရားမျှတမှု ရှာဖွေတာကို ကျနော်တို့အနေနဲ့ အမြဲတမ်း ကြိုဆိုတယ်။ ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်။
သို့သော် အခု အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုပြီးတဲ့အခါကျတော့ ဖမ်းဝရမ်းထုတ်တဲ့ထဲမှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းနဲ့ သူ့ရဲ့ အပေါင်းအပါတွေ ပါကြတယ်ပေါ့၊ ဒါ ဖမ်းဝရမ်းထုတ်တာကို ကြိုဆိုတယ်။ ဒါပေမယ့် ဒီစာရင်းထဲမှာကိုပဲ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့ကိစ္စကျတော့ ဒါ ပြန်စဥ်းစားကြည့်မယ်ဆိုရင် အဲဒီအခြေအနေ ၂၀၁၇ တုန်းက လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးရဲ့ ဦးစီးပြီးတော့ ချုပ်ကိုင်ပြီးတော့ အမိန့်ပေးတဲ့သူဟာ ကာကွယ်ရေးဦးစီးချုပ်ပဲ၊ မင်းအောင်လှိုင်ပဲ။ ဒါက ၂၀၀၈ အခြေခံဥပဒေအရဆိုရင်။
အဲဒီတော့ မင်းအောင်လှိုင်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကပဲ အဓိကပေါ့၊ သူတို့ရဲ့ အပေါင်းအပါတွေကပဲ တာဝန်ရှိတာဖြစ်တယ်၊ သူတို့ကိုပဲ အဓိကထားပြီး တရားစွဲဆိုတာဖြစ်တယ်။ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ သမ္မတကြီး ဦးထင်ကျော်ရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ရင် ရေရှည်ပြေလည်ဖို့ကိစ္စနဲ့ပတ်သက်ပြီး အများကြီး ကြိုးပမ်းခဲ့တာရှိတယ်။ ဥပမာ - ကိုဖီ အာနန် ကော်မရှင်တို့ဘာတို့ ဖွဲ့စည်းပြီးတော့ ကြိုးပမ်းခဲ့တယ်။ ရေရှည်တည်တံ့နိုင်တဲ့ ဖြေရှင်းမှုမျိုးအတွက် ဆောင်ရွက်ခဲ့တာတွေရှိတယ်။
ဒါပေမဲ့ အခုချိန်မှာဆိုလို့ရှိရင် အားလုံးသိတဲ့အတိုင်းပဲ သမ္မတကြီး ဦးထင်ကျော်ဆိုလို့ရှိရင်လည်း ဘယ်လိုနေရလဲမသိဘူး၊ နေအိမ်အကျယ်ချုပ်ပဲ နေနေရသလား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆိုရင်လည်း အကျဥ်းထောင်ထဲမှာ။ ကျနော်ပြောချင်တာ သူတို့ကိုယ်တိုင် အခု ကျူးလွန်ခံရသူတွေ ဖြစ်နေတယ်။ ကျူးလွန်ခံရသူတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလူတွေကို တခါထပ်ပြီးတော့ ပြစ်မှုကျူးလွန်ပါတယ်ဆိုပြီးတော့ ဖမ်းဝရမ်းထုတ်တဲ့စာရင်းထဲမှာ ထည့်တာကတော့ ကျနော်တို့အနေနဲ့က ဘယ်လိုမှ လက်မခံနိုင်ဘူး။
ဒါ့ထက် ပိုအရေးကြီးတာက ဘာလဲဆိုတော့ ကျနော်တို့ အခု လက်ရှိအခြေအနေမှာဆိုရင် နွေဦးတော်လှန်ရေးပေါ့၊ နွေဦးတော်လှန်ရေး ဆိုတာကိုကပဲ တရားမျှတမှုတွေ၊ အမှန်တရားတွေ ဖော်ထုတ်နိုင်တဲ့ အခြေအနေတခုရောက်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီတော့ နွေဦးတော်လှန်ရေးအတွက် ညီညွတ်မှု အရေးကြီးတယ်။ ရိုဟင်ဂျာ ပြည်သူလူထုရော၊ တခြား ပြည်သူလူထုကြားထဲမှာ နားလည်မှုမလွဲဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နားလည်မှု လွဲမယ်ဆိုလို့ရှိရင် လူမှုသဟဇာတဖြစ်မှု Social Cohesion ပေါ့၊ ဒါကို အများကြီး ထိခိုက်မယ်။ ဒါကို ထိခိုက်တယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးကိုလည်း တနည်းအားဖြင့် ထိခိုက်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တော်လှန်ရေးကို ထိခိုက်မယ်ဆိုရင် စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် မလုပ်နိုင်တော့ဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
အင်ကြင်းနိုင်။ ။ တဘက်မှာကျတော့ အာဂျင်တီးနားတရားရုံးက အရပ်သားခေါင်းဆောင်တွေ ထည့်သွင်းခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေကို မေးကြည့်တဲ့အခါမှာ အာဂျင်တီးနား အစိုးရရှေ့နေ တရားလိုရှေ့နေဘက်က သူရရှိထားတဲ့ သက်သေအချက်အလက်တွေအရ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို စစ်တပ်က ဖိနှိပ်တယ်ဆိုတဲ့ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့က အစိုးရခေါင်းဆောင်တွေဖြစ်နေတယ်၊ သူတို့ကိုပါ ခေါ်ယူစစ်ဆေးသင့်တယ်ဆိုပြီး ထောက်ပြထားတာရှိတော့ NUG အနေနဲ့ အရပ်သားခေါင်းဆောင် နှစ်ဦးကို ဖမ်းဝရမ်းကနေ ဖယ်ရှားရေးကို ဥပဒေကြောင်းအရ ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲရှင်။
ဦးမိုးဇော်ဦး။ ။ ၂၀၁၇ ပတ်ဝန်းကျင် ဆိုလို့ရှိရင် အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့တိုင်းပြည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင်လည်း တကယ်တမ်း တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင်အင်အားစုတွေ အားလုံးကို တာဝန်ယူတာ၊ နောက်ဆုံး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလိုမျိုးကအစ တာဝန်ယူဆောင်ရွက်နေတာက အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်နဲ့ သူ့ရဲ့အပေါင်းပါတွေဖြစ်တယ်။ ဒီဥပဒေအရ ကြည့်မယ်ဆိုရင်တောင်မှ သာမန်အခြေအနေအရဆိုရင်၊ သာမန်နိုင်ငံတခုဆိုရင် အဲဒီနိုင်ငံရဲ့ သမ္မတတို့ ဝန်ကြီးချုပ်တို့ စသည်ဖြင့် အကြီးအကဲတွေက ဘာပဲဖြစ်ဖြစ် သူတို့တာဝန်ရှိကြတာပေါ့။
သို့သော်လည်းပဲ ကျနော်တို့တိုင်းပြည်ရဲ့ ထူးခြားချက်၊ ၂၀၀၈ အခြေခံဥပဒေရဲ့ အခြေအနေအရဆိုလို့ရှိရင် အဲဒီကာလမှာတုန်းက အရပ်သားအစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေဟာ ဘယ်လောက်အထိ တာဝန်ယူနိုင်လဲဆိုတာ၊ ဘယ်လောက်ထိ တာဝန်ရှိလဲဆိုတာ အင်မတန်မှ ပြောဖို့ခက်တယ်။
Forum