သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရနဲ့ ဆက်ဆံရေး NUG ကြိုးပမ်း


Trump အစိုးရနဲ့ ဆက်ဆံရေး NUG ကြိုးပမ်း
please wait

No media source currently available

0:00 0:14:04 0:00

သမ္မတ Trump အစိုးရက စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးပေါ်ဥပဒေ သက်တမ်း ထပ်ပြီး တိုးလိုက်တဲ့အတွက် မြန်မာစစ်တပ်ကို အရေးယူထားတဲ့ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မြင်ကြောင်း NUG အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။

သမ္မတ Trump အစိုးရက စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးပေါ်ဥပဒေ သက်တမ်း ထပ်ပြီးတိုးလိုက်တဲ့အတွက် မြန်မာစစ်တပ်ကို အရေးယူထားတဲ့ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့မြင်ကြောင်း NUG အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့အရေးအာရုံစိုက်လာအောင် ကြိုးပမ်းနေတာတွေနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုနိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦးကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ဦးမိုးဇော်ဦးရှင့်။ ကျမတို့ အခု ဗီအိုအေ စတူတီယိုမှာ ကိုယ်တိုင်လာ‌ရောက်ပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးမိုးဇော်ဦး ။ ။ မင်္ဂလာပါ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ ပထမဆုံးက ထရမ့်အစိုးရကနေပြီးတော့ အခု မြန်မာနိုင်ငံကို သူတို့ အမေရိကန်နဲ့ ပတ်သက်ရင် အန္တရာယ်ပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့နိုင်ငံအဖြစ် National Emergency နိုင်ငံတော်အရေးပေါ် ကြေညာချက် Act ဥပဒေအောက်မှာ ထားရှိကြောင်း သူတို့ ထုတ်ပြန်ထားတယ်ဆိုတော့ အဲဒါရဲ့ သဘောထားက နွေဦးတော်လှန်ရေးပေါ့နော် NUG ပါဝင်ပြီး တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးမှာ ဘယ်လို သက်ရောက်မှုရှိမလဲရှင့်။

ဖြေ ။ ။ ကျနော်အနေနဲ့က သူတို့နိုင်ငံရဲ့ အရေးပေါ်ဥပဒေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သက်တမ်းထပ်တိုးတာက ကျနော်တို့အတွက်တော့ အရေးကြီးတယ်လို့ ပြောလို့ရတာပေါ့လေ။ ဘာလို့လဲဆိုတဲ့အခါကြတော့ ဒီလိုမျိုး သက်တမ်းဆက်တိုးမှသာလျှင် အမေရိကန်အစိုးရ အမေရိကန်သမ္မတရဲ့ သူထုတ်တဲ့ဥပဒေတွေ ကြေညာချက်တွေ Executive Order လို့ ခေါ်မှာပေါ့။ ဒါတွေကိုဆက်ပြီးတော့ သက်တမ်းတိုးလို့ရမယ်။ ဒါတွေက ဆက်ပြီးတော့လည်း အသက်ဝင်မှာပေါ့လေ။ အဲဒီတော့ ကျနော်တို့ နိုင်ငံပေါ်မှာထားရှိတဲ့ ဘဏ္ဍာရေး စီးပွားရေးနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်တဲ့ ကိစ္စတွေ၊ နောက်တော့ ကျနော်တို့နိုင်ငံကို အရေးပေါ်အနေနဲ့ အကူအညီ ပေးရမယ့်ကိစ္စတွေ ဒါမျိုးကိစ္စတွေဆို ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်မှာပေါ့နော်။ ဒါပေမဲ့ တချို့ကြတော့ ဒါနဲ့ပတ်သက်လို့ လုပ်ရိုးလုပ်စဥ်ပေါ့။ အရင်အစိုးရတွေလည်း ဒီလိုမျိုး လုပ်ခဲ့တာတွေ ရှိတယ်လို့ ပြောတာတွေတော့ ရှိတယ်။ သို့သော်လည်းပဲ အခုချိန်မှာ သိတဲ့အတိုင်းဘဲ အရင်အစိုးရတွေ၊ သမ္မတတွေ လက်ထက်တုန်းက လုပ်ရိုးလုပ်စဥ်ကိစ္စတွေက အခု ဒီအစိုးရလက်ထက်မှာကြတော့ အပြောင်းအလဲတွေ ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့က ဒီကိစ္စကို ပထမကတော့ စိုးရိမ်တာပေါ့နော်။ သို့သော်လည်း ဒီကိစ္စကို ဆက်ပြီးတော့ သက်တမ်းတိုးတဲ့အတွက်ကြောင့် ကျနော်တို့က အများကြီး ကြိုဆိုတယ်၊ ဝမ်းသာတယ်။ ကျနော်တို့ တိုင်းပြည်ပေါ်မှာထားရှိတဲ့ အမေရိကန်အစိုးရအနေနဲ့ ဆောင်ရွက်လက်စ ကိစ္စတွေ၊ အရေးယူလက်စ ကိစ္စတွေ ဒါတွေကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်သွားလို့ရတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့အတွက်တော့ အရေးကြီးတာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ တဘက်မှာကြတော့ ထရမ့်အစိုးရက သူတို့က နိုင်ငံခြားငွေတွေ အဲဒါတွေကို သူတို့က အခုလောလောဆယ်မှာ ဖြတ်တောက်ထားတယ်။ ရက်ပေါင်း (၉၀) သူတို့ ပြန်ပြီးသုံးသပ်မယ်။ တဘက်မှာလည်း အစိုးရအသုံးငွေတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို စီစစ်ပြီးတော့ ကိုင်တွယ်လုပ်ဆောင်နေကြတယ်ပေါ့လေ။ ဒါပေမဲ့ အခု NUG ကလည်း ဒီပြောထားတဲ့ထဲမှာ ထရမ့်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ဖြတ်တောက်ထားတဲ့ အကူအညီတွေထဲမှာ NUG တို့ရဲ့ အသုံးစရိတ်တွေကိုတော့ ထိခိုက်မှု မရှိဘူးဆိုတာမျိုးလည်း ထောက်ပြထားတာဆိုတော့ အဲဒါကကော ဘာကြောင့်လဲရှင့်။

ဖြေ ။ ။ အမေရိကန်အစိုးရအနေနဲ့ လောလောဆယ် သမ္မတဘိုင်ဒန်မှာ ထုတ်ပြန်တဲ့ Executive Order သူ့ရဲ့အမိန့် ညွှန်ကြားချက်တွေမှာ နိုင်ငံတကာအကူအညီပေးတဲ့ ကိစ္စတွေ တော်တော်များများကို သူ ဖြတ်တောက်လိုက်တယ်။ အခု ရပ်ဆိုင်းထားတာတွေ ရှိတယ်။ ဆိုတော့ ကျနော်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှု့ရှိမရှိကိုတော့ နှစ်ပိုင်းတော့ ပြောရမှာပေါ့လေ။ ပထမတပိုင်းက အမေရိကနိုင်ငံဆိုတာ နိုင်ငံတော်တော်များများကို အကူအညီပေးနေတဲ့ နိုင်ငံကြီး ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး အကူအညီတွေ ဖြတ်တောက်မှု့က အနည်းအများ တမ္ဘာလုံးကို အထူးသဖြင့် ကျနော်တို့လို ဖွံ့ဖြိုးတိုးတက်စ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အများကြီး ထိခိုက်မှု့တွေ ရှိတယ်။ ကျနော်နိုင်ငံဆိုရင် သိတဲ့အတိုင်းဘဲ အမေရိကန်ပြည်ထောင်စုဆိုတာက အကူအညီတွေ အများဆုံးပေးနေတဲ့နိုင်ငံ။ အကြီးဆုံး Donor နိုင်ငံကြီးတခု ဖြစ်တယ်။ အဲဒီတော့ လူသားချင်းစာနာမှု အကူအညီတွေပဲဖြစ်ဖြစ်၊ ဖွံဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေပဲဖြစ်ဖြစ် ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေး စသည်ဖြင့်ပေါ့လေ။ အဲဒီ အကူအညီတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့် အကူအညီပေးနေတာ။ ဒီလိုကိစ္စတွေမှာတော့ အများကြီးထိခိုက်မှုတွေ ရှိတယ်။ ဒါက တခုပေါ့။

ဒါပေမဲ့ နောက်တပိုင်းမှာကတော့ ကျနော်တို့ တော်လှန်ရေးအတွက် ဘယ်လောက် ထိခိုက်မှုတွေ ရှိလဲဆိုတာကတော့ ပွင့်ပွင်းလင်းလင်း ပြောမယ်ဆိုရင် ၂၀၂၂ ခုနစ်မှာ Burma Act ဆိုပြီးတော့ မြန်မာ့အရေးအတွက်ကို ပြဌာန်းတဲ့ ဥပဒေတခု ရှိတယ်။ ဒါကတော့ သူတို့ရဲ့ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေတခုပေါ့နော်။ American Defense Authorization Act အဲဒီထဲမှာ ထည့်သွင်းပြီးတော့ ဖော်ပြခဲ့တဲ့ ဥပဒေပေါ့လေ။ အဲဒီထဲမှာဆိုရင် ကျနော်တို့ တော်လှန်ရေးအတွက် သူတို့သုံးတာကတော့ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့အစည်း Democracy Movement လို့ သုံးတယ်။ ဒီအဖွဲ့အစည်းတွေကို NUG တို့ CRPH တို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ နာမည်တွေနဲ့ပါ ပါပြီးတော့ သူတို့ ဖော်ပြခဲ့တာရှိတယ်။ အဲဒီမှာ စစ်ရေးမဟုတ်တဲ့ အကူအညီတွေ Non-lethal Assistance ဒါတွေကိုလည်း သူတို့က ပေးဖို့ဆိုပြီးတော့ ခေါင်းစဥ်တွေနဲ့ပါ ဖော်ပြခဲ့တာရှိတယ်။ အဲဒီတော့ တကယ်တမ်းပြောမယ်ဆိုရင် အဲဒီအကူအညီတွေဟာ အမေရိကန်လွှတ်တော်ကလည်း သူတို့ရဲ့ ဘတ်ဂျက်အသုံးစရိတ်နဲ့ ပတ်သက်တဲ့ ကော်မတီ Appropriations Committee ဒီကော်မတီကလည်း သတ်မှတ်ပြဌာန်းပြီးတော့ ဘယ်လောက်သုံးရမယ်ဆိုပြီးတော့ ခေါင်းစဥ်နဲ့တကွ ဖော်ပြပေးခဲ့တာတွေ ရှိတယ်။ ပြီးခဲ့တဲ့နှစ်ဆိုရင် ၁၂၁ သန်း။ ဒါတွေက ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းများဆီကို ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်ဆိုရင် ဘာမှလက်ခံရရှိခဲ့တာ မရှိဘူး။ ဒီအကူအညီတွေ မရခဲ့ဘူး။ ကျနော်တို့ တော်လှန်ရေးနဲ့ ပတ်သက်ရင် ကျနော်တို့ အနိမ့်ဆုံးအားဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကိုတော့ တကယ့်တော်လှန်ရေးကို အထောက်အကူပြုမယ့် အကူအညီတွေက မရခဲ့တဲ့အတွက်ကြောင့် အခုလို ဖြတ်တောက်တဲ့အခါမှာ ကျနော်တို့ကတော့ အများကြီး ထိခိုက်စရာ မရှိဘူး။

မေး ။ ။ အဲဒီတော့ တကယ်တမ်း NUG အနေနဲ့ ရရှိနေတဲ့ ရန်ပုံငွေတွေကကြတော့ လူထုရဲ့ ပံ့ပိုးကူညီတဲ့ လှူဒါန်းတဲ့ငွေတွေပဲလားရှင့်။

ဖြေ ။ ။ အများစုကတော့ ကျနော်တို့ ပြည်သူလူထုလို့ ပြောတဲ့အခါမှာ ပြည်တွင်းမှာနေတဲ့ ပြည်သူလူထုလည်း ပါတယ်။ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ပြည်သူလူထုလည်း ပါတယ်။ သူတို့ကနေ ကူညီတဲ့ အကူအညီတွေ၊ ငွေတွေ ရှိတယ်။ နောက်တခါ ပြည်တွင်းမှာ ကျနော်တို့ စိုးမိုးထိမ်းချုပ်ထားနိုင်တဲ့ နေရာတွေကနေ ရရှိထားတာတွေ ရှိတယ်။ အခွန်အကောက်ငွေတွေပေါ့နော်။ ဒီငွေတွေကတော့ တော်လှန်ရေးအတွက်၊ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အဓိကဝင်နေတဲ့ ဝင်ငွေတွေလို့ ပြောလို့ရပါတယ်။

မေး ။ ။ အဲဒီတော့ ထရမ့်အစိုးနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးတော့ မေးချင်တာကတော့ လက်ရှိ ထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အပြာင်းအလဲတွေ ရှိမယ်လို့ မြင်လဲရှင့်။

ဖြေ ။ ။ အခြေခံကျတော့ မူဝါဒတွေကတော့ အပြောင်းအလဲ မရှိဘူးလို့ ကျနော်တို့ တာဝန်ရှိတဲ့ သူတွေကတဆင့် သိရတယ်ပေါ့နော်။ အခု အစိုးရအသစ်အနေနဲ့ကတော့ သူတို့ရဲ့ ဒေသတွင်း အင်ဒိုပစီဖိတ်ဒေသတွင်းမှာ ပိုပြီးတော့မှ အားကောင်းလာအောင် ကြိုးစားမယ့် ရည်ရွယ်ချက်တွေ ရှိတယ်။ တဘက်က ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ ဒေသတွင်းမှာရှိတဲ့ တကယ့် အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှု့တွေရဲ့ ဓားစာခံအဖြစ်နဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ အရေးကို မဖြစ်စေချင်ဘူး။ တရုတ်နဲ့လည်း ငြိမ်းချမ်းစွာ ပူပေါင်းဆောင်ရွက်တဲ့ တချိန်ထဲမှာ ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်များ မကြီးထွားရေးအတွက်ကို အမေရိကန်အစိုးရအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ကို ဆက်လက်ပြီးတော့ အကူအညီပေးဖို့က အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ နောက်တချက်ကတော့ NUG အစိုးရရဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ မူဝါဒရပ်တည်ချက်ပေါ့နော်။ အဲဒီဟာမှာလည်း အခုဆိုရင် မကြာသေးခင် ရက်ပိုင်းကဘဲ မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းမှာ ကတ်သလစ်ဘုန်းကြီးတပါးကို အဲဒီမှာ အသတ်ခံလိုက်ရတဲ့အမှု ဖြစ်ခဲ့တယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး NUG ဘက်ကနေပြီးတော့ ကြေညာချက် ထုတ်ပြန်တဲ့အခါမှာ အမှုမှန်ပေါ်အောင်လည်း စုံစမ်းသွားမယ်ဆိုတာလည်းပါတော့ အဲဒီတော့ ဒီလို မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်စတဲ့ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အသိုင်းအဝိုင်းတွေကြားမှာ ပိုမိုပြီး ညီညီညွတ်ညွတ်နဲ့ ရပ်တည်လာဖို့အပိုင်းမှာ NUG က ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်သွားနိုင်မလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က ဘာသာရေး လွတ်လပ်ခွင့်အပါအဝင် လွတ်လပ်ခွင့်တွေကို အင်မတန်မှ တန်ဖိုးထားတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကိုက အပြောင်းအလဲပေါ့။ အပြောင်းအလဲဆိုတဲ့အခါမှာ တိုင်းပြည်ကို စိတ်သဘောထားကအစ အပြောင်းအလဲဖြစ်ဖို့ လုပ်ဆောင်တဲ့ တော်လှန်ရေးတခု ဖြစ်တယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က ဘာသာရေးနဲ့ ပတ်သက်တယ်ဆိုရင် အများကြီးလွတ်လပ်ခွင့် ပေးဖို့ကိစ္စဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ကျနော်တို့ အစိုးရအဖွဲ့ထဲမှာကို သမ္မတကြီးကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်၊ ဝန်ကြီးချုပ်ကလည်း ခရစ်ယာန်ဘာသာဝင် ဖြစ်ပါတယ်။ ကျနော်တို့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တော်တော်များများက ခရစ်ယာန်ဘာသာဝင်တွေ တခြားသောဘာသာဝင်တွေ ရှိကြပါတယ်။ အဲဒီတော့ အခုဖြစ်သွားတဲ့ကိစ္စဆိုရင် ကျနော်တို့က ဖြစ်တာကို သိသိချင်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ ဒီလိုအကြမ်းဖက်တာကို လုံးဝလက်မခံဘူး။ အဲဒီအတွက်ကိုလည်း ကျနော်တို့ အရေးယူဖို့အတွက်ကို ပြင်ဆင်နေတယ်။ နောက်ပြီးတော့ ကျူးလွန်တဲ့သူတွေကိုလည်း ကျနော်တို့ ဖမ်းဆီးထားတယ်။ ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ အမြန်ဆုံးလည်း အရေးယူဆောင်ရွက်သွားဖို့ ကြိုစားနေတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့က ဒီဘာသာတခုနဲ့တခုကြား ကွန်မြူနတီ လူ့အသိုင်းအဝိုင်းတခုနဲ့တခုကြား လူမျိုးတခုနဲ့တခုကြား ပြဿနာအဖြစ်ခံလို့ မရပါဘူး။ ကျနော်တို့ ဒီကိစ္စတွေကနေပြီးမှ တဖြည်းဖြည်းကြီးထွားပြီးတော့ ကျနော်တို့ တော်လှန်ရေးကို ထိခိုက်စေမယ့်အဖြစ်မျိုး ကျနော်တို့ အဖြစ်ခံမှာ မဟုတ်ဘူး။ ကျနော်တို့က ဘာသာရေးနဲ့ဖြစ်ဖြစ် အခြားသော အယူအဆတွေနဲ့ ပတ်သက်ပြီး သည်းခံနိုင်ဖို့ကိုလည်း အမြင့်ဆုံး တည်ဆောက်ဖို့ ကြိုးစားနေတဲ့တချိန်ထဲမှာ ဒီလိုမျိုး အသေးအမွှား ပြဿနာတွေကနေ ပိုပြီးတော့ မကြီးထွားလာဖို့ ကျနော်တို့အနေနဲ့ ဂရုတစိုက် ကာကွယ်သွားဖို့ ဆောင်ရွက်နေပါတယ်။

မေး ။ ။ သမ္မတထရမ့်အစိုးရကိုယ်တိုင်ကလည်း သူတို့ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေထဲမှာဆိုရင် ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဦးစားပေးဆောင်ရွက်သွားမယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံကလည်း တကယ်တမ်းကြတော့ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်ခံရတဲ့ နိုင်ငံတွေစာရင်းထဲမှာလည်း ရှိနေတော့ အခု သမ္မတထရမ့်အစိုးရလက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာ ဒီလိုလှုပ်ရှားမှုတွေ ဒါနဲ့ ပတ်သက်ပြီးတော့ NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မလဲ။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ အမေရိကန်နိုင်ငံမှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေ၊ ကြိုးပမ်းမှုတွေက အများကြီးရှိပါတယ်။ မကြာသေးခင်ကဆို International Religious Freedom Summit လုပ်သွားတယ်။ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတကာက ခေါင်းဆောင်တွေလည်း လာကြတယ်။ အဲဒီဆွေးနွေးပွဲမှာလည်း ကျနော်တို့ တက်ခွင့်ရခဲ့တယ်။ ဝန်ကြီးဒေါ်ဇင်မာအောင်ကိုယ်တိုင်လည်း စကားပြောခွင့်ရခဲ့တယ်။ အဲဒီမှာလည်း ကျနော်တို့ ပါဝင်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တင်ပြနိုင်ခဲ့တာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့ မကြာသေးခင်ကဆိုရင် Indianapolis မြို့မှာ ကျင်းပတဲ့ Spring Flowers Conference မှာလည်း ဒီနိုင်ငံအတွင်းမှာရှိတဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့က ပုဂ္ဂိုလ်တွေ တက်ရောက်ကြတယ်။ သူတို့နဲ့လည်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့တာတွေ ရှိတယ်။ အဲဒီတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်တဲ့အခါမှာ အမေရိကန်အစိုးရရဲ့ တာဝန်ရှိကြတဲ့သူများနဲ့ တွေ့ဆုံပြီးတော့ သူတို့ကို စည်းရုံးလှုံဆော်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း ဘာသာရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍကိုလည်း အများကြီးအလေးထားပါတယ်။ သူတို့နဲ့လည်း တတ်နိုင်တဲ့နေရာတွေမှာ ကျနော်တို့နဲ့ ဆောင်ရွက်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က မြန်မာ့အရေးနဲ့ ပတ်သက်ရင် အရင်ကတည်းကလည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တယ်။ လွှတ်တော်ထဲမှာ လွှတ်တော်အမတ် ဖြစ်စဉ်တုန်းကလည်း စစ်တပ်က အုပ်ချုပ်တဲ့နိုင်ငံ လူ့အခွင့်အရေးဖိနှိပ်မှုတွေနဲ့ ပတ်သက်ရင် သူကလည်း ဝေဖန်ပြောကြားခဲ့တဲ့ လူတဦးဆိုတော့ အခု ဦးမိုးဇော်ဦးတို့အနေနဲ့ သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့အချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အထူးသဖြင့် ဒီမိုကရေစီရေးမှာ ဘယ်လို သူ့ဘက်ကနေ ပံ့ပိုးကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါလဲ။

ဖြေ ။ ။ လက်ရှိကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သူကတော့ အစိုးရအဖွဲ့ကလည်း ပြောင်းလဲခါစဖြစ်တယ်။ တခြားသော အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာကို တွေ့ရတယ်။ သို့သော်လည်း ဘာပဲပြောပြော စောစောကပြောခဲ့သလိုပဲ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ထဲထဲဝင်ဝင် သိရှိတယ်။ ဆောင်ရွက်ခဲ့တာတွေလည်း အများကြီးရှိခဲ့တာကြောင့် တချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အာရုံစိုက်လာနိုင်မယ်။ တချိန်မှာတော့ သူ့အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ဒီထက်ပိုပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ယုံကြည်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အဓိကကြိုးပမ်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ဒီမှာရှိတဲ့ တခြားသောအဖွဲ့အစည်းတွေ - ဒီမှာတော့ သိတဲ့အတိုင်းပဲ ဘာသာရေးအခြေပြုပဲဖြစ်ဖြစ်၊ လူမျိုးအခြေပြုပဲဖြစ်ဖြစ်။ နောက်တခါ ကွန်မြူနီတီ ဒေသရဲ့ မြန်မာအသိုင်းအဝိုင်း အဖွဲ့အစည်းတွေကတော့ အများကြီးရှိပါတယ်။ နောက်တခါ Professional စည်းရုံးလှုံဆော်မှုတွေ Advocacy လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိကြတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ အမြဲတမ်းညှိနှိုင်းတိုင်ပင်ပြီးတဲ့အခါကြတော့ ဘယ်လိုမျိုး မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အခုထက်ပိုပြီးတော့ အာရုံစိုက်လာအောင်၊ အာရုံထားလာအောင် ဆောင်ရွက်ရမလဲဆိုတာကို အကြေအလည် ညှိနှိုင်းပြီးတော့ ကြိုးပမ်းလျက်ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်။ အခုလို အချိန်ပေးပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဦးမိုးဇော်ဦးကို ကျေးဇူးတင်ပါတယ်ရှင့်။

ဦးမိုးဇော်ဦး ။ ။ ကျနော်လည်း မအင်ကြင်းကို အများကြီးကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG