သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလုပ်ရပ် လူသားထုအပေါ် ကျူးလွန်ပြစ်မှု သတ်မှတ်ရေး

Burma Advocacy Group ရဲ့ အမှုဆောင်ဒါရိုက်တာ ခရစ်ယာန်ဘုန်းတော်ကြီး Dr. Roy Medley (ဝဲ) ကို မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews (အလယ်) နှင့် Burma Research Institute က ပူးဇိုသုန်းမှုန် (ယခင် မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ ) (ယာ) တို့်အတူတွေ့ရစဥ်။
Burma Advocacy Group ရဲ့ အမှုဆောင်ဒါရိုက်တာ ခရစ်ယာန်ဘုန်းတော်ကြီး Dr. Roy Medley (ဝဲ) ကို မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews (အလယ်) နှင့် Burma Research Institute က ပူးဇိုသုန်းမှုန် (ယခင် မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ ) (ယာ) တို့်အတူတွေ့ရစဥ်။

မြန်မာနိုင်ငံထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် သတ်ဖြတ်မှုတွေကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ မတ်လ ၇ ရက်နေ့မှာပဲ ထရမ့်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်းဆိုလိုက်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုတဲ့ အထဲမှာ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်းများစွာ သက်တမ်းရှိပြီး လူအများ ကြည်ညိုလေးစားကြတဲ့ ဘာသာရေး အဖွဲ့အစည်းကြီးတွေလည်း ပါပါတယ်။ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ အမေရိကန် နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်မှာလည်း ဦးဆောင် ပါဝင်ခဲ့ဖူးသူလည်းဖြစ် လက်ရှိမှာ Burma Advocacy Group ရဲ့ အမှုဆောင် ဒါရိုက်တာ ခရစ်ယာန်ဘုန်းတော်ကြီး Dr. Roy Medley ကို ကိုငြိမ်းချမ်းအေးက ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုကို စာရေးသား တောင်းဆိုတဲ့ အဖွဲ့ထဲမှာ ဘုန်းတော်ကြီးတို့ အဖွဲ့အစည်းလည်း ပါတယ်လို့ နားလည်ပါတယ်။ အဓိက ပေးချင်တဲ့ သတင်းစကားက ဘာများပါလဲ။

ဒေါက်တာ Roy Medley ။ ။ အဓိက ပေးချင်တဲ့ သတင်းစကားကတော့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့လို ဒေသတွေက လူများစုဖြစ်တဲ့ ခရစ်ယာန် ဘာသာဝင်တွေကို အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေတာကို စစ်ကောင်စီကို တာဝန်ခံ ခိုင်းဖို့ပါတယ်။ ကျနော်တို့ရဲ့ ဘာသာရေး အဆောက်အအုံတွေ၊ ဘုရားကျောင်းတွေကို အညှာအတာ မရှိ ရက်ရက်စက်စက် ဗုံးခွဲ ဖျက်ဆီးနေတာကို မြင်နေရပါတယ်။ သင်းအုပ်ဆရာတွေ ဖမ်းခံရတယ်၊ တချို့ သတ်ဖြတ်ခံရပါတယ်။ ဒါကြောင့် အရပ်သားတွေကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်နေတာတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် တာဝန်ရှိတယ်လို့ အမေရိကန် အစိုးရအနေနဲ့ သတ်မှတ်ဖို့ အလေးအနက်ကို စိုးရိမ်ကြောင့်ကြမှုနဲ့အတူ တောင်းဆိုတာပါ။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ ဒီလိုမျိုး စစ်တပ်ကလုပ်တယ်လို့ စွပ်စွဲခံရတဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်ဖို့က ဘယ်လောက် အရေးကြီးတယ်လို့ ထင်ပါသလဲခင်ဗျာ။

ဒေါက်တာ Roy Medley ။ ။ အဲဒါက နိုင်ငံတကာ ရာဇ၀တ်တရားရုံး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ တရားရုံးတွေရဲ့ ယန္တရား တခုလုံးထဲကို ထည့်သွင်းနိုင်မှာဖြစ်လို့ အရမ်း အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို ဆုံးဖြတ်နိုင်ရင် အမေရိကန်ရဲ့ တုံ့ပြန်မှုတင် မကပါဘူး ကမ္ဘာတဝန်း အရေးယူ တုံ့ပြန်နိုင်မှာ ဖြစ်လို့ အလွန်အရေးကြီးပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ဒီ့အတွက် ဘယ်လောက် မျှော်လင့်ချက် ရှိပါသလဲ။

ဒေါက်တာ Roy Medley ။ ။ ဒီလို ကျူးလွန်တဲ့ ဖြစ်ရပ်တွေကို Burma Research Institute က မှတ်တမ်းပြုစုနေပါတယ်။ သက်သေ အထောက်အထားတွေကို စိစစ် စုဆောင်းပြီးတော့ အမေရိကန်အစိုးရကို တင်ပြမှာဖြစ်လို့ သူတို့ကို လည်း ကျေးဇူးတင်ပါတယ်။ ဒီလို တင်ပြချက်တွေကို အစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန် ပြန်လည်သုံးသပ်ပြီး သူတို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ ကျနော်တို့ ဆုတောင်း နေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ရိုဟင်ဂျာ အကျပ်အတည်းတုန်းကဆိုရင် အစိုးရအဖွဲ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါကြောင့် သူတို့ကလည်း အခု ကျနော်တို့ တောင်းဆိုထားတဲ့ အတိုင်း ထပ်လောင်း အားဖြည့်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီး Dr. Roy Medley၊ Burma Advocacy Group
ခရစ်ယာန်ဘုန်းတော်ကြီး Dr. Roy Medley၊ Burma Advocacy Group


ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဘာသာရေး လွတ်လပ်ခွင့်က ထရမ့် အစိုးရအဖွဲ့ရဲ့ စိတ်ဝင်စားမှုကို ရနိုင်မယ်လို့ ယုံကြည် ထားပါသလား။

ဒေါက်တာ Roy Medley ။ ။ ဘာသာရေး လွတ်လပ်ခွင့်က ထရမ့်အစိုးရ ပထမ သက်တမ်းတုန်းကလည်း သိသာထင်ရှားတဲ့ ဦးစားပေးတွေထဲက တခုလို့ ကျနော်ထင်ပါတယ်။ အခု လက်ရှိ အာဏာရလာတဲ့ ရီပတ်ဘလီကန် ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို အလားတူ ပြဿနာအဖြစ် ဆက်လက် ရှုမြင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့နဲ့လည်း ကျနော်တို့ ဒီကိစ္စမှာ ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ကျနော်က နှစ်ခြင်း ခရစ်ယာန်တဦး ဖြစ်ပါတယ်။ ဒီလိုမျိုး ကိစ္စတွေ ကြုံတွေ့ ဖူးခဲ့ပါပြီ။ ကျနော်တို့ရဲ့ ခရစ်ယာန်ဘာသာဝင် ညီအစ်ကို မောင်နှမတွေ နှစ်ခြင်း Baptist ပဲ ဖြစ်ဖြစ်၊ ကက်သလစ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါက ဘာသာရေး လွတ်လပ်ခွင့်က စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ အတွက်လည်း စိုးရိမ်ပါတယ်။ ခင်ဗျား ဘာသာမဲ့ ဖြစ်နေရင်တောင် စိုးရိမ်စရာ ရှိပါတယ်။ ဘာသာရေးကြောင့်၊ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရပြီဆိုရင် ဘယ်သူဖြစ်ဖြစ် ကျနော်တို့က နှစ်ခြင်းခရစ်ယာန် ဘာသာဝင်တွေအနေနဲ့ စိုးရိမ်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ ဘုန်းတော်ကြီးအနေနဲ့ အမေရိကန်ပြည်ထောင်စုထဲမှာလည်း အထူးသဖြင့် အထက်လွှတ်တော် အမတ်တွေ၊ ကွန်ဂရက် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး နှိုးဆော်နေတယ်လို့ သိရပါတယ်။ သူတို့ကရော ဘယ်လို တုံ့ပြန်ကြပါသလဲ။

ဒေါက်တာ Roy Medley ။ ။ ကျနော်အနေနဲ့ သူတို့နဲ့ တွေ့ဆုံမှုတွေကို ကျေနပ် အားရမိပါတယ်။ ကျနော်တို့ အသံတွေတင် ထုတ်ဖော်တာ မဟုတ်ပါဘူး။ ဒီမှာ ရောက်နေတဲ့ မြန်မာနွယ်ဖွားတွေကိုလည်း ကျနော်တို့ အမြဲ ခေါ်သွားပါတယ်။ သူတို့ရဲ့အသံတွေ တင်ပြချက်တွေက လွှတ်တော်အမတ်တွေကို အမေရိကန်ရဲ့ မူဝါဒရဲ့ အကျိုးသက်ရောက်မှုကို နားလည်အောင် ကူညီပေးပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီကို ဖြုတ်ချခဲ့တဲ့ စစ်အစိုးရ အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒတွေ မှန်ကန်ဖို့ ဘာကြောင့် အရေးကြီးလဲ ဆိုတာကို သူတို့ နားလည် အောင် ရှင်းပြနိုင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ အမေရိကန် အစိုးရသစ်က မြန်မာ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး၊ ကမ္ဘာတဝန်း အကူအညီ ရန်ပုံငွေတွေ ဖြတ်တောက်တာကရော ဘယ်လို သက်ရောက်လဲ ခင်ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံထဲက လူနည်းစု အသိုက်အဝန်းတွေ၊ ခရစ်ယာန်တွေနဲ့ မြန်မာနိုင်ငံသား အားလုံးကို ဘယ်လို ရိုက်ခတ်နေပါသလဲ။

ဒေါက်တာ Roy Medley ။ ။ အမေရိကန်ပြည်ထောင်စုက ကျနော်တို့ ဘာသာရေးအသိုက်အဝန်းတခုလုံးက အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေ ကမ္ဘာတဝန်း ဖြတ်တောက်လိုက်တာကို အလွန်စိုးရိမ်နေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန်က နိုင်ငံခြား အကူညီ အများဆုံး ပေးနေတဲ့ နိုင်ငံ ဖြစ်လို့ပါ။ ဒါတွေကို အခုရုပ်သိမ်းလိုက်တော့ တခြားသူတွေကလည်း ချက်ချင်းမဖြည့်ဆည်းနိုင်ဘဲ ကြီးမားတဲ့ လစ်ဟာချက် ကွက်လပ်ကြီး ဖြစ်နေပါတယ်။ ဒါက ကမ္ဘာတဝန်း၊ အာဖရိက၊ အရှေ့တောင်အာရှ အကုန်လုံးကို သက်ရောက်နေလို့ အလွန့်ကို စိုးရိမ်မိပါတယ်။ မြန်မာပြည်သူပြည်သားတွေ အတွက်ကတော့ အလွန်ခက်ခဲသွားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ အဲဒီပြဿနာကို အနည်းဆုံး ကွန်ဂရက်လွှတ်တော်အမတ်တွေ၊ အထက်လွှတ်တော်အမတ် တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဖြစ်ဖြစ် ဖော်ထုတ်ဖို့ အခွင့်အရေးရရှိခဲ့ပါသလား။

ဒေါက်တာ Roy Medley ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ပြောပါတယ်။ အတော့်ကို အကျယ်တဝင့်ပြောနေတာပေါ့ဗျာ။ ကျနော်က ဘယ်လို ချိတ်ဆက် ပြောလဲ ဆိုတော့ လူတွေကို စိုးရိမ်နေပါတယ် လို့ ပြော ပြီး သူတို့လိုအပ်နေတဲ့ အကူအညီတွေကို ကျ ငြင်းပယ်နေတယ် ဆိုပြီး ပြောပါတယ်။ မြန်မာနိုင်ငံထဲက ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေ၊ နောက် ထိုင်းမှာပဲဖြစ်ဖြစ်၊ မလေးရှားမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မီဇိုရမ်၊ နယူးဒေလီမှာပဲဖြစ်ဖြစ် အကူအညီတွေက ရပ်လိုက်တာကို ပါ။ ဒီစစ်ပွဲနဲ့ ပျက်စီးဆုံးရှုံးမှုတွေကြားမှာ သူတို့အတွက် လိုအပ်နေတဲ့ အကူအညီ ငွေကြေးတွေကို ဖြတ်တောက်ပြီးမှ မြန်မာပြည်ကို အလေးထားပါတယ်၊ ပြည်သူတွေကို ဂရုစိုက်ပါတယ်လို့ မပြောနိုင်ပါဘူး။

စစ်ကောင်စီလုပ်ရပ် လူသားထုအပေါ် ကျူးလွန်ပြစ်မှု သတ်မှတ်ရေး
please wait

No media source currently available

0:00 0:07:22 0:00

This item is part of

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG