သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာစစ်ရေးပဋိပက္ခတွေကြောင့် ဘာသာရေးလွတ်လပ်ခွင့် ပိုမိုထိခိုက်" USCIRF 


အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ အစီရင်ခံသစ် (Crd: USCIRF report)
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ အစီရင်ခံသစ် (Crd: USCIRF report)

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနေပြီး အခြေနေတွေ ဆက်လက်ဆိုးဝါးနေတာဟာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေကို ပိုဆိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) ရဲ့ အစီရင်ခံသစ်မှာဖော်ပြပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ကထုတ်ပြန်တဲ့ အဲဒီအစီရင်ခံသစ်မှာ ၂၀၂၄ ခုနှစ်တွင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ထိန်းချုပ်မှုအားနည်းလာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နယ်မြေသိမ်းယူ စင်ပြိုင်အစိုးရပုံစံ ထူထောင်လာနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီအာဏာတည်မြဲရေးအတွက် စစ်ရေးလုပ်ဆောင်မှုတွေထဲမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ အဆောက်အဦးတွေ၊ အသိုင်းဝိုင်းတွေကို ပစ်မှတ်ထားတာတွေပါ ရှိနေတာကြောင့် အယူဝါဒကွဲပြားတဲ့ အသိုင်းဝိုင်းတွေကြား လူမှုရေးတင်းမာမှုတွေ တိုးလာခဲ့တယ်လို့ ပြောပါတယ်။ပြည်တွင်းက တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရပြီး တချို့ ပြည်ပမှာပါ ခိုလှုံနေထိုင် ကြရကြောင်းနဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ပြဿနာဟာ မတူကွဲပြားတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေအတွက် အကြမ်းဖက်မှုတွေနဲ့ ဆက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း ထောက်ပြထားပါတယ်။

USCIRF ရဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံစာရင်းထဲမှာ ဆက်ပြီးထည့်သွင်းထားပါတယ်။ အခု အောက်တိုဘာအထိလည်း ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာမှာ စံနစ်တကျချိုးဖေါက်မှုရှိနေဆဲဖြစ်ပြီး အခြေအနေ ဆက်လက်ဆိုးဝါးနေဆဲ ဖြစ်ကြောင်း ဖေါ်ပြထားတာပါ။

အမေရိကန်အစိုးရအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး ဦးစားပေး ဖြေရှင်းဖို့တွက်NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုရော EAO တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ လည်း အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အကြံပေးထားပါတယ်။ ဖြေရှင်းရမယ့်ကိစ္စရပ်တွေထဲမှာ ရိုဟင်ဂျာအသိုင်းအဝိုင်း နေရပ်ပြန်ရေးအတွက် သူတို့ဆန္ဒနဲ့ အညီဖြစ်စေဖို့၊ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့တွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက အစိုးရတွေနဲ့ လက်တွဲပြီး ရိုဟင်ဂျာနဲ့ တခြား မြန်မာဒုက္ခသည်တွေအရေးဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG