သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားစွာချိုးဖောက်တဲ့နိုင်ငံစာရင်းမှာ မြန်မာပါဝင်


ဖရူဆိုမြို့နယ်က စစ်ကြောင့်ပျက်စီးနေတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခု (ဇူလိုင် ၂၀၊ ၂၀၂၂)
ဖရူဆိုမြို့နယ်က စစ်ကြောင့်ပျက်စီးနေတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခု (ဇူလိုင် ၂၀၊ ၂၀၂၂)

မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူနည်းစု ဘာသာဝင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် ကျဆင်းလာတဲ့ အခြေအနေအကြောင်း ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ၂၀၂၃ အတွင်းက အဖြစ်အပျက်တွေကို မှတ်တမ်းရယူ ထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ IRFA နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပြဌာန်းခြင်း ၂၅ နှစ်မြောက် အစီရင်ခံစာလည်း ဖြစ်ပါတယ်။

နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဆိုးဆိုးဝါးဝါး မီးမောင်းထိုးပြထားတဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံ ပါဝင်နေတာပါ။ မြန်မာနဲ့ နိုင်ငံ ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ ပိုဆိုးဝါးလာတာတဲ့အပေါ်မှာ USCIRF အနေနဲ့ စိတ်နှလုံးထိခိုက်ရတယ်လို့ အစီရင်ခံစာမှာ ရေးသားပါတယ်။

မြန်မာ၊ အာဖဂန်နစ္စတန်၊ အဇာဘိုင်ဂျန်၊ တရုတ်၊ ကျူးဘား၊ အီရီထရီးယား၊ အိန္ဒိယ၊ အီရန်၊ နိုင်ကာရာဂွာ၊ နိုင်ဂျီးရီးယား၊
မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မန်နစ္စတန်၊ ဗီယက်နမ် တို့ဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ဘာသာရေး လူနည်းစုတွေ၊ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်ရာ နေရာတွေကို တိုက်ခိုက်တာ၊ လူနည်းစု အသိုက်အဝန်းကို အကြမ်းဖက် တိုက်ခိုက်တာနဲ့ လူနည်းစုဘာသာဝင်တွေကို ထောင်ဒဏ်တွေ ချမှတ်တာတွေကြောင့် အခုလို သတ်မှတ်ခံရတာဖြစ်တယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လူနည်းစု ဘာသာဝင်တွေရဲ့ ကိုးကွယ်ယုံကြည်ခွင့်ပိုင်းမှာ ဘယ်လောက်အထိ ထိခိုက် ကျဆင်း နေပါသလဲ။ စစ်ပွဲကာလအတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတပါးကတော့ အခုလိုမိန့်ကြား ပါတယ်။


“ဒီ တိုက်ခိုက်ရေးကတော့ ပျက်ဆီးဆုံးရှုံးမှုတွေ တော်တော်များပါတယ်။ ဘုန်းဘုန်းတောင်မှ နေစရာကတော့ တော်တော်လေး ဘယ်လိုပြောမလဲ၊ နေစရာမရှိတဲ့ အထိပေါ့နော်။ ဒီလိုဘဲ ခေတ္တ ခဏ နေရတယ်ပေါ့။ တကယ်တန်း ဒီလိုကြည့်မယ်ဆိုရင်တော့ တော်တော်လေးကို ထိခိုက်တယ် ပြောရမှာဘဲနော်။ ခုမြင်တဲ့အတိုင်းဘဲ နေရာတိုင်းမှာဖြစ်နေကြတာဘဲလေ။ ဗုဒ္ဓဘာသာတွေလည်း ထိခိုက်တာဘဲလေ။ နေရာတိုင်းမှာ ဗုဒ္ဓဘာသာဝင်ကျောင်းတွေ တော်တော်များများကော ခရစ်ယာန်ကျောင်းတွေကော အကုန်လုံးပေါ့။ ဦးဇင်းမြင်တာတော့ တော်တော်လေး ဆုံရှုံးများတာပေါ့။ တော်တော်ဝမ်းနည်းစရာကောင်းတာပေါ့။”

လက်ရှိ စစ်တပ်အာဏာသိမ်းခံရထားတဲ့ မြန်မာပြည်မှာ ကိုးကွယ်ယုံကြည်မှု အများဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာအများစုအပါအဝင် စစ်တပ်ကို ဆန့်ကျင်တဲ့ ဘာသာရေးအသိုက်အဝန်းအားလုံးကို ဖမ်းဆီးထောင်ချတာ၊ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ထိုးစစ်တွေကြောင့် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းတွေတင်မကဘဲ ဘာသာခြားတွေရဲ့ ဘာသာရေးအဆောက်အအုံ တော်တော်များများ ဖျက်ဆီးခံရတာတွေ ကြုံနေရတယ်လို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က “Two Years after the Coup: Religious Freedom in a Contested Burma” ခေါင်းစဉ်နဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ပြုလုပ်တဲ့ ကြားနာပွဲမှာ သံတမန်ဟောင်း တဦးလည်းဖြစ်၊ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုက အကြီးတန်း အကြံပေးလည်းဖြစ်တဲ့ Priscilla A. Clapp က ထောက်ပြ ပြောဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Council of Jurists - ICJ) က ပြီးခဲ့တဲ့နှစ် ဇွန်လ ထုတ်ပြန်ချက်အရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလအကြား ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ တိုင်းဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေအတွင်း ထိခိုက် ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံ ၁၉၀ ကျော် ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၃ နှစ်လယ်ကနေ ဒီနေ့အချိန်ထိလည်း စစ်ဘောင် ဆက်လက်ကျယ်ပြန့်လာတာမို့ ဒီထပ် ပိုများလာနိုင်ဖွယ်ရှိနေပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေ မီးရှို့ ဖျက်စီးခံရတာ၊ ဘာသာရေး အဆောက်အဦတွေကို စစ်အခြေစိုက်စခန်းတွေ၊ ထိန်းသိမ်းရေး စခန်းတွေအဖြစ် အသုံးချခံရတာတွေပါ ရှိတယ်လို့လည်း ICJ အစီရင်ခံစာက ဖော်ပြပါတယ်။

အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူ တဦးကတော့ အစ္စလမ်ဘာသာဝင်တွေရဲ့ ကိုးကွယ်ယုံကြည်မှု အခြေအနေနဲ့ ဘာသာရေး လွတ်လပ်ခွင့်အပေါ် အခုလို သုံးသပ် ပြောဆိုပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းကလည်း တကယ့်တကယ် ပြောင်းလဲမှုတခုတော့ရှိတယ်။ ဘာသာရေးလွတ်လပ်ခွင့်ပေါ့။ အဲပြောင်းလဲမှုက ယာယီဆိုပြီး မှတ်ယူထားတဲ့သဘောရှိတယ်။ ဘယ်လိုယာယီသဘောလဲဆိုတော့ လိုအပ်တဲ့အချိန်မှာဘဲ လွတ်လပ်ခွင့်ကို အခိုက်အတန့်နဲ့ ပေးပြီးတော့ မလိုအပ်တဲ့အချိန်မှာ တည်တံ့ ခိုင်မြဲမှုရှိမယ်မဟုတ်တာကိုတော့ တိတိကျကျ ယုံကြည်တယ်။ အရင်လဲ ဒီလိုမျိုးဘဲ။ တကယ့်တကယ်ကျတော့ နှစ်နှစ်ကာကာကြီး တကယ်ဖြစ်တဲ့အချိန်မှာကျတော့ ဘာမှ အကာအကွယ်မရှိဘဲ လွတ်လပ်ခွင့်ကို သိသိသာသာကြီး ပိတ်ပင်တာကတော့ မြင်ဖူးပြီးသား လက်တွေ့ပေါ့နော်။ သိရှိ ခံစားရဖူးတယ်။ အခုအနေအထားက ၂၀၂၁ နောက်ပိုင်းမှာ လွတ်လပ်ခွင့် အတိုင်းအတာတခုထိ ပေးထားတယ်။ ဒီအတိုင်းအတာကတော့ ရေရှည်ခိုင်ခံဖို့ သိပ်မယုံဘူး။ လွတ်လပ်ခွင့်က ပြောသာပြောတယ် တကယ် နှစ်နှစ်ကာကာ မရှိဘူးဆိုတာကတော့ သေချာထင်ထင်ရှားရှား မတွေ့တာကို ကျနော်တို့ သိနေပါတယ်။”

စစ်ပွဲတွေကြား ထိခိုက်နေတဲ့ ဘာသာရေးအသိုက်အဝန်းများ
please wait

No media source currently available

0:00 0:10:24 0:00


ဘာသာရေး ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ အသတ်ခံရတာတွေလည်း ပိုများလာသလို၊ စစ်အုပ်ချုပ်ရေးအောက်မှာ လူနည်းစု ဘာသာဝင်တွေ ဖိနှိပ်ခံရတဲ့ အခြေအနေ စိုးရိမ်စရာ ဖြစ်လာတဲ့ အကြောင်း နိုင်ငံတကာအစီရင်ခံစာတွေက ထောက်ပြမှုတွေရှိနေပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှင်းပမ်းခံရမှုတွေ၊ လက်နက်ကြီး ထိမှန်တာ၊ ဒါမှမဟုတ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေအပါအဝင် ဘာသာရေးခေါင်းဆောင် အရေအတွက်ဟာ အယောက် ၅၀ထက်မနည်း ရှိပါတယ်။ ဒီလိုပစ်ခတ်မှုကို စစ်တပ်တခုထဲက ကျူးလွန်တာမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင်မှုတွေမှာပါ သေဆုံးသူတွေ ပါဝင်နေတယ်လို့ နိုင်ငံတကာက ထောက်ပြမှုတွေရှိပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ် ဆမ်ဆွမ် ဆိုရင်လည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အပါအဝင် ပုဒ်မ ၃ ခု နဲ့တရားစွဲခံရပြီးထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရာက ပြီးခဲ့တဲ့လမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပေမယ့်လည်း စစ်ကောင်စီက ချက်ခြင်း ပြန်လည်ထိန်းသိမ်းတာခံရတာဟာ လတ်တလော ထင်ရှားတဲ့ သာဓကတခု ဖြစ်ပါတယ်။

ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တဦးကတော့ လက်ရှိ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုအခြေအနေနဲ့ပတ်သက်လို့ အခုလို သုံးသပ်ပါတယ်။

“ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊​ ဟိန္ဒူ၊ မွတ်ဆလင်ဘာသာတွေဘဲဖြစ်ဖြစ်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်မပြောနဲ့ ဘုရားသွား ကျောင်းတက်တောင် ကောင်းကောင်းလုပ်လို့မရဘူးလေ။ အရေးပေးမှုဆိုလဲ ဘာအရေးပေးတာလဲ၊ ဘာမှလဲ အရေး မပေးဘူးလေ။ ဘာသာတရားတိုင်းမှာ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့် ရှိကြတာဘဲလေ။ အဲလို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိတဲ့ကြားထဲမှာမှ စစ်ကြောင်းထိုးတယ်၊ ရွာကိုဝင်တယ်၊ ရွာတွေကို မီးရှို့တယ်။ အိမ်တွေမီးရှို့တဲ့အပြင်ကို ခရစ်ယာန်ဘာသာရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားကျောင်းကအစ မီးရှို့တော့ ကျတော်တို့က ဘာပြောလို့ ပြောရမလဲမသိတော့ဘူး။”

စစ်ကောင်စီကတော့ အခုလို ပြောဆိုမှုတွေကို အမြဲလိုလို ပယ်ချလေ့ရှိပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ပိတ်ပင်ကန့်သတ်ထားတာ မရှိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG