သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာကိုတရုတ်လွှမ်းမိုးမှု ကန်နဲ့အိန္ဒိယ တန်ပြန်နိုင်ခြေ “မေးမြန်းခန်း”


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အား G-20 အစည်းအဝေးမှာ အတူတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၁၉)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အား G-20 အစည်းအဝေးမှာ အတူတွေ့ရစဉ် (ဇွန် ၂၉၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု အတွက် အင်ဒိုပစိတ်ဖိတ်ဒေသတွင်း တရုတ်လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အိန္ဒိယက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး မြန်မာ့အရေးမှာ သူတို့ နှစ်နိုင်ငံလုံးရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ အာရှ လုံခြုံရေးဆိုင်ရာ ပညာရှင်တဦးက ထောက်ပြလိုက်ပါတယ်။ သမ္မတထရမ့် အစိုးရအနေနဲ့ မြန်မာ့အရေးအလေးထားဖို့ မရှိပေမဲ့ တရုတ်ကြီးစိုးနေတဲ့ မြန်မာ့ပဋိပက္ခမှာ အိန္ဒိယရဲ့ လုံခြုံရေးဦးစားပေးမှုတွေကို နောက်ကပံ့ပိုးပေးတာမျိုး လုပ်နိုင်တယ်လို့လည်း သုံးသပ်ပါတယ်။ ဝါရှင်တန် အခြေစိုက် စစ်ရေး ကျွမ်းကျင်သူ National War College က ပါမောက္ခ ဇက်ခရီအဘူဇာ (Zachary Abuza) ကို ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (VOA)- ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံရဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ဩဇာလွှမ်းမိုးမှုတွေ တိုးလာနေတဲ့ အချိန်မှာ အိန္ဒိယဟာ အမေရိကန်အတွက် ဘယ်လောက်အထိ မဟာဗျူဟာကျတဲ့ အရေးပါမှုရှိလဲဆိုတာကို မေးမြန်းချင်ပါတယ်။ ဆိုလိုတာက အခုဆိုရင် ဝန်ကြီးချုပ် မိုဒီဟာ သမ္မတ ထရမ့်နဲ့ ပထမ ဆုံး တွေ့ဆုံကြတဲ့ နိုင်ငံတကာခေါင်းဆောင်တွေထဲက တယောက် ဖြစ်လာပါတယ်။ ဒါဟာ အိန္ဒိယက အမေရိကန်ပြည်ထောင်စုအတွက် အရေးပါမှုကို ပြသနေလား ခင်ဗျာ။

ဒေါက်တာ ဇက်ခရီအဘူဇာ (ပါမောက္ခ၊ National War College) - အမေရိကန်ရဲ့ အင်ဒို-အာရှ ပစိဖိတ် ဆိုင်ရာ မဟာဗျူဟာကျ တွေးခေါ်စဥ်းစားချက်တွေ အပေါ်မှာ အိန္ဒိယနိုင်ငံရဲ့ အခန်း ကဏ္ဍ ဩဇာလွှမ်းမိုးမှုကို လျှော့မတွက်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက တကယ်တော့ အိုဘားမားအစိုးရလက်ထက်ကတည်းက စတင်ခဲ့တာပါ။ ထရမ့်ရဲ့ ပထမအစိုးရသက်တမ်းမှာလည်း သူဟာ [ဝန်ကြီးချုပ်] နာရန်ဒြာ မိုဒီနဲ့ ပုဂ္ဂိုလ်ရေး အရ ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ သမ္မတ ထရမ့်အတွက် အလွန်အရေးပါပါတယ်။ အိန္ဒိယဟာ စီးပွားရေးမိတ်ဖက်အနေနဲ့ အရေးကြီးပါတယ်။ တဘက်မှာလည်း အိန္ဒိယဟာ တရုတ်နိုင်ငံရဲ့ စစ်ရေး အရ ရန်လိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံဟာ ဟိမဝန္တာတောင်တန်း ဒေသတလျှောက် စစ်ရေးတည်ဆောက်မှုတွေ လုပ်နေတာပါ။ ဘူတန်နိုင်ငံထဲက နယ်မြေတချို့ကိုလည်း တရုတ်က သိမ်းထားပါတယ်။ ဒါက အိန္ဒိယ ရဲ့ Sikkim (ဆစ်ကင်း ) ဒေသ နဲ့ Siliguri (ဆီလီဂူရီ) ဒေသ မြောက်ဘက်မှာရှိတဲ့ အလွန်ကျဉ်းမြောင်းတဲ့ ကုန်းမြေပြင်ဖြစ်ပြီးတော့ ဒီနေရာဟာ ကီလိုမီတာ ၅၀ လောက် တောင် မကျယ်တဲ့ နေရာလေးပါ။ ဒါပေမယ့် အဲဒီဒေသက အိန္ဒိယ တိုက်ငယ်တခုလုံးကို အရှေ့ခြမ်းဒေသနဲ့ ဆက်သွယ်ပေးထားတဲ့ နေရာပါ။ မြန်မာဘက်ခြမ်း ချင်းပြည်နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

တရုတ်ရေတပ်ကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ ချဲ့ထွင်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာမှာ တရုတ် ရေတပ် ပိုပြီး အလှမ်းကျယ်လာနေတာကို တွေ့မြင်နေရပါတယ်။ ဒါဟာ BRI ခါးပတ်လမ်း စီမံကိန်းတွေတင်မကဘဲ၊ စစ်ရေးအခြေခံအဆောက်အအုံတွေပါ ပါဝင်နေတာပါ။

ဒါကြောင့် အိန္ဒိယနိုင်ငံဟာ လုံခြုံရေး အရ စိုးရိမ်စရာ အနေအထား ဖြစ်ပါတယ်။ သူတို့ဟာ မြောက်ဘက်မှာ BRI ခါးပတ်လမ်း စီမံကိန်းတွေနဲ့ တောင်ဘက်မှာ တရုတ် တပ်တွေ ဝိုင်းရံခံနေရသလို ဖြစ်လာပါတယ်။ ဒီအခြေအနေက အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ပိုပြီးနီးကပ်တဲ့ အလုပ်သဘော ဆက်ဆံရေး ရှိလာနိုင်ပါတယ်။

ဒါ့အပြင် အိန္ဒိယဟာ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန် နိုင်ငံတွေပါဝင်တဲ့ QUAD မဟာမိတ် အဖွဲ့ရဲ့ တည်ထောင်သူအဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ သူ့ရဲ့ ကိုယ်ပိုင် သီးခြား သံတမန်ရေးရာ ဆက်ဆံရေးပုံစံတွေ ရှိတယ်ဆိုတာကိုလည်း နားလည်ထားဖို့တော့ လိုပါတယ်။ သူတို့ဟာ ဘက်မလိုက် မူဝါဒ လှုပ်ရှားမှုကို တည်ထောင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ မဟာဗျူဟာကျ ကိုယ်ပိုင် ရပ်တည်တဲ့ ပုံစံမျိုးကို လိုလားကြပါတယ်။ QUAD လို အဖွဲ့မျိုးကို အမေရိကန်၊ ဂျပန် ဒါမှမဟုတ် ဩစတြေးလျနိုင်ငံတွေက တရုတ်ဆန့်ကျင်ရေး အဖွဲ့ဆိုတဲ့ ပုံစံမျိုး မြင်ကောင်း မြင်နိုင်ပေမယ့် အိန္ဒိယကတော့ ဒီလို မြင်မှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းအေး (VOA) - ဆိုတော့ ဒီလို အိန္ဒိယနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်မှု အနေအထားက တရုတ် ဩဇာလွှမ်းမိုးမှု တိုးလာနေတဲ့ မြန်မာနိုင်ငံ အခင်းအကျင်း ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ကိစ္စရပ်တွေ ဘယ်လို ပုံစံ ဆက်စပ်လာနိုင်သလဲ။

ဒေါက်တာ ဇက်ခရီ အဘူဇာ (ပါမောက္ခ၊ National War College) - ဒါက အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး အပေါ်မှာတော့ သက်ရောက်မယ် မထင်ပါဘူး။ ဒါပေမယ့် မြန်မာ့အရေးကို ထည့်သွင်း စဥ်းစားဖို့တော့ ကောင်းတယ် ထင်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အိန္ဒိယ အကျိုးစီးပွားတွေ တကယ့်ကို ရှိနေတယ် ဆိုတာကတော့ ထင်ရှားပါတယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံပါ။ ကျနော်တို့ မကြာခဏ မျက်ကွယ်ပြုထားတတ်ကြတာက နယူးဒေလီမြို့တော်က အစိုးရဟာ အိန္ဒိယ အရှေ့ခြမ်း ဒေသမှာ သူတို့ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက် စိုးရိမ်တကြီး ဖြစ်နေသလဲ ဆိုတာပါ။ အရှေ့ခြမ်းက မီဇိုရမ်နဲ့ အာသံ ပြည်နယ်တွေမှာက ခွဲထွက်ရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။ နိုင်ငံဖြတ်ကျော် မှုခင်းတွေလည်း အများကြီး ဖြစ်နေတာပါ။ ဒီဒေသဟာ နယူးဒေလီကနေ အလွန် အလှမ်းဝေးတဲ့ နေရာတွေပါ။

ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ဒီဒေသကို ကျဉ်းမြောင်းတဲ့ ကုန်းမြေ လမ်းကြောင်းကနေ ဆက်သွယ်ထားပြီ‌တော့ တရုတ်က ဒီဆက်သွယ်မှုလမ်းကြောင်းကို အလွယ်တကူ ဖြတ်တောက်နိုင်ပါတယ်။ အိန္ဒိယဟာ ဒီဒေသ ထီးထီးကြီး ဖြစ်ကျန်နေမှာကို တကယ့်ကို စိုးရိမ်နေတာပါ။ မြန်မာနိုင်ငံဘက်က စစ်ရေး ပဋိပက္ခ ကူးစက်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ သူတို့မှာ မီဇိုရမ်ကနေ ရခိုင်၊ စစ်တွေဆိပ်ကမ်းအထိ ဆက်သွယ်ဖို့ ကြိုးပမ်းနေတဲ့ အခြေခံအဆောက်အအုံ စီမံကိန်း လမ်းကြောင်းလည်း ရှိပါတယ်။ ဒါက ကုန်းလမ်း ရေလမ်း နှစ်မျိုးလုံးပါတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တခုပါ။ ဒီလို လုပ်ရတဲ့ အကြောင်းကလည်း အိန္ဒိယအရှေ့ခြမ်းဟာ အိန္ဒိယပိုင် ဆိပ်ကမ်း တခုခုနဲ့က အလွန် အလှမ်းဝေးနေလို့ပါ။ ဒါကြောင့် အိန္ဒိယဟာ မြန်မာနိုင်ငံမှာ အမှန်တကယ် အကျိုးစီးပွားတွေ ရှိနေပါတယ်။

နောက်ဆုံးတခုလည်း ထောက်ပြစရာ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အိန္ဒိယကို ကြည့်ရင် ဒီမိုကရေစီနိုင်ငံဖြစ်ပါရဲ့နဲ့ ဘာကြောင့် စစ်အုပ်စုကို ထောက်ခံနေရသလဲ ဆိုတာမျိုး အခြေခံနဲ့ ကြည့်လေ့ရှိပါတယ်။ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တန်ဖိုးတွေ၊ စံနှုန်းတွေ ရှိသင့်တယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် နေပြည်တော်က စစ်အုပ်စုရဲ့ အဆုံးအရှုံးတွေ များနေလေ တရုတ်ကို ပိုမိုမှီခိုလာနေလေ ဖြစ်လာမှာကို အိန္ဒိယက အမြဲ စိုးရိမ်နေတယ်လို့ ထင်ပါတယ်။ အိန္ဒိယဟာ သူတို့ရဲ့ နယ်စပ်တလျှောက် တရုတ် ဩဇာကြီးလာမှာ၊ ဒါမှမဟုတ် တရုတ်ကို နယ်မြေတွေ ပေးလိုက်ရမှာကို လုံးဝ လက်မခံနိုင်ပါဘူး။

ငြိမ်းချမ်းအေး (VOA) - ဟုတ်ကဲ့၊ ဒါဆိုရင် တရုတ်ကိစ္စက အမေရိကန်နဲ့ အိန္ဒိယ အတွက် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ကြည့်တဲ့အခါမှာ ဘုံတူညီတဲ့ အကျိုးစီးပွားဖြစ်နိုင်လား။

ဒေါက်တာ ဇက်ခရီ အဘူဇာ (ပါမောက္ခ၊ National War College) - ဟုတ်ပါတယ်။ ဒီမှာလည်း အတိုင်းအတာ မတူညီမှုတွေ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အိန္ဒိယကတော့ မြန်မာနိုင်ငံကို အရေးထားပါတယ်။ ထရမ့်အစိုးရကတော့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့မှ အာရုံစိုက်လာနိုင်တာမျိုး မတွေ့ရသေးပါဘူး။ ဦးစားပေးမှုမှာ အားနည်းပါတယ်။ အခု အစိုးရအနေနဲ့ မြန်မာ့အရေးက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ချက်ချင်း ထိခိုက်နိုင်တယ်လို့ မသတ်မှတ်ပါဘူး။ ဒါပေမယ့် ဒီလို ယူဆချက်မျိုးကို ကျွန်တော်တဦးတည်း အမြင်ကတော့ သဘောမတူပါဘူး။ ကျွန်တော့် အမြင်အရတော့ မြန်မာ့အရေးမှာလည်း အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးတဲ့ကိစ္စတွေရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီဖွံ့ဖြိုးရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တွေ ထွန်းကားဖို့က လက်ရှိ အမေရိကန် အစိုးရရဲ့ ဦးစားပေးကိစ္စမဟုတ်ပါဘူး။ လူ့အခွင့်အရေးမြှင့်တင်ရေးကလည်း မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ အမေရိကန်အစိုးရက တကယ်တမ်း တခုခုကို မြှင့်တင်လုပ်မှာမျိုး မမြင်ရသေးပါဘူး။

အမေရိကန်ရဲ့ နိုင်ငံရပ်ခြား အကူအညီ USAID က သွားတဲ့ အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာက မြန်မာနိုင်ငံအတွက် ထိခိုက်စေပါတယ်။ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ထောက်ပံ့တာကနေ၊ ဒေသ အစိုးရတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ကူညီပေးနေတဲ့အစီအစဉ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ် အစားအစာ ထောက်ပံ့ရေးတွေအထိ သက်ရောက်စေပါတယ်။ အခုလောလောဆယ်မှာတော့ ရိုဟင်ဂျာတွေကို ပေးနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတချို့ပဲ ဆက်လက်ပေးနေတာကို တွေ့ရပါတယ်။

ငြိမ်းချမ်းအေး (VOA) - ဟုတ်ကဲ့၊ လက်ရှိအမေရိကန်အစိုးရ အနေနဲ့ မြန်မာ့ အရေးမှာ စိတ်ဝင်စားမှု မရှိဘူးလို့ ရှင်းပြတာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာ အမြင်နဲ့ ကြည့်မယ် ဆိုရင်၊ ပညာရှင် အမြင် နဲ့ ဆိုရင်ရော မြန်မာနဲ့ အရှေ့တောင်အာရှဒေသက အမေရိကန် အတွက် အရေးပါတယ်လို့ ယူဆနိုင်ပါသလား။ အဲဒီလို ယူဆမယ်ဆိုရင်၊ အမေရိကန် အတွက် မြန်မာပြည် အနေအထားမှာ အဓိက ဗျူဟာမြောက်စိုးရိမ်ချက်တွေက ဘာတွေ ဖြစ်မလဲ၊ တရုတ်ကိစ္စလား။ ဒါမှမဟုတ် လုံခြုံရေး ဆိုင်ရာလား။၊ စီးပွားရေးအကျိုးစီးပွားတွေလား။

ဒေါက်တာ ဇက်ခရီ အဘူဇာ (ပါမောက္ခ၊ National War College) - ကျွန်တော်အနေနဲ့ အမြဲသတိပေး ပြောလေ့ရှိတာက အရှေ့တောင်အာရှဟာ အမေရိကန်နဲ့ တရုတ် နှစ်နိင်ငံကြားမှာ အပြိုင်အဆိုင်အများဆုံး ဖြစ်လာမယ့် နေရာ ဆိုတာပါ။ ဒါက မြန်မာနိုင်ငံမှာ ဆိုရင် ပိုမှန်ပါတယ်။ တဘက်မှာလည်း တရုတ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးစီးပွားတွေရှိတယ်ဆိုတာကို အမေရိကန်အနေနဲ့ နားလည်ဖို့လိုပါတယ်။ တရုတ် အတွက်က မြန်မာမှာ သူတို့ရဲ့ အကျိုးစီးပွားက အမြဲရှိနေမှာပါ။ မြန်မာက သူတို့နယ်စပ်မှာရှိတဲ့နိုင်ငံပါ။ ပြီးတော့ တရုတ်က သူ့ရဲ့ နယ်စပ်တလျှောက် လုံခြုံရေးကိုလည်း အရမ်းဂရုစိုက်ပါတယ်။

ဒါပေမယ့်၊ အမေရိကန် အတွက်လည်း သူ့နည်းသူ့ဟန်နဲ့ အကျိုးစီးပွားတွေရှိနေပါတယ်။ အစဥ်အလာအားဖြင့် ဆိုရင်တော့ အမေရိကန်က ဒီမိုကရေစီ၊ ကောင်းမွန်တဲ့အုပ်ချုပ်စနစ်နဲ့ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ဖို့တွေကို အားပေးခဲ့ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုစနစ်အတွက်လည်း စိုးရိမ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်ကပ်ရောဂါတခုဖြစ်လာဖို့ဟာ အနှေးနဲ့ အမြန်ပါပဲ။ ဒီနေရာမှာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ ပြည်သူ့ကျန်းမာရေးစနစ်က လုံးဝပြိုလဲနေပါတယ်။ သူတို့က စစ်ရေးမှာပဲ ပုံအောပြီး ပိုက်ဆံတွေသုံးနေတာပါ။ ဆိုတော့ ကမ္ဘာ့ လူဦးရေ အများဆုံး နှစ်နိုင်ငံကြားထဲမှာ ညပ်နေတဲ့ မြန်မာရဲ့ ပြည်သူ့ကျန်းမာရေး ကိစ္စကလည်း အရေးပါပါတယ်။

နောက်တခုက အမေရိကန် အနေနဲ့ လုံခြုံရေးအရလည်း မြန်မာကို စိုးရိမ်သင့်ပါတယ်။ တရုတ်တွေ ရခိုင်မှာ ဆိပ်ကမ်းတွေတည်ဆောက်ပြီး ဝင်ရောက်ခွင့်ရမှာမျိုး ဒါမှမဟုတ် ရန်ကုန်ဆိပ်ကမ်းကို ရုရှားတွေ အသုံးပြုခွင့် ရမှာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ တရုတ်နဲ့ ရုရှားနှစ်နိုင်ငံလုံးက အိန္ဒိယသမုဒ္ဒရာထဲမှာ သူတို့ရဲ့ဩဇာလွှမ်းမိုးမှုတွေ ချဲ့ထွင်သွားနိုင်မှာဖြစ်ပါတယ်။

ဥပမာ တခု ပေးရရင်၊ တရုတ်နဲ့ အမေရိကန်က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး စစ်ရေးပဋိပက္ခ ဖြစ်လာခဲ့မယ် ဆိုရင် မြန်မာကနေ ကူမင်းကို ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ လမ်းပေါက်နေတာက အရမ်းအရေးကြီးလာပါမယ်။ နောက်တခုက တရုတ်ရဲ့ ဆက်သွယ်ရေးလိုင်းတွေ၊ အာဖရိက၊ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းကို ဆက်သွယ်ဖြန့်ကျက်ထားတဲ့ ဘရော့ဒ်ဘန်း အင်တာနက် ဖိုင်ဘာ ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ မြန်မာနိုင်ငံကနေ ဖြတ်သွားတာကိုလည်း သတိပြုသင့်ပါတယ်။ ဒါကြောင့် မြန်မာကိစ္စမှာ အမေရိကန် အနေနဲ့ လုံခြုံရေးအရ တကယ့်အကျိုးစီးပွားတွေရှိနေပါတယ်၊ ဒါမှမဟုတ် ရှိသင့်ပါတယ်။

နောက်ဆုံးတချက် ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှား သတ္တုတွေရဲ့ ပမာဏ အတိုင်းအတာကိုလည်း ချန်ထားလို့ မရပါဘူး။ တရုတ်က မြေရှား ဓာတ် တူးဖော်ရေးမှာ မဟုတ်ရင်တောင် သန့်စင် ထုတ်လုပ်ရေးမှာ လုံးဝနီးပါး ကြီးစိုးနေတာက စိုးရိမ်စရာပါ။ ဒါက အမေရိကန်အတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတခုဖြစ်ပါတယ်။ ဒီနေရာမှာ၊ မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးပါတဲ့ မြေရှားသတ္တု ထုတ်လုပ်ပံ့ပို့းပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်လေ့လာထားသလောက် နောက်ဆုံးခန့်မှန်းချက်တွေအရ၊ တရုတ်ဟာ ကချင်ပြည်နယ်ကနေ သူတို့ရဲ့ မြေရှားဓာတ်သတ္တု ၄၀% လောက်ကို ရနေပါတယ်။

အမေရိကန်ပြည်ထောင်စုကသ အတိုက်အခံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သူတို့နဲ့ပူးပေါင်းနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့နိုင်မယ်ဆိုရင်၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေနဲ့ပူးပေါင်းပြီး တခြား ထောက်ပံ့ရေးကွင်းဆက် လမ်းကြောင်းတွေ တည်ဆောက်ဖို့ ကြိုးစားနိုင်မယ်ဆိုရင်၊ ဒါက ကမ္ဘာ့လုံခြုံရေးအတွက် အရမ်းအရေးကြီးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ၊ တရုတ်ကသာ ကမ္ဘာကို မြေရှားဓာတ် ဖြတ်တောက်လိုက်မယ်ဆိုရင် ဒါက ကျွန်တော်တို့ အတွက် အလွန့် အလွန်ကို အားနည်းချက်ကြီး ဖြစ်စေမှာပါ။

ငြိမ်းချမ်းအေး (VOA) - ဟုတ်ကဲ့၊ ပါမောက္ခ အဘူဇာ ထောက်ပြသလိုပဲ၊ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက သိပ်ကြီးနေတယ်။ ဒီအခြေအနေမှာ အိန္ဒိယနဲ့ အမေရိကန်တို့ဟာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို ထိန်းညှိဖို့ ဒေသတွင်းမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လာနိုင်မလား။ ဆိုလိုတာက ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ထရမ့်တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်တဲ့ အနေအထားမှာ ဒါဟာ နှစ်နိုင်ငံခေါင်းဆောင်တွေအတွက် သူတို့ရဲ့မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးကောင်းတခု ဖြစ်မလား။ ကျနော် သိပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကုန်သွယ်ရေးနဲ့ အကောက်ခွန်ကိစ္စတွေ ဆိုတာ၊ ဒါပေမယ့် အရှေ့တောင်အာရှနဲ့ပတ်သက်တဲ့ သူတို့ရဲ့မူဝါဒကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးရှိလာမလား။

ဒေါက်တာ ဇက်ခရီ အဘူဇာ (ပါမောက္ခ၊ National War College) - ဒါဟာ အခွင့်အရေးတခု ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါကို သူတို့ အသုံးချမလား၊ လုပ်မလား မလုပ်ဘူးလားဆိုတာကတော့ နောက်ထပ် ပြောစရာတခုပါ။ ခင်ဗျားပြောသလိုပဲ၊ သမ္မတ ထရမ့်ရဲ့ အဓိကဦးစားပေးက အိန္ဒိယက အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ၄၆ ဘီလီယံ ပိုငွေပြနေတဲ့ ကိစ္စပါ။

ဒါကြောင့် သမ္မတ ထရမ့်ဟာ အိန္ဒိယက အမေရိကန်ကနေ သဘာဝဓာတ်ငွေ့အရည်၊ အစားအစာ၊ စစ်ရေးပစ္စည်းတွေ ပိုပြီး တင်သွင်းပြီး ပိုငွေပြနေတာကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေမယ် ဆိုတာကတော့ အသေအချာပါ။ ဒါမှသာ ကုန်သွယ်ရေး ပိုငွေပြနေတာကို ညီမျှအောင် လုပ်နိုင်မှာပါ။

တဘက်မှာလည်း အမေရိကန်ဟာ အိန္ဒိယကို အာရှဒေသအတွင်း လုံခြုံရေးမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်လာစေချင်တာကလည်း ထင်ရှားပါတယ်။ တရုတ်ကို ထိန်းညှိဖို့နဲ့ တရုတ် အပြင် ထောက်ပံ့ရေးကွင်းဆက် လမ်းကြောင်းတွေ တည်ဆောက်ဖို့ပါ။ ဒါပေမယ့် ထရမ့် အစိုးရ အနေနဲ့ အမေရိကန်-အိန္ဒိယ မူဝါဒဆိုင်ရာ ပူးပေါင်းညှိနှိုင်းပြီး အရှေ့တောင်အာရှဒေသမှာ အသေးစိတ်အဆင့်ထိ လုပ်နိုင်မလား ဆိုတာကတော့ ဒီအချိန်မှာ ဖြစ်နိုင်ခြေနည်းပါတယ်။ ကျွန်တော့် ခန့်မှန်းချက်ကတော့ အမေရိကန်အနေနဲ့ မြန်မာလို နေရာတွေမှာ အိန္ဒိယရဲ့ လုံခြုံရေးဦးစားပေးမှုတွေကို နောက်က ထောက်ခံ ကူညီပေးတာမျိုးလောက်ပဲ လုပ်သွားမယ် ထင်ပါတယ်။ အခုအချိန်အထိတော့ ထရမ့် အစိုးရ အနေနဲ့ မြန်မာမှာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားတွေ အရေးတကြီးနဲ့ ရှိနေတယ်ဆိုတာမျိုး ဖော်ပြတဲ့ လုပ်ဆောင်ချက်မျိုး မရှိသေးပါဘူး။

Forum

XS
SM
MD
LG