သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်အစိုးရသစ် မူဝါဒအလားအလာ 


အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)

မြန်မာ့အရေးမှာ အမေရိကန်ပြည်ထောင်စုက သတိထားချဉ်းကပ်နေတာနဲ့ ပြတ်ပြတ်သားသား အရေးယူတာတွေ ကင်းမဲ့နေတာတွေက မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခထဲ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ဖို့ ခွင့်ပြုသလို ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်တဲ့ နိင်ငံတကာ သုတေသီ Hunter Marston က သုံးသပ်ပါတယ်။ အမေရိကန်လွှတ်တော်မှာ မြန်မာ့အရေးတက်ကြွလုပ်ဆောင်သူတဦးက ထရမ့် အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာကတော့ မြန်မာ့ဒီမိုကရေစီအရေး အခွင့်အလမ်းကောင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ သိပ်မကြာခင်ကရေးတဲ့ ဟန်တာ မာစတန်ရဲ့ စာတမ်းထဲမှာဆိုရင် မြန်မာ့အရေးမှာ အမေရိကန်ပြည်ထောင်စုက သတိထားချဉ်းကပ်နေတာနဲ့ ပြတ်ပြတ်သားသား အရေးယူတာတွေ ကင်းမဲ့နေတာတွေက တမင် ရည်ရွယ်လို့တော့ ဟုတ်ချင်မှ ဟုတ်ပေမယ့် တဘက်မှာ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခထဲ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ဖို့ ခွင့်ပြုသလို ဖြစ်နေတယ် ဆိုတဲ့ သဘောမျိုး ပြောထားတယ်လို့ နားလည်ရပါတယ်။ မြန်မာက တရုတ်အပေါ် ပိုမိုမှီခိုလာရတဲ့ သဘောပေါ့။ စစ်ကောင်စီတင် မဟုတ်ဘဲ၊ အတိုက်အခံတွေ၊ ဒီမိုကရက်တစ်အင်အားစုတွေ၊ တော်လှန်ရေးအဖွဲ့တွေကို ကိုယ်တိုင်လည်း ‘တရုတ်ကိစ္စ’ ကို ပိုပြီး ထည့်သွင်း စဥ်းစားလာရပြီး တဆက်တည်း ဒါက အရှေ့တောင်အာရှဒေသတွင်းမှာ ဘေဂျင်းက တရုတ်အစိုးရက ပိုပြီး ချုပ်ကိုင် လွှမ်းမိုးနိုင်တဲ့ ဘက်ကို ဦးတည်သွားစေတဲ့ သဘောမျိုးပေါ့။ ဒီလိုမျိုး နားလည်ရပါတယ်။ ဆိုတော့ ဒီလို ဘာကြောင့် ပြောနိုင်ရပါသလဲ။ ဒီအကြောင်းကို အကျဥ်းချုံး ရှင်းပြပေးပါ။

Hunter Marston (သုတေသီ)။ ။ ပြောရရင် ကျနော်ရဲ့ ထောက်ပြ ဆွေးနွေးချက်မှာ နှစ်ပိုင်း ရှိပါတယ်။ ပထမအချက်က နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေးအခင်းအကျင်းမှာ စီးပွားလုပ်ငန်းကြီးတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေက ယုံကြည်မှု မရှိတော့တာက စစ်ကောင်စီ အတွက် ၂၀၂၁ ခုနှစ်ကတည်းက သူတို့ အားကိုးရမယ့် မိတ်ဖက်နည်းပါးလာနေတာ ဖြစ်ပါတယ်။ ဒါက တချက်ပါ။

မြန်မာနိုင်ငံအတွက်တော့ တရုတ်က အရင်တုန်းကရော၊ နောက် အနာဂတ်မှာပါ အမြဲ အရေးတဲ့ အခန်းကဏ္ဍက အမြဲပါနေမှာပါ။ ဒီမိုကရေစီ အစိုးရတွေပဲ ဖြစ်ဖြစ်၊ စစ်အစိုးရပဲ ဖြစ်ဖြစ် ဒါက ပကတိ အနေအထားပါ။ ဒါပေမယ့် နိုင်ငံတကာက ဖယ်ကြဥ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံက ပိုပြီး သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် တရုတ်ရဲ့ သြဇာပိုကြီးလာတဲ့ အကြောင်းတွေကရော ဘာဖြစ်မလဲ။ အရင် ခေတ်အဆက်ဆက်မှာ သူတို့က မြန်မာနိုင်ငံက စစ်အစိုးရတွေနဲ့ ဆက်ဆံရေး အရမ်းကောင်းကြတယ်။ ဒါ့အပြင် အထူးသဖြင့် သူ့ နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ်မှာလည်း အတော်လေး သြဇာရှိတယ်။ ဆိုတော့ တခြား ထည့်သွင်းစဥ်းစားစရာ ဘာရှိဦးမလဲ။

Hunter Marston (သုတေသီ)။ ။ တရုတ်က အမြဲပဲ [ပြည်တွင်းရေးကို] ဝင်ရောက် မစွက်ဖက်ဘူး ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို အမွှန်းတင်လေ့ရှိပါတယ်။ တကယ်တမ်း ဝင်ရောက်စွက်ဖက်သလား၊ မစွက်ဖက်ဘူးလား ဆိုတာကတော့ အငြင်းပွားစရာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်က မြန်မာ့နိုင်ငံရေး အပေါ် တသမတ်တည်း ချဉ်းကပ်တဲ့ ပုံစံမှာ နေပြည်တော်မှာ အုပ်ချုပ်‌တဲ့ ဘယ်သူနဲ့ မဆို ထိတွေ့ဆက်ဆံလာတာက သူတို့အတွက် အခွင့်ကောင်း တရပ် ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကျတော့ အာဏာသိမ်းတာကို ရှုတ်ချတာမျိုး ဒါမှမဟုတ် မြန်မာကို ဖယ်ချန်ထားတာတွေ လုပ်လိုက်လို့ တရုတ်နိုင်ငံရဲ့ သံတမန် ဆက်ဆံရေးက ပိုခိုင်မာ အားကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က တရုတ် အပေါ်မှာ တော်တော်များများမှာ မှီခိုလာရပါတယ်။ ရုရှား အပေါ်မှာလည်း အလားတူပါပဲ။ အိန္ဒိယ၊ ဂျပန်၊ ထိုင်း အပါအဝင် တခြားနိုင်ငံတချို့လည်း အတိုင်းအတာ တခုအထိ အဲဒီလိုပါပဲ။ တရုတ် သြဇာကလည်း တိုးလာပါတယ်။ ခင်ဗျား ပြောသလိုပဲ စစ်ကောင်စီ အပေါ်မှာ တင် မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်အဖွဲ့တွေ အထူးသဖြင့် ကိုးကန့်အဖွဲ့လို မြောက်ပိုင်း က အဖွဲ့တွေ အပေါ် တိုးလာပါတယ်။ အခု သီတင်းပတ်ထဲမှာတင် အပစ်အခတ်ရပ်စဲရေး အသစ် ကြေညာတာမျိုး မြင်ခဲ့ရတယ်မလား။ ဆိုတော့ အားလုံးက မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို အသိအမှတ်ပြု လေးစားရပါတယ်။

MNDAA - စစ်ကောင်စီ အပစ်ရပ် တရုတ်ကြေညာမှု တုံ့ပြန်ချက်များ
please wait

No media source currently available

0:00 0:05:57 0:00

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ ဆိုလိုချင်တာက စစ်ကောင်စီ အပေါ် ကို အထီးကျန် ပစ်ထားမယ့် အစား အမေရိကန်အစိုးရအနေနဲ့၊ အခု အုပ်ချုပ်ရေးအသစ်အနေနဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ဆိုလိုချင်တာလား ခင်ဗျာ။

Hunter Marston (သုတေသီ)။ ။ ကျနော် ပြောချင်တာက မူဝါဒကို ပြန်လည် သုံးသပ်ဖို့အကြံပြုတာပါ။ ထရမ့် အစိုးရ အဖွဲ့မှာ စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမယ့် မူဝါဒကို အားပေးချင်တဲ့သူတချို့ ပါကောင်း ပါနိုင်တယ် ဆိုတာမျိုး ပြောတာ ကြားရပါတယ်။ ဒါပေမယ့် ဒါက ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း တဆင့်ပြီး တဆင့် ပြန်လည် ထိတွေ့ဆက်ဆံလာတဲ့ မူဝါဒနဲ့ အလွန်ကွာခြားပါလိမ့်မယ်။ ၂၀၁၁၊ ၂၀၁၂ ခုနှစ် အစရှိသလို အဲ့တုန်းက အခြေအနေက အမေရိကန်နဲ့ နိုင်ငံတကာ အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်လဲရေးကို ဦးတည်နေတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မြင်ခဲ့ရတာပါ။

အခု အခြေအနေကကျ နိုင်ငံအနှံ့ စစ်ဖြစ်နေပြီး ပြိုပျက်နေတဲ့ အနေအထား ဖြစ်နေတာပါ။ စစ်တပ်ကလည်း ခုခံတော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဖို့ ဆန္ဒမရှိသလို အပစ်အခတ်ရပ်စဲရေးရဲ့ အခြေခံ စည်းမျည်း စည်းကမ်းတွေကိုတောင် လေးစားလိုက်နာတဲ့ အနေအထားမျိုးလည်း မရှိပါဘူး။ .

ဆိုတော့ အနောက် နိုင်ငံတွေရဲ့ အနေအထားက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး အဲဒီကနေ ရှေ့ဆက်ကြမယ် ဆိုတာမျိုး လုပ်ဖို့က မလွယ်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲ ဖြစ်လာ ဖြစ်လာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် မြန်မာမှာက အချိန်အတော်ကြာတဲ့ အထိတော့ စစ်က ဆက်ဖြစ်နေဦးမှာပါ။

ဒါကြောင့် ပြန်လည် ထိတွေ့ဆက်ဆံရေး လမ်းကြောင်းက မှန်တယ်လို့တော့ ကျနော်မထင်ပါဘူး၊ ဒါပေမယ့် ပိတ်ဆို့အရေးယူမှု မူဝါဒ ပြောင်းလဲ လာနိုင်ဖို့ စစ်ကောင်စီဘက်က ဘယ်လို အလျှော့ပေး ညှိနှိုင်းတာတွေ လုပ်နိုင်မလဲ ဆိုတာကို သိနိုင်ဖို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ထိတွေ့တာမျိုး၊ အရေးယူမှုနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရေး မူဝါဒတွေကို သုံးသပ်တာမျိုးတွေကို အနောက်နိုင်ငံတွေ အနေနဲ့ အတိုင်းအတာ တခုအထိ လုပ်တာမျိုးတွေက လိုအပ်နိုင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ နောက် စာတမ်းထဲမှာ နောက်တခုက မြန်မာနိုင်ငံမှာ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ ဖြန့်ကျက်ချထားဖို့ အလားအလာကိုလည်း ထောက်ပြထားတာ တွေ့ရပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် စစ်ကောင်စီက ဒါကို တရားဝင် ခွင့်ပြုတော့မယ့် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဆိုလိုတာက ဒီ တရုတ်ပုဂ္ဂလိက တပ်တွေက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အတူ ရှမ်းပြည်မြောက်ပိုင်း ဒါမှမဟုတ် ရခိုင်မှာ တရုတ် စီမံကိန်းကြီးတွေ၊ ခါးပတ်လမ်း စီမံကိန်းတွေမှာ တပ်ချမယ့် သဘောမျိုးပါ။ လုံခြုံရေးရှုထောင့်ကနေကြည့်ရင် ဒါဟာ အမေရိကန်အတွက် စိုးရိမ်စရာ အချက် ဖြစ်လာနိုင်လား။ ဆိုလိုတာက ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ တရုတ် အတွက် ပြည်ပ လုံခြုံရေး တပ်ဖြန့်နိုင်မယ့် စမ်းသပ်စရာ နေရာလို ဖြစ်လာနိုင်ပါသလား။ အထူးသဖြင့် ဒေသတွင်းမှာက နဂိုကတည်းက တောင်တရုတ်ပင်လယ် အငြင်းပွားမှုလို အလွန်အကဲဆတ်တဲ့ ဒေသ အခြေအနေ ဖြစ်နေတော့ ဒီတရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ကိစ္စက အမေရိကန် အတွက် သူတို့ရဲ့မူဝါဒကို ပြန်လည်စဉ်းစားသုံးသပ်ပြီး မြန်မာ့အရေးမှာ အာရုံစိုက်လာစေဖို့ လှုပ်နှိုးမှု တခု ဖြစ်လာနိုင်လား။

Hunter Marston (သုတေသီ)။ ။ ဟုတ်ပါတယ်၊ ဒါက လှုပ်နှိုးချက်တွေက ထဲက တခုပါ။ အရှေ့တောင် အာရှ ဒေသနဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ သြဇာ လွှမ်းမိုးလာနေကို အမေရိကန်က အချိန်အတော်ကြာ ကတည်းက စိုးရိမ်နေခဲ့တာပါ။ ဒါပေမယ့် တရုတ်ရဲ့ ခါးပတ်လမ်း BRI ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေ မှာ လုံခြုံရေးယူတာကတော့ ပါကစ္စတန်မှာလည်း လုပ်ခဲ့တာကို အရင်က တွေ့ခဲ့ရပါတယ်။ ဒါကြောင့် တရုတ် အတွက် သေချာပေါက် အားသာစေမယ့်၊ တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ ပိုပြီး ချဲ့ထွင်လာနိုင်မယ့် သီရိလင်္ကာ၊ ပါကစ္စတန်၊ အီရန် အစရှိတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံတွေမှာ လုံခြုံရေး ရယူတာမျိုး နောက် ဥပမာ ပြောရရင် အိန္ဒိယ သမုဒ္ဒရာတလျှောက် မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းတွေ တည်ဆောက်တာမျိုးရဲ့ အလားအလာကို အမေရိကန် အနေနဲ့ နဂိုကတည်းက သတိကြီးကြီးထားပါတယ်။ အမေရိကန်အနေနဲ့ ဒီကိစ္စကို အတော်လေး အလေးထားတယ်လို့ ကျနော် ထင်ပါတယ်။

ဆောင်းပါးမှာ ကျနော့် ထောက်ပြချက် တခုက အဓိက ပြောရရင် တဆင့် ကြားခံ စစ်ပွဲမျိုး အထိ ကြီးကျယ်သွားနိုင်တဲ့ အနီရောင် ကန့်သတ်မျဥ်းဘောင်ကို ကျော်လာနေပြီလို့ တရုတ်က ယူဆသွားမှာကို စိုးရိမ်လို့ အမေရိကန်အနေနဲ့ မြန်မာ့ အရေးမှာ ပါဝင်ပတ်သက်ဖို့ပဲ ဖြစ်ဖြစ်၊ ခုခံတော်လှန်ရေး အင်အားစုတွေကို ထောက်ခံပေးတာမျိုးမှာပဲ ဖြစ်ဖြစ် နောက်တွန့်နေတာကို ပြောချင်တာပါ။ တရုတ်က ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာ ပိုပြီး နေရာရယူလာသလို သူ့ရဲ့သြဇာကလည်း ပိုပိုပြီး ချဲ့ထွင်ကြီးထွားလာမှာပါ။ ဒါက လက်ရှိ သတိကြီးကြီးထားပြီး နောက်တွန့်နေတဲ့ အမေရိကန်ရဲ့ မူဝါဒ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။

ဒါကြောင့် ထရမ့် အစိုးရသစ်အနေနဲ့ ခုခံတော်လှန်ရေးကို ထောက်ခံပေးဖို့ ပိုပြီး တက်တက်ကြွကြွနဲ့ လုပ်ဖို့ ကောင်းတယ်လို့ ကျနော်ကထောက်ပြတာပါ။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် နိုင်ငံတွင်းက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့ ပြောချင်တာပါ။ မြန်မာ့အရေးမှာ အမေရိကန်ပါပါ၊ မပါ,ပါ တရုတ်နိုင်ငံဘက်ကတော့ ဆက်ပြီး ပါဝင် ပတ်သက်နေမှာပါ။ ဒါပေမယ့် အနောက်နိုင်ငံတွေက မြန်မာ့ဒီမိုကရေစီရေးနဲ့ ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံအားပေးတယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ဖြစ်လာအောင် ပိုပြီး လုပ်ဆောင်ပေးနိုင်တယ် ထင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ တဆင့်ကြားခံ ပရောက်စီစစ်ပွဲ အတွက် စိုးရိမ်မှု ဒါမှမဟုတ် အန္တရာယ် တကယ် ရှိလာနိုင်လားဗျာ။ ဆိုလိုတာက၊ အမေရိကန်က ပိုပြီး တက်တက်ကြွကြွနဲ့ မြန်မာနဲ့ ဒေသတွင်းမှာ မတူကွဲပြားတဲ့ အစုအဖွဲ့တွေနဲ့ ပို ထိတွေ့လာမယ်ဆိုရင် ဒါဟာ တရုတ်နဲ့ တင်းမာမှုတွေကို တိုးလာစေမှာလား။

Hunter Marston (သုတေသီ)။ ။ ဘေဂျင်း အစိုးရကတော့ အဲဒီလို ခံယူမယ့် အန္တရာယ်ရှိတယ် ထင်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အကူအညီက ကာကွယ်ရေးနည်းပညာနဲ့ ဆက်သွယ်ရေးပစ္စည်းတွေလောက်ပဲ ကန့်သတ်ထားရင်၊ ဒုံးကျည်တွေ ဒါမှမဟုတ် အကြီးစားလက်နက်တွေ မထောက်ပံ့ပေးသေးသရွေ့တော့ တဆင့် ကြားခံ စစ် ဖြစ်လာနိုင်စရာ မမြင်ပါဘူး။ ပြောချင်တာက မြန်မာစစ်တပ်ကပဲ မတော်တဆ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ် တမင်တကာ လုပ်တယ်လို့ ထောက်ပြရင်လည်း ရနိုင်တဲ့ တရုတ် နယ်စပ်မှာ တိုက်ခိုက်တာမျိုးတွေ တရုတ်ဘက်ခြမ်းကို ထိခိုက်စေတာမျိုးတွေ လုပ်ပါတယ်။ အမေရိကန်က ဒါမျိုး ပါဝင်ပတ်သက်မှု မရှိပါဘူး။ ဆိုတော့ ခုခံတော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေမှာ တရုတ်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် တရုတ် နိုင်ငံသားတွေကို တိုက်ရိုက် ထိခိုက်စေနိုင်တာမျိုးတွေမှာ အမေရိကန်ရဲ့ အကူအညီတွေ ပါဝင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ အမြဲပဲ သံသယနဲ့ ရှုမြင်လေ့ရှိတယ်လို့ ပြောကြပါတယ်။ ရန်ကုန်က အမေရိကန် သံအမတ်ကို တရုတ်သံတမန်က ကချင်ဘက်ကို မသွားဖို့ ဖိအားပေးတာတွေတောင် လုပ်ခဲ့တယ် ဆိုတာကို ဟန်တာ မာစတန်ရဲ့ စာတမ်းမှာတောင် ထည့်ရေးထားသေးတယ်မလား။ ဆိုတော့ သံသယနဲ့ တုံ့ပြန်မယ့်ပုံပါပဲ။ ဒီလိုအနေအထားမှာ အမေရိကန်နဲ့ အတိုက်အခံ အင်အားစုတွေဘက်က ရှေ့ကို ဆက်သွားနိုင်ဖို့ အတွက် တရုတ်ရဲ့ ကန့်သတ် အနီရောင်မျဥ်းကိုလည်း မကျော်စေဘဲ ဟန်ချက်ညီအောင် ဘယ်လို လုပ်နိုင်မလဲ။

Hunter Marston (သုတေသီ)။ ။ ဟုတ်ကဲ့၊ ကျနော် ပြောသလိုပါပဲ၊ မြန်မာနိုင်ငံထဲမှာ သူတို့ရဲ့ ရည်မှန်းချက်တွေက အကန့်အသတ်နဲ့ပဲ ရှိတာပါ ဆိုတာမျိုး၊ ပြီးတော့ အရပ်သားတွေရဲ့ အသက်ကို ကာကွယ်ဖို့ပဲ ဆိုတာမျိုးတွေကို အမေရိကန်အနေနဲ့ ဘေဂျင်း အစိုးရကို အာမခံချက်ပေးနိုင်တဲ့ ဘက်နှစ်ဘက်က ချဥ်းကပ်တဲ့ ဗျူဟာမျိုးလိုတယ်လို့ ထင်ပါတယ်။ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ဖို့ ကြိုးစားမှာ မဟုတ်ဘူး၊ အမေရိကန်တပ်တွေ ချထားမှာ မဟုတ်ဘူး ဆိုတာမျိုး၊ တိုက်ခိုက်ရေး လက်နက်တွေ မြန်မာမှာ ဖြန့်ကျက် ချထားမှာမျိုး မဟုတ်ဘူး၊ လူတွေရဲ့ အသက်ကို ကင်တင်ဖို့ သက်သက်ပဲ၊ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်စွမ်းဖို့ပဲ ဆိုတာမျိုးတွေကို တပြိုင်တည်းမှာ အာမခံနိုင်ရပါမယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ ကျနော် အခု တရုတ်က ဘယ်လို မြင်မလဲ၊ ဒါမှမဟုတ် အတိုက်အခံနဲ့ စစ်ကောင်စီက ဘာလုပ်နိုင်တယ် ဆိုတာမျိုးတွေ မပြောဘဲ ထရမ့် အစိုးရ အဖွဲ့ တခုတည်းကိုပဲ ကွက်ပြီး ကြည့်ရင်ကော မြန်မာနိုင်ငံ အတွက် ဒါမှမဟုတ် အရှေ့တောင်အာရှဒေသကို အာရုံစိုက်နိုင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ ရှိရဲ့လား။

Hunter Marston (သုတေသီ) ။ ။ ထရမ့် အစိုးရက အရှေ့တောင်အာရှကို အလေးအနက်ထားတဲ့ စိတ်ဝင်စားမှု ရှိ၊ မရှိ အခုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစိုးရအဖွဲ့ကလည်း ရက်ပိုင်းပဲ ရှိသေးတာကိုး။ ထရမ့်က ချက်ချင်း သမ္မတ အခွင့်အာဏာနဲ့ ထုတ်ပြန်တာမျိုး မလုပ်ပေမယ့် သွင်းကုန်ခွန် တိုးမြှင့်မယ့် သဘောကို ထင်ထင်ရှားရှား အချက်ပြထားပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့ဝင် တချို့ကလည်း တရုတ်က အမေရိကန် အတွက် အဓိက ပြိုင်ဘက်ဖြစ်တယ် ဆိုတာမျိုး ထုတ်ဖော် ပြသထားပါတယ်။

ဒါကြောင့် စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးမူဝါမှာ အဓိကအားဖြင့် တရုတ်နိုင်ငံနဲ့ ပြိုင်ဆိုင်မှုအပေါ် အာရုံစိုက်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါကို ချဲ့ထွင် စဥ်းစားရင် အရှေ့တောင်အာရှက အလွန်အရေးကြီးပါတယ်။ ထရမ့် အစိုးရ အဖွဲ့ထဲက အဓိကကျတဲ့ ပုဂ္ဂိုလ်ထဲမှာ ဘိုင်ဒန် အစိုးရတုန်းကလို အမေရိကန်က အရှေ့တောင် အာရှကို အလေးထားမယ် ဆိုတာကို အထင်အရှား ပြသတာမျိုး ရှိ၊ မရှိ မသေချာပါဘူး။ ဒါပေမယ့် အခုက ပြောဖို့ စောပါသေးတယ်။ ဥပမာ လတ်တလောမှာ နိုင်ငံခြားရေးဝန်ကြီး အဖြစ် အတည်ပြုလိုက်တဲ့ မာကိုရိုဘီယို (Marco Rubio) က တရုတ်နဲ့ ပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီရဲ့ အရေးပါမှုကို ယေဘုယျသဘော အသိအမှတ်ပြုတယ်လို့ ကျနော်ထင်ပါတယ်။

ဆိုတော့ နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို မြင့်မားတဲ့ အတိုင်းအတာနဲ့ စိတ်ဝင်စားမှု ရှိနိုင်ခြေရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်လည်း ကျနော့်ရဲ့ Stimson Center မှာ ရေးတဲ့ ဆောင်းပါးမှာ လက်ရှိအချိန်ဟာ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ဘာတွေ မအောင်မမြင် ဖြစ်နေလဲ ဆိုတာကို ပြန်ကြည့်ဖို့၊ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေ ပိုအောင်မြင် တိုးတက်စေဖို့ အတွက် မူဝါဒတွေကို ဘယ်လို့ ချိန်ညှိနိုင်မလဲ ဆိုတာနဲ့ ပြန်လည် အသစ် ဖန်တီး ဖို့ အခွင့်အရေးကောင်းတခု လို့ ပြောတာပါ။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့၊ ထောက်ပြထားသလိုပဲ အရှေ့တောင် အာရှနိုင်ငံ တချို့က ဒီမိုကရေစီနည်းကျမဟုတ်တဲ့ ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံရေးစနစ်ကို ပိုနှစ်သက်ကြတယ်လို့ အနည်းနဲ့ အများ ယူဆစရာ ရှိပါတယ်။ ဒီအခြေအနေတွေအောက်မှာ အာဆီယံလမ်းကြောင်း အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ဖို့ အမေရိကန်က ဘာလုပ်နိုင်မလဲ ခင်ဗျာ။

Hunter Marston (သုတေသီ)။ ။ ထရမ့် အစိုးရ အဖွဲ့လက်ထက်မှာ အမေရိကန်က သူ့ရဲ့ နိုင်ငံရပ်ခြား အကူအညီတွေကို လျှော့ချနေပါတယ်။ မူဝါဒတွေ ပြန်လည် သုံးသပ်ဖို့ အတွက် သမ္မတ ထရမ့် ပထမဆုံး အမိန့် ထုတ်ပြန်တဲ့ အထဲမှာ နိုင်ငံခြားအကူအညီ အပြည့်အဝ ရပ်ဆိုင်းတာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံထဲက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို တိုးချဲ့ကူညီပြီး ဒီမိုကရေစီ မျိုးဆက်သစ် အတွက် အခြေခံအုတ်မြစ် တည်ဆောက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါက အရေးကြီးပါတယ်။ ဒါပေမယ့် အမေရိကန်မှာက သြဇာလွှမ်းမိုးနိုင်မှုအပိုင်းမှာ အလွန်အားနည်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုဖြစ်နေတာက ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ စစ်တပ်ကို စကားလုံးအရ ပြစ်တင် ရှုတ်ချနေတာကိုပဲ အားကိုးနေတဲ့ လက်ရှိ မူဝါဒကြောင့်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့ ဒါက မြန်မာ့နိုင်ငံအပေါ် ထားတဲ့ အမေရိကန်ရဲ့ ရေရှည်မဟာဗျူဟာရည်မှန်းချက်တွေနဲ့ရော ကိုက်ညီမလား။ ထရမ့် အစိုးရ မူဝါဒတွေက ရေရှည်မဟာဗျူဟာကို သက်ရောက်ပုံဖော်နိုင်လား။

Hunter Marston (သုတေသီ)။ ။ မြန်မာနိုင်ငံ အတွက် ရေရှည်မဟာဗျူဟာကတော့ အိမ်ဖြူတော်၊ နိုင်ငံခြားရေးဌာနနဲ့ တဘက်မှာက ပိုပြီး တက်တက်ကြွကြွ ရှိတဲ့ အမေရိကန်ကွန်ဂရက်ကြားမှာ ဟိုယိမ်း ဒီယိမ်း ဖြစ်နေမယ်လို့ ထင်ပါတယ်။

တဘက်မှာလည်း ကွန်ဂရက်မှာ တက်တက်ကြွကြွ လုပ်လေ့ ရှိသူ တဦးက အခု ဆိုရင် ထရမ့် အစိုးရ အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးဖြစ်လာပါတယ်။ ဒါက လွှတ်တော်ထဲက [မြန်မာ့အရေး] အရှိန်အဟုန်ကို အိမ်ဖြူတော်နှင့် အစိုးရ အဖွဲ့ဆီကို သယ်ဆောင် လာနိုင်မှာ ဖြစ်လို့ မြန်မာ့ မူဝါဒကို ဒီထက်ပိုပြီး ဆုပ်ကိုင်နိုင်ဖို့ အတွက် အခွင့်အလမ်းတခု ပေးစွမ်းနိုင်တယ်လို့ ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ၂၀၂၃ ခုနှစ် တုန်းက အတည်ပြု ထားပြီး ဖြစ်တဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ဘားမား အက် ဥပဒေပါ ပြဌာန်းချက်အတိုင်း အထူးသံတမန်တဦးခန့်အပ်တာ အပါအဝင် အရေးယူ ဆောင်ရွက်ချက် တချို့ကို အကောင်အထည်ဖော်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါက မြန်မာ့ အရေး မူဝါဒ အပေါ် ပိုပြီး ချုပ်ကိုင် လွှမ်းမိုးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။

Forum

XS
SM
MD
LG