တရုတ်နိုင်ငံမှာ ထိန်းသိမ်းခံထားရတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ခေါင်းဆောင် ဖုန်တာရွှင် ဗမာပြည်တွင်းကိုပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ရောက်လာခဲ့တယ်လို့ နီးစပ်သူ အသိုင်းအဝိုင်းက ဗွီအိုအေကို အတည်ပြုပါတယ်။ ရှေ့လ မတ်လ ၂၂ ရက်မှာလည်း စစ်ကောင်စီနဲ့ MNDAA တာဝန်ရှိသူတွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ငြိမ်းချမ်းရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ လည်း စီစဉ်ထားတာပါ။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေတဲ့ ဆွေးနွေးပွဲ အလားအလာ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့ အတွက်ကော၊ ကျန်းမာရေးဆေးစစ်ရန်အတွက်ပါ ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်ကို သွားရောက်ခဲ့ပါတယ်။ ရောက်ခဲ့ပြီး တလနီးပါးအကြာမှာ ဖုန်တာရွှင်ကို တရုတ်အစိုးရက ပြန်ခွင့်မပေးဘဲ ယူနန်ပြည်နယ်ကဟိုတယ်မှာ အကျယ်ချုပ် ထိန်းသိမ်းထားတယ် ဆိုပြီး သတင်းတချို့မှာ ဖေါ်ပြခဲ့ပါတယ်။ တရုတ်ပြည်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့သတင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ငြင်းဆိုခဲ့ပါတယ်။ ဒီလိုသတင်းတွေ ထွက်ပြီးနောက် ၃ လကျော်အကြာ မကြာခင်ရက်ပိုင်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအစမှာ ဗမာပြည်တွင်းကို ပြန်ရောက်လာတာလို့ MNDAA နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က VOA ကို အတည်ပြုပါတယ်။
ဖုန်တာရွှင်ဟာ ကျန်းမာရေး ကောင်းမွန်တာကို တွေ့ရအကြောင်း ကိုးကန့်အဖွဲ့နဲ့နီးစပ်တဲ့သူက ပြောပါ တယ်။ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဖို့ငြင်းဆန်ပါတယ်။ အသက် ၅၉ နှစ်အရွယ် ဖုန်တာရွှင်ဟာ MNDAA တည်ထောင်သူ ဖုန်ကြားရှင်ရဲ့သားဖြစ်ပါတယ်။ ၂၀၂၃ နှစ် အောက်တိုဘာလကစပြီး ၂၀၂၄ သြဂုတ်လဆန်းအတွင်းထိ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်တွေနဲ့ တော်လှန်ရေးမဟာမိတ် တပ်တွေဟာ တရုတ်-မြန်မာနယ်စပ်က အရေးပါတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မုံးကိုမြို့တွေ အပါအဝင် စစ်ကောင်စီရဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးစတဲ့ မြို့ပေါင်း ကိုးမြို့ကို သိမ်းပိုက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ MNDAA က ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲနောက်မှာ တရုတ်နိုင်ငံ ကြားဝင်စီစဉ်ပေးပြီး စစ်ကောင်စီနဲ့ကူမင်း မှာ တွေ့ဆုံပွဲတွေ ကျင်းပခဲ့ပါတယ်။
တရုတ်က စီစဉ်ပေးတဲ့ ဆွေးနွေးပွဲမှာ ပြည်ပ မီဒီယာတွေ သတင်းယူခွင့် မရှိသလို ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တရားဝင် ထုတ်ဖေါ်ပြောတာ မရှိပါဘူး။ MNDAA နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်အဆိုအရ မကြာခင် လာမယ့် မတ်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့်အဖွဲ့တို့ ကူမင်းမှာ တတိယအကြိမ်မြောက်တွေ့ဆုံဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ အတွင်းမှာ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကာ ခု တတိယအကြိမ်မြောက်တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီတခေါက်တွေ့ဆုံတာမှာ ကိုးကန့်အဖွဲ့ကို ဘယ်သူဦးဆောင်မလဲဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့အခေါက်ဆွေးနွေးပွဲမှာ စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့တွေအနေနဲ့ အရင်က အထူးဒေသ ၁ ရှိခဲ့တဲ့အတိုင်း ပြန်အခြေစိုက်ဖို့နဲ့ ကုန်သွယ်ရေးပြန်စဖို့ စစ်သုံ့ပန်းတွေပြန်လွှတ်ဖို့ စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ပြောခဲ့ပါတယ်။ MNDAA သိမ်းထားတဲ့ လားရှိုးမြို့ကို အရင်ပုံစံအတိုင်း ပြန်ထားဖို့၊ ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာနေရာချရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စတဲ့ တရုတ်ကိုယ်စားလှယ်တွေ စီစဉ်ပေးခဲ့တဲ့ အစီအစဉ်အတိုင်း ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက် မရခဲ့ပါဘူး။ ဒီတခေါက်ထပ်တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာလည်း ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေက ခေါင်းစဉ်အတိုင်း ဆက် ဆွေးနွေးနိုင်တယ်ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်သူတွေက ခန့်မှန်းထားပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာပေးမပေးဆိုတာနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ကိုးကန့်တပ်ဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ လားရှိုးကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာထုတ်ပြောတာတော့ မရှိသေးပါဘူး။ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူကတော့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်ခွာဖို့ အစီအစဉ်မရှိသေးကြောင်း ပြောဆိုထားပြန် ပါတယ်။ တရုတ်ဘက်ကတော့ ဖိအားပေးမှုတွေ ဆက်ရှိနေပြီး ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ ချင်းရွှေဟော်ရှိ တရုတ်မြန်မာနယ်စပ်ဂိတ်တွေကနေ လောင်စာဆီ၊ ဆေးဝါး၊ အစားအသောက်တွေကို ခုထိသယ်ယူခွင့်မရှိဘဲ ဆက် ပိတ်ပင်ထားဆဲဖြစ်တယ်လို့ MNDAA သတင်းရပ်ကွက်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ဆက်ဆံတဲ့နေရာမှာ တရုတ်က လိုချင်တာမရမချင်း ဆက်လုပ်နေဦးမယ့်အခြေအနေရှိနေပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲတွေပြီးရင် တအောင်း၊ ရက္ခိုင့်တပ်တော်၊ ကေအိုင်အေ စတဲ့အဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံ ပေးနိုင်ဖွယ်ရှိတယ်လို့ ယူဆပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ နှစ်ဖက် စိတ်ကျေနပ်စရာရလဒ်တွေ ရသေးပုံမပေါ်သေးဘူးလို့လည်း သူကမြင်ပါတယ်။
“လာမယ့်ဆွေးနွေးပွဲမှာလည်း လားရှိုးကိစ္စ၊ အထူးဒေသကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ အဲဒါ့တွေ ဆက်ညှိနှိုင်းကြဦးမယ်ထင်တယ်။ သို့သော်အခြေအနေအ ခင်းအကျင်းမလှပါဘူး။ တရုတ်ကဖိအားပေး ပေမဲ့ နှစ်ဘက်စလုံးက ရပ်တည်ချက်တွေပြောင်းဖို့နည်းပါတယ်။ စကစ,က သူတို့အပေါ်စီး ရပ်တည် ချက်ကို လျှော့ဖို့မလွယ်သလို ကိုးကန့်ကလည်း တတ်နိုင်သမျှ ပါးပါးနပ်နပ်ရပ်မယ်လို့ မြင်တယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီက ဗုံးကြဲတဲ့အကြမ်းဖက်နည်းကိုသာ အားကိုးနေတုန်းဆိုတာ တအောင်း ပလောင်ထိန်းချုပ်နယ်မြေတွေမှာကြားနေရတယ်။ ဒီတော့ ငြိမ်းချမ်းရေးဆိုတာ ဝေးသေးတယ်လို့ ပြောရမယ်။ တရုတ်က ရဖို့ခက်တဲ့ချဉ်းကပ်ပုံချဉ်းကပ်နည်းနဲ့သွားနေတယ်။ မသင့်လျော်တဲ့ပုံစံနဲ့ ဝင်ရောက်စွက်ဖက်နေတယ်လို့ ပြောရမယ်ထင်ပါတယ်။”
ပြီးခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုအရ ကိုးကန့်နဲ့စစ်ကောင်စီအကြား တရားဝင် အပစ်အခတ်ရပ်စဲရေး ရရှိထားတယ်လို့ တရုတ်ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ် တင်းမာမှုတွေ လျှော့ချရေးဟာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ အားလုံးရဲ့ အကျိုးအတွက်ဖြစ်တဲ့အကြောင်း ထုတ်ပြန်ပြောဆိုသွားပေမဲ့ အသေးစိတ် သဘောတူညီချက်တွေကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်း မရှိပါဘူး။ အပစ်အခတ် ရပ်စဲရေး ရရှိခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီကရော၊ ကိုးကန့်တပ်ဖွဲ့ကပါ တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။
Forum