အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က အစိုးရအဖွဲ့ အကြီးအကဲ သမ္မတ အပြင် အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးက နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတကာက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေရဲ့ အခြေအနေကို မှတ်တမ်းတင် သုံးသပ်ပြီး သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေ နှစ်စဥ် ပြုလုပ်ရတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က လုပ်တဲ့ အွန်လိုင်း ကြားနာပွဲမှာတော့ မြန်မာနိုင်ငံက ဘာသာရေး ဖိနှိပ်မှုတွေနဲ့ အရေးယူ တုံ့ပြန်သင့်တဲ့ ရှေ့ခြေလှမ်း မူဝါဒတွေ အကြောင်း ဆွေးနွေးခဲ့ကြတာမှာ လူမျိုးစုနဲ့ ဘာသာရေး လူနည်းစု အသိုက်အဝန်း အပြင် နိုင်ငံတကာက သုတေသီ ကျွမ်းကျင်သူတွေလည်း တက်ရောက် ထွက်ဆိုခဲ့ကြပါတယ်။ အဲဒီ ကြားနာပွဲကို သုတေသီ အကြံပေး တဦးအနေနဲ့ ထွက်ဆိုခဲ့တဲ့ ကြီးမား ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုများ တားဆီးကာကွယ်ရေး အဖွဲ့ (PAEMA) ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆိုင်ရာ အကြံပေး Jessica Olney (ဂျက်စီကာ အိုလ်နီ) က ဆွေးနွေးပွဲ အကြောင်းကို အခုလို ရှင်းပြပါတယ်။
"မြန်မာနိုင်ငံက မတူညီတဲ့ လူနည်းစုအုပ်စုတွေထဲက ထိခိုက်နစ်နာနေရတဲ့ လူမှုအဖွဲ့ဝင်တွေနဲ့ အတူ ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်။ သူတို့က လူထု အများအပေါ် လတ်တလော သက်ရောက် ထိခိုက်နေတာတွေကို ကျမထက် အများကြီး ပိုကောင်းအောင် ပြောဆိုနိုင်ကြပါတယ်။ သူတို့က စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လက်နက်ကိုင်အဖွဲ့တချို့ရဲ့ လုပ်ရပ်တွေကို အသေးစိတ် တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှု လိုအပ်ကြောင်း သူတို့က ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ရက်စက်မှုတွေအတွက် အမေရိကန်က ဘယ်လိုပုံစံနဲ့ ဦးဆောင် ဦးရွက်ပြုပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒ တုံ့ပြန်မှုက ဘယ်လိုဖြစ်လာမလဲဆိုတာ တကယ်ကို ခန့်မှန်းရခက်နေပါသေးတယ်။”
ဆွေးနွေးပွဲအတွင်း ကချင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင်တဦးကလည်း ဘာသာရေးဖိနှိပ်မှုအဆုံးသတ်ရေးနဲ့ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး အတွက် အဖြေရှာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ မြန်မာနိုင်ငံက လူနည်းစုတွေနဲ့အတူ ရပ်တည်ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုခဲ့ပါတယ်။
စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်က မတူကွဲပြားတဲ့ လူ့အသိုင်းအဝန်း နှစ်ခုလုံးက အခြေအနေတွေကိုတော့ သူ အဓိကထား တင်ပြခဲ့တယ်လို့ ဂျက်စီကာက ပြောပါတယ်။
“ကျွန်မက ရခိုင်မှာရှိတဲ့ လူထု ရင်ဆိုင်နေရတဲ့ လက်ရှိ လူသားချင်းစာနာမှု အခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအကြောင်း ပြောခဲ့ပါတယ်။ ဒီလူထုတွေဟာ ဘာသာရေးနဲ့ လူမျိုးစု လူနည်းစုတွေအပေါ် ဖိနှိပ်မှုကြောင့် ထိခိုက်နေကြတာပါ။ အကြမ်းဖက်မှုတွေကြောင့် လူတွေက ဘေးကင်းဖို့ ထွက်ပြေးရင်း လူသားချင်းစာနာမှု အကျပ်အတည်းတွေ ကာလကြာရှည် ဆက်ရင်ဆိုင်နေရတာပါ။”
ကြားနာပွဲမှာ အမေရိကန် တာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုကလည်း အားရစရာ ကောင်းတယ်လို့ ဂျက်စီကာက ပြောပါတယ်။
“ဒီပွဲကနေ ဘာကို မျှော်လင့်နိုင်လဲ ဆိုတာ အစက မသေချာခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းမှာတော့ တကယ့်ကို အားပေး ထောက်ခံမှု ရှိတဲ့ အခင်းအကျင်း တခုကို ကျွန်မ မြင်ခဲ့ရပါတယ်။ ကျွန်မ နားလည်သလောက်တော့ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်က လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်လည်း ရှိနေတော့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ပိုပြီးကျယ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒကနေ သီးခြားကွဲနေပြီး အကာအကွယ်ပေးထားတယ်လို့ ထင်ပါတယ်။ ဆိုတော့ ကျွန်မက အကူအညီဖြတ်တောက်မှုတွေရဲ့ သက်ရောက်မှုတွေကို တင်ပြခဲ့ပါတယ်။ ဘယ်လိုရှေ့ဆက်ဖြစ်မလဲဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် ဆွေးနွေးပွဲ ဦးဆောင်သူက ကျွန်မကို အသေးစိတ် မေးခွန်းတွေထပ်မေးပြီး ရှင်းပြဖို့ တောင်းဆိုတာတောင် ကြုံခဲ့ရလို့ ဒါက အင်မတန် အားတက်စရာပါ။”
လက်ရှိမှာ အမေရိကန် သမ္မတ ထရမ့်ရဲ့ အစိုးရ အဖွဲ့က နိုင်ငံတကာ အကူအညီပေးရေး ကဏ္ဍမှာ ပြန်လည် သုံးသပ်နေလို့ ကူညီရေး လုပ်ငန်းတွေ ရပ်တန့်နေချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်များစွာ နေထိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာလည်း သုတေသနတွေ ပြုလုပ်ခဲ့တဲ့ ဂျက်စီကာကတော့ အကူအညီပေးရေး လုပ်ငန်းစဥ် ထိရောက်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ရမှာ မှန်ပေမယ့် တဘက်မှာလည်း နဂိုကတည်းက ထိခိုက်လွယ်နေတဲ့ လူအများအပြားဟာ မူဝါဒါ အပြောင်းအလဲနဲ့ သုံးသပ်ဆဲ ကာလမှာ အမှန်တကယ် ထိခိုက်နေတယ်လို့ ထောက်ပြပါတယ်။
“လူတိုင်း ထိခိုက်နေတာကို သေချာပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘာမှာ အကြီးဆုံး လူသားချင်းစာနာမှု အလှူရှင်နိုင်ငံ တခုပါ။ တခြား အလှူရှင်နိုင်ငံတွေက ဒီလိုအပ်ချက်ကို ဖြည့်ဖို့ ကြိုးစားနိုင်ပေမယ့်၊ အခု ဖြစ်ပျက်နေတာက အရမ်းမြန်လွန်းသွားပါတယ်။ တချိန်တည်းမှာ ဗြိတိန်ကလည်း အကူအညီဖြတ်တောက်မှုတချို့ လုပ်ဖို့ တပြိုင်နက် ကြေညာတဲ့ အချိန် ဖြစ်နေပါတယ်။ ဆိုတော့ အခြေအနေက ပိုဆိုးသွားစေပုံရပါတယ်။ အကူအညီပေးရေစနစ်မှာ ပြုပြင်ပြောင်းလဲမှု လိုအပ်တယ်ဆိုတာ ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ အကူအညီတွေက အမြဲတမ်း အလိုအပ်ဆုံး လူထုတွေဆီ မရောက်ခဲ့ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း၊ ဒီအကူအညီက သန်းနဲ့ချီတဲ့ အသက်တွေကို ကယ်တင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် ဒီအကျိုးဆက်က ကြီးပါတယ်။ တချို့ အဖွဲ့အစည်းတွေက သူတို့ရဲ့ စီမံခန့်ခွဲမှုတွေမှာ ချွေတာပြီး တချို့ ကုန်ကျစရိတ်တွေ လျှော့ချပြီး ဆက်ရပ်တည်နိုင်ဖို့ လုပ်နေတယ်လို့ ကျမ နားလည်ထားပါတယ်။ ဒါပေမယ့် လူတွေက ရှေ့မှာ ဘာဖြစ်မလဲ ဆိုတာကို တကယ့်ကို စိုးရိမ် ကြောက်နေကြပါတယ်။”
မြန်မာ့ နိုင်ငံရေးနဲ့ စစ်ရေး သွင်ပြင်မှာ အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်နေလို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးမှာ မတူကွဲပြားတဲ့ ချဥ်းကပ်မှု လိုနေတယ်လို့လည်း ဂျက်စီကာက ရှုမြင်ပါတယ်။
"ဒါက အရမ်းရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တခုပါ။ အမေရိကန် အပါအဝင် နိုင်ငံတကာ အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ဆက်လက် ထိတွေ့ဆက်ဆံပြီး ထောက်ပံ့ဖို့ နည်းလမ်းတွေ ရှာဖွေတာက တကယ့်ကို အရေးကြီးမယ် ထင်ပါတယ်။ ကျမအနေနဲ့တော့ သူတို့ရဲ့ ဆက်ဆံရေး အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် ကိုယ်တိုင်ကိုယ်ကျ မသိပါဘူး။ တခြားသူတွေက ဒီကိစ္စကို ပိုပြီး ကောင်းကောင်း ပြောနိုင်မှာပါ။ ဒါပေမယ့် ကျွန်မပြောချင်တာက၊ ရှေ့မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပဋိပက္ခအခြေအနေကို မဟာဗျူဟာကျကျ ခွဲခြမ်းစိတ်ဖြာ ကြည့်ရင် မတူကွဲပြားတဲ့ အုပ်ချုပ်ရေးမှုပုံစံတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါက ဖက်ဒရယ်စနစ်ကို ဦးတည်မလားဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့၊ ဥပမာ အာရက္ခတပ်တော် (AA) နဲ့ သူ့ရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ULA ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်) က ရခိုင်က ဒေသအသီးသီးမှာ နယ်မြေအများစုကို ထိန်းချုပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အနေနဲ့ ဒီအမှန်တရားကို အသိအမှတ်ပြုပြီး ဒီလို မတူညီတဲ့ အဖွဲ့တွေနဲ့ နှစ်ဘက်ဆက်ဆံရေး ထူထောင်ဖို့ နည်းလမ်းတွေ ရှာသင့်တဲ့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။”
နိုင်ငံတကာကအနေနဲ့ မြန်မာနိုင်ငံက လူမျိုးစု အဖွဲ့တွေနဲ့ ဆက်ဆံရေး ထူထောင်နိုင်ရင် အကူအညီလမ်းကြောင်းတွေ ပွင့်သွားပြီး လူမျိုုးရေး ဘာသာရေး တင်းမာမှုတွေလည်း လျော့နည်းကာ နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းမှုကို ဦးတည်စေမယ်လို့ ဂျက်စီကာ ထောက်ပြပါတယ်။
“ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းတွေထဲက တခုက၊ လူသားချင်းစာနာမှု လမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ နည်းလမ်းတွေ ရှာပြီး ဒီနယ်မြေတွေဆီ အကူအညီ ထိထိရောက်ရောက်ပို့ဆောင်ဖို့ပါ။ ဒီဒေသအများစုမှာ အကူအညီတွေရရင် တည်ငြိမ်လာမှာပါ။ အခုဆိုရင် အုပ်ချုပ်သူ အသစ်တွေက သူတို့ရဲ့ ထိန်းချုပ်မှုကို ခိုင်မာအောင် လုပ်ပြီး အုပ်ချုပ်ဖို့ စတင်ကြိုးစားနေကြပါတယ်။ ဥပမာအနေနဲ့၊ ဘင်္ဂလားဒေ့ရှ်ကနေ လူသားချင်းစာနာမှု လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရင် အရမ်းအထောက်အကူဖြစ်မှာပါ။ ဒါပေမယ့် ဒီအတွက် နိုင်ငံတကာ ထောက်ပံ့မှု ဒါမှမဟုတ် တွန်းအားပေးမှုတော့ ကောင်းကောင်းက မတွေ့ရသေးပါဘူး။”
ဒါ့အပြင် အဲဒီလို လူနည်းစုဒေသတွေမှာ လုံခြုံရေး ဆိုင်ရာ အပါအဝင် တခြား ခြိမ်းခြောက်မှု အများအပြားလည်း ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။
“လုံခြုံရေးဆိုင်ရာ ကြီးမားတဲ့ စိုးရိမ်စရာတွေ ရှိနေတုန်းပါ။ ဥပမာ၊ မြေမြှုပ်မိုင်းတွေ ရှိနေတာက ကုန်းလမ်းက တဆင့် သယ်ယူပို့ဆောင်ရေးကို တားဆီးနေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ခြိမ်းခြောက်မှုလည်း ရှိနေပါတယ်။ စစ်တပ်က မြေပြင်မှာ ထိန်းချုပ်မှု ဆုံးရှုံးသွားတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လုပ်တာကို တွေ့ရပါတယ်။ ဒါကို ရခိုင်မှာဆိုရင် အခု ရက်သီတင်းပတ်တွေ ထဲမှာ ကျွန်မတို့ မြင်ခဲ့ရပါတယ်။ တခြား အန္တရာယ်တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို မတူညီတဲ့ နည်းနဲ့ စဉ်းစားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။”
စစ်ကောင်စီကတော့ ဘာသာရေး လူမျိုးရေး ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ဖိနှိပ်မှုတွေ မရှိဘူးလို့ အမြဲ ငြင်းဆိုလေ့ရှိပြီး အမေရိကန် အပါအဝင် နိုင်ငံတကာက မှတ်တမ်းတွေကို ပယ်ချလေ့ရှိပါတယ်။
ဒါပေမယ့် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဖိနှိပ်မှု ဆိုင်ရာမှာ “အထူး စိုးရိမ်ရတဲ့” နိုင်ငံ အဖြစ် သတ်မှတ်ထားပါတယ်။
နောက်ဆုံး ထုတ်ပြန်ထားတဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ချင်း၊ ကချင်၊ ကယား ခရစ်ယာန်ဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပါအဝင် လူပေါင်း ၃ သန်းခွဲကျော်ဟာ စစ်ကောင်စီ ဖိနှိပ်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းတဲ့ ဖြစ်စဥ် အပြီးမှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် စစ်ရေးလုပ်ဆောင်မှုတွေမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ အဆောက်အအုံတွေနဲ့ လူနည်းစု အသိုင်းအဝန်းတွေကို ပစ်မှတ်ထားနေတာတွေ့ရတယ်လို့ ဆိုပါတယ်။ မတူကွဲပြားတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေကြားမှာလည်း အကြမ်းဖက်မှုတွေနဲ့ ဆက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန် အစိုးရကိုလည်း ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံပြီး မြန်မာနိုင်ငံဆိုင်ရာ BURMA ACT ဥပဒေကိုလည်း လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။
Forum