တဘက်မှာလည်း တရုတ်နိုင်ငံရဲ့ ဒေသတွင်း လွှမ်းမိုးမှု အပေါ် ထရမ့်က တန်ပြန်နိုင်ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြထားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ပထမ သက်တမ်းတုန်းက နိုင်ငံခြား ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ကြီးကြီးမားမားကို ဆက်တိုက်လုပ်ခဲ့လို့ အခု တကြိမ်မှာလည်း အလားတူ ဖြစ်လာမလား ဆိုတဲ့ မှန်းဆချက်တွေက ရှိနေတာပါ။ အထူးသဖြင့် ရွေးကောက်ပွဲ အနိုင်မရခင်ကတည်းက အမေရိကန် အစိုးရရဲ့ နိုင်ငံရပ်ခြား အကူအညီ၊ ရွှေ့ပြောင်း အခြေချမှုနဲ့ ဒုက္ခသည် ဆိုင်ရာ ကိစ္စရပ်တွေမှာ သူက ပြင်းပြင်းထန်ထန် ဝေဖန်ထားလို့ ဒါတွေနဲ့ ဆက်စပ်ပြီး မြန်မာ့အရေးမှာလည်း အကူအညီပေးရေး ထိခိုက်မှာကို စိုးရိမ်ချက်တွေ ရှိနေတာပါ။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) က မြန်မာဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန် (Thomas Kean) ကတော့ မြန်မာ့အရေးမှာ နိုင်ငံရေး သဘောအရ ထောက်ခံမှုပေးထားတဲ့ Burma Act ခေါင်းစဥ်အောက်က အကူအညီတွေကတော့ လူသတ် လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေ အဖြစ် သီးခြား ရပ်တည်နေတာ ဖြစ်လို့ ဒါကို ဖြတ်တောက်တာမျိုး မလုပ်ဘဲနေနိုင်ပေမယ့် သမားရိုးကျ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုမျိုးတွေမှာ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြန်မာ့အရေးမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ အရေး ရှိနေပါတယ်။ အဲဒီ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုမှာ ဆိုရင် အမေရိကန်က နံပါတ်တစ် အလှူရှင်နိုင်ငံပါ။ ဆိုတော့ ထရမ့် ဘာလုပ်မလဲ ဆိုတာက စိုးရိမ်စရာ ကောင်းတယ်လို့ ထင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့မှု လျှော့ချတာမျိုးနဲ့ အခုမှ ပြန်စတင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမေရိကန်မှာ ပြန်လည်နေရာချထားရေး လို ကိစ္စရပ်တွေ အတွက်ကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။”
ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ အရှေ့တောင်အာရှနဲ့ အာရှ ပစိဖိတ် ဒေသအတွင်း အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု အနေအထားနဲ့ တွက်ချက်ပြီး မြန်မာ့အရေးကို ချဥ်းကပ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။ ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုထက် မဟာဗျူဟာအကူအညီတွေက ပို ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလို အမေရိကန်က ရှုမြင်ရင်တော့ Burma Act က အကူအညီတွေကို ဆက်ထားမှာမျိုး ဖြစ်နိုင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးကိုလည်း ပထဝီနိုင်ငံရေးနဲ့ ယှဥ်ပြီး စဥ်းစားနိုင်တယ်လို့ ICG ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးတန်း အကြံပေးလည်း ဖြစ်တဲ့ သောမတ်စ်ကီန်းက ယူဆပါတယ်။
“ဒီနေရာမှာလည်း ခန့်မှန်းရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ပထဝီဝင် အနေအထားအရ အရေးပါပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန် အားလုံး က ဩဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒီအချက်က အိမ်ဖြူတော်ကို တွန်းအားဖြစ်စေနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ပထဝီနိုင်ငံရေး အကြောင်းပြချက်နဲ့ ထောက်ပံ့ပေးမှုတွေ ဆက်ရှိသလိုမျိုး မြန်မာနိုင်ငံကိုလည်း ပထဝီနိုင်ငံရေး အရ ထောက်ခံပေးမှုတွေ ဆက်ဖြစ်နိုင်ပါတယ်။”
အမေရိကန်အနေနဲ့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံနဲ့ယှဥ်ပြီး စဥ်းစားနိုင်တယ် ဆိုတာကို လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပြည်တွင်းက ဝါရင့် နိုင်ငံရေးသုံးသပ်သူကလည်း သဘောတူပါတယ်။ ဒါပေမယ့် တရုတ်ကို တန်ပြန်နိုင်တဲ့ စဥ်းစားချက်အောက်က မြန်မာ့အရေး ကိုင်တွယ်မှုတွေက ရုတ်တရက် ချက်ချင်းတော့ မဖြစ်နိုင်ဘူးလို့ သူက ယူဆပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကိုထိန်းဖို့ အသုံးချချင်ရင် မြန်မာနိုင်ငံ အရေးထက် ပိုကောင်းတဲ့ တခြား ဒေသတွင်း ကိစ္စရပ်တွေ၊ နိုင်ငံတွေ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။
ဒါပေမယ့် မြန်မာအရေးမှာ နိုင်ငံခြား အကူအညီနဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒတွေကတော့ ချက်ချင်း ထိခိုက်နိုင်တယ် ဆိုတာကို လေ့လာသူတွေက တညီတညွတ်တည်း ထောက်ပြကြပါတယ်။ ဒုက္ခသည် အရေးမှာ ဆိုရင် မြန်မာနိုင်ငံအတွက်တင်မကဘဲ တခြား တိုင်းပြည်တွေ အတွက်မှာ ထိခိုက်လာနိုင်တယ်လို့ သောမတ်စ်ကီးန်က ထောက်ပြပါတယ်။
“ထရမ့်ရဲ့ ပထမ အစိုးရ သက်တမ်းအတွင်းက ဒုက္ခသည် လက်ခံတာကို လုံးလုံး ပိတ်လိုက်တာ မဟုတ်ပေမယ့် ယာယီရပ်ဆိုင်းတာမျိုး လုပ်ခဲ့ပါတယ်။ ဒါမျိုး အလားတူ ထပ်ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ ခုခံတော်လှန်ရေး အတိုက်အခံအင်အားစုတွေ ဘက်က ကြည့်ရင် ဒါမျိုးတွေက အပြုသဘောမဆောင်ပါဘူး။”
တဘက်မှာလည်း ကွန်ဂရက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပါတီနှစ်ရပ်လုံးက အတိုင်းအတာ တခု အထိ ဘုံသဘောထား တူညီ ထောက်ခံကြတဲ့ အနေအထားကတော့ ဆက်ရှိနေဦးမယ်လို့ သောမတ်စ်ကီးန်က ယူဆပါတယ်။ တချို့ကိစ္စတွေမှာတော့ ထရမ့်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြားမှာ ကွဲလွဲမှု တချို့ ဖြစ်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။ ဒါကလည်း အမေရိကန် ပြည်ထောင်စုရဲ့ စနစ်မှာ မူဝါဒတွေ ဘယ်လို ချမှတ်လဲ ဆိုတာကို ထင်ဟပ်စေပြီး သမ္မတ အိမ်ဖြူတော်၊ လွှတ်တော် နှစ်ရပ်၊ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား စတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးတွေမှာ မတူကွဲပြားတဲ့ လုပ်ပိုင်ခွင့်တွေ ရှိနေတယ်လို့ သောမတ်စ်ကီးန်က ထောက်ပြပါတယ်။
"ဥပမာ ပြောရရင် အိမ်ဖြူတော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့မူဝါဒ ဒါမှမဟုတ် ခိုင်မာတဲ့ ရပ်တည်ချက် အမြင် တရပ် မရှိဘူးဆိုရင် မြန်မာ့အရေးမှာ နိုင်ငံခြားရေးဌာနက ဘယ်လိုကိုင်တွယ်မလဲ ဆိုတာက ပိုပြီး သက်ရောက် သြဇာကြီးလာမှာပါ။ ဆိုတော့ မူဝါဒချမှတ်ရာမှာ ကွဲပြားတဲ့ ပါဝါဗဟိုချက်တွေရှိနေပါတယ်။ အခု အချိန်မှာတော့ ထရမ့် ဘာလုပ်မယ်ဆိုတာကို မသိသေးတဲ့အတွက် သိပ်ရှင်းရှင်းလင်းလင်းတော့ မရှိလှသေးပါဘူး။”
အစဥ်အဆက်မှာတော့ ရီပတ်ဘလင်ကန် အစိုးရတွေ တက်လာရင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အရေးယူ ပိတ်ဆို့မှုတွေ ပြတ်ပြတ်သားသား ဆောင်ရွက်လေ့ရှိလို့ အတိုက်အခံ အင်အားစုဘက်ကတော့ ထရမ့် တကျော့ပြန် ဦးဆောင်မယ့် ခေတ်မှာလည်း အလားတူ အမေရိကန်ရဲ့ ထောက်ခံမှု တိုးဖို့ မျှော်လင့် တောင်းဆိုနေကြတာပါ။ သောမတ်စ်ကီန်းကတော့ “ဒီမိုကရေစီ မြှင့်တင်ရေး အခြေခံနဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အမေရိကန်ရဲ့ ပံ့ပိုးမှုက ထပ်တိုးလာဖွယ် မရှိပေမယ့် တရုတ်ကို တန်ပြန်လိုတဲ့ ဆန္ဒကြောင့် ပံ့ပိုးမှုတချို့ တိုးလာတာတော့ တွေ့ရဖွယ် ရှိတယ်” လို့ သုံးသပ်ပါတယ်။
ပြည်တွင်း အခြေစိုက် လေ့လာသုံးသပ်သူကတော့ မြန်မာ့အရေးမှာ အမေရိကန် လွှမ်းမိုးဖို့ ထက် တရုတ်နိုင်ငံကပဲ ဆက်ပြီး လွှမ်းမိုးနေဦးမယ်လို့ ယူဆပါတယ်။ ဒါကို တရုတ်ပြည် အခြေစိုက် ဝါရင့် တရုတ်-မြန်မာ အရေး နဲ့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူ ဒေါက်တာ လှကျော်ဇောကလည်း သတောတူပါတယ်။
“အမေရိကန် အနေနဲ့ သူ့တိုင်းပြည်မှာ ပြန်လည် ပေါင်းစည်းဖို့၊ တည်တည်ငြိမ်ငြိမ် အာဏာလွှဲဖို့ နောက်တခုက အမေရိကန် စီးပွားရေး ပြန်တက်ဖို့၊ တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်ဖို့ သူ့ဘာသာ ချာချာလည်နေတာပါ။ တရုတ်နိုင်ငံက မြန်မာပြည် အရေးကို ဘာဖြစ်လို့ ပိုပြီးတော့ တက်တက်ကြွကြွ ရှေးတိုးရသလဲ ဆိုတော့ အမေရိကန်က သူ့ ဒုက္ခတွေနဲ့ သူ နွံနစ်နေတယ်။ ဥရောပကလည်း ယူကရိန်း စစ်နဲ့ အတူ သူ့ဘာသာ နွံနစ်နေတာ။ အဲ့တော့ အဲ့လို ကာလမျိုးမှာ မြန်မာပြည် အရေးကို တရုတ်က ဝင်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းပေးလိုက်နိုင်လို့ ရှိရင် တရုတ် အတွက် အကျိုး ရှိတယ်လို့ တရုတ် နိုင်ငံဘက်က တွက်ပါတယ်။ တရုတ် နိုင်ငံအတွက်က မြန်မာနိုင်ငံက အိမ်နီးနားချင်း နိုင်ငံလည်း ဖြစ်တာကိုး။ ဒါကြောင့်မလို့ တရုတ်က ဒီကိစ္စမှာ တက်တက်ကြွကြွ လုပ်တာပါ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာမှာလည်း တရုတ်နိုင်ငံအတွက် ပူစရာ မရှိပါဘူး။”
ပထဝီ အခြေအနေကြောင့် မြန်မာ့အရေးမှာ အမေရိကန်ထက် တရုတ်က ပိုပြီး ပါဝင်ရတယ် ဆိုတဲ့ အချက်ကို သောမတ်စ်ကီန်းကလည်း သဘောတူပါတယ်။
“တရုတ်နိုင်ငံက မြန်မာနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။ ပဋိပက္ခနဲ့ တိုက်ရိုက်ထိတွေ့နေတာပါ၊ အမေရိကန်ကတော့ နယ်နမိချင်း မထိစပ်ပါဘူး။ ပထဝီ အနေအထား အရ ၊ အကွာအဝေး အရ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာ့အရေးမှာ ပိုပြီး စံနှုန်းတွေ အကြောင်း ပြောနိုင်ပါတယ်။ အနည်းဆုံး လက်ရှောင်နေနိုင်ပါတယ်။ ငါတို့ စစ်တပ်ကို ထောက်ခံမှာ မဟုတ်ဘူး။ တော်လှန်ရေး အင်အားစုတွေဘက်ကိုလည်း ခိုင်ခိုင်မာမာ ပံ့ပိုးပေးမှာ မဟုတ်ပါဘူး။ စကားလုံး အရပဲ ထောက်ခံမှုပေးမယ်။ နိုင်ငံရေးအရ ထောက်ခံပေးမယ်။ ဒါပေမယ့် အကန့်အသတ်တွေရှိမယ်။ ပဋိပက္ခက တိုက်ရိုက်မထိခိုက်လို့ အမေရိကန် အတွက် အဲဒီလို လုပ်ဖို့ တတ်နိုင်ပါတယ်။ တရုတ်နိုင်ငံအတွက် ပြည်ကြည့်ရင် အလားတူ သဘောပါပဲ။ တရုတ်နိုင်ငံကျတော့ အခု အချိန်မှာ မဖြစ်မနေကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကြီးတွေကို ချဖို့ လိုအပ်နေတာပါ။ ပဋိပက္ခနဲ့ တိုက်ရိုက်ထိတွေ့နေရတာ ဖြစ်လို့ သူတို့ အမှန်တကယ် မလုပ်ချင်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေရတာပါ။”
ဒါပေမယ့် လက်ရှိ အနေအထားမှာတော့ တရုတ်နဲ့ အမေရိကန် ကြား မြန်မာ အရေး ချဥ်းကပ်ပုံမှာ တူညီမှုတွေ ရှိနေပြီး အတိုင်းအတာ တခုအထိ ဘုံနားလည်မှု ရှိနေဟန်တူတယ်လို့လည်း သောမတ်စ်ကီန်းက ထောက်ပြပါတယ်။
တဘက်မှာလည်း တရုတ် အစိုးရက မြန်မာ စစ်တပ် အပေါ် ထိပ်တန်း ခေါင်းဆောင် အဆင့် ဆက်ဆံမှုတွေ အခုလပိုင်းထဲ တရှိန်ထိုး တိုးမြင့်လာတာ၊ တိုက်ခိုက်ရေး ဂျက် လေယာဥ်တွေ ထောက်ပံ့တာမျိုးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်စပ်မှာ ပိတ်ဆို့ ဖိအားပေးတာတွေ ဆက်တိုက် လုပ်လာနေပါတယ်။ ဒီလို မြန်မာ့အရေး စွက်ဖက်မှုက ပိုမြင့်မားလာနေလို့ ထရမ့် တက်လာချိန်မှာ မြန်မာ့အရေးမှာ နှစ်ဘက် ဘယ် အတိုင်းအတာ အထိ ဆောင်ရွက်မယ် ဆိုတဲ့ ဘုံနားလည်ထားမှုက ပျက်ပြယ် သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သောမတ်စ်ကီန်းက သုံးသပ်ပါတယ်။
အလားတူပဲ ကမ္ဘာ့အရေးတွေမှာ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့ အမျှ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ ခုခံတော်လှန်ရေး အင်အားစုတွေ အနေနဲ့ နှစ်ဘက်ကို ချိန်ညှိရမယ့် ခက်ခဲတဲ့ အနေအထား ဖြစ်လာနေတယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။
NUG ခေါင်းဆောင်ပိုင်း တဦး ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ရွေးကောက်ပွဲနိုင် အမေရိကန် အစိုးရ အသစ်အနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးမှာ အခုထက် မလျော့တဲ့ ထောက်ခံပံ့ပိုးပေးမှုတွေ ဆက်လုပ်ဖို့ မျှော်လင့်သလို မြန်မာ အနေနဲ့ နိုင်ငံကြီး တခုခုရဲ့ ဘက်ကို လိုက်ဖို့ မရှိဘူးလို့ ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ သိပ်မကြာခင်က ဖြေကြားထားပါတယ်။ မြန်မာ့အရေးမှာ လိုအပ်နေတာက နိုင်ငံတနိုင်ငံရဲ့ အကူအညီ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေ အားလုံးကို လိုအပ်သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ နိုင်ငံတွေရဲ့ အကူအညီလည်း လိုအပ်ပြီး အားလုံးက အဓိပ္ပာယ်ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တောင်းဆိုထားပါတယ်။
Forum