ဖလော်ရီဒါ ပြည်နယ် အထက်လွှတ်တော် အမတ် Marco Rubio ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အရွေးကောက်ခံ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်လိုက်ပြီး လွှတ်တော် အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ မာကို ရူဘီယို ဟာ ၂၀၁၁ ကတည်းက အထက်လွှတ်တော် အမတ်ဖြစ်ခဲ့ပြီး နိုင်ငံခြားရေးရာ နဲ့ ထောက်လှမ်းရေး လွှတ်တော် ကော်မတီတွေ မှာ တာဝန်ယူခဲ့သူမို့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ထရမ့် ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ မဲဆွယ်စည်းရုံးရေး အကြံပေး ၄ ယောက်ကို အိမ်ဖြူတော် မှာ ဒုတိယ အကြီးအကဲတွေအဖြစ် ခန့်ထားလိုက်ပါတယ်။ သူ့လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တာ ကြာပြီဖြစ်တဲ့ Dan Scavino ကို ဒုတိယ အိမ်ဖြူတော် အကြီးအကဲအဖြစ် ဗုဒ္ဓဟူးနေ့က ကြေညာပေမဲ့ တာဝန်ကိုတော့ တိတိကျကျ မပြောပါဘူး။
ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းကတော့ အိမ်ဖြူတော် လူမှုမီဒီယာဆိုင်ရာ ညွှန်ကြားရေးမှူး အဖြစ် Dan Scavino က တာဝန်ယူခဲ့သူပါ။ မဲဆွယ်စည်းရုံးရေး နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူး James Blair ကို ဥပဒေ၊ နိုင်ငံရေး နဲ့ အစိုးရကိစ္စရပ်များဆိုင်ရာ ဒုတိယ အကြီးအကဲ၊ Taylor Budowich ကို ဆက်သွယ်ဆက်ဆံရေး နဲ့ ဝန်ထမ်းရေးရာ ဒုတိယ အကြီးအကဲ အဖြစ် ခန့်ထားလိုက်ပါတယ်။
အိမ်ဖြူတော် မူဝါဒ ရေးရာ ဒုတိယ အကြီးအကဲ နဲ့ အမိမြေ လုံခြုံရေး အကြံပေးအဖြစ် Stephen Miller ကို ခန့်ထားကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာပဲ တရားဝင် ကြေညာပါတယ်။ သူ့ကို လူဝင်မှုကြီးကြပ်ရေး နဲ့ ပတ်သက်လို့ သဘောထား တင်းမာသူ တယောက်အဖြစ် သိကြပါတယ်။ သူဟာ ထရမ့် ရဲ့ ပထမ သမ္မတသက်တမ်းတုန်းကလည်း အကြီးတန်း အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အထူးသဖြင့် ထရမ့် ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒမှာ အခရာကျသူလို့ ယူဆကြပါတယ်။
Forum