သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ဘာသာရေးဖိနှိပ်မှု အမေရိကန်လွှတ်တော် အစီရင်ခံချက်


အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

ဇန်နဝါရီ ၂၉ ရက်၊ တနင်္လာနေ့က အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေ အပေါ် ပိုပြီး ပစ်မှတ်ထား ဖိနှိပ် နှိပ်စက် ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ဆိုးရွားကျဆင်းနေတာတွေကို ဘာသာရေး အဖွဲ့အစည်းတွေနဲ့ လက်တွေ့ ကွင်းဆင်း သုတေသန ပြုလေ့လာထားသူတွေက လွှတ်တော်ကို တင်ပြကြပါတယ်။ ဒီပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ကြားနာတဲ့ အခု ရှင်းလင်းပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဘာသာရေး အဆောက်အအုံတွေ၊ ဘာသာရေး ဆရာတွေနဲ့ သင်းအုပ်ဆရာတွေ၊ လူနည်းစု ဘာသာဝင်တွေ အပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကို အဓိက မီးမောင်းထိုးပြီး တင်ပြခဲ့ပါတယ်။ အမေရိကန်လွှတ်တော်နဲ့အစိုးရ အနေနဲ့ မြန်မာ့အရေးမှာ ပိုမိုပြီးတော့ အလေးပေး ဆောင်ရွက်ကြဖို့လည်း လာရောက်ရှင်းလင်းသူတွေက တိုက်တွန်းခဲ့ကြပါတယ်။

ဒီအစီရင်ခံတင်ပြတဲ့ပွဲကို အမေရိကန် ကွန်ဂရက် လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith ကိုယ်တိုင် လက်ခံကျင်းပတာပါ။ မြန်မာ့အရေး နှစ်ဆတိုး လုပ်ဖို့ ကို နယူးဂျာစီပြည်နယ် အောက်လွှတ်တော်အမတ် ခရစ်စမစ်က အခု လို တိုက်တွန်းပါတယ်။

“ဒီ အစည်းအဝေးရဲ့ အရေးပါမှုက မြန်မာနိုင်ငံကို ကူညီဖို့၊ ပြောင်းလဲဖို့နဲ့ ကွန်ဂရက် လွှတ်တော်မှာ တခါပြန် အာရုံစိုက်ခံရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဖို့ပဲလို့ ကျွန်တော်ထင်ပါတယ်။ ကွန်ဂရက် အောက်လွှတ်တော်မှာ အရင်က မြန်မာ့အရေး ဥပဒေပြုမှုတွေ လုပ်ခဲ့နိုင်ပြီး အကျိုးရှိတဲ့ အလုပ်တွေ လုပ်ခဲ့နိုင်ပါတယ်။ စစ်အစိုးရက အနိုင်မယူနိင်လောက်အောင် အင်အားကြီးနေတာမျိုး မဟုတ်ပါဘူး။ ဒါကို စစ်ရေး အခြေအနေတွေမှာ တွေ့နေရပါတယ်။ တော်လှန်ရေး အင်အားစုတွေမှာလည်း မြင်နေရပါတယ်။ ကျွန်တော်တို့ အောက်လွှတ်တော်အနေနဲ့ တစုတစည်းတည်း ရှိဖို့ လိုပါတယ်။”

ဒီပွဲမှာ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရးအတွက် လှုပ်ရှားနေတဲ့ Chin Association of Maryland (CAM) ကလည်း ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ ၂၀၂၃ ခုနှစ် နှစ်ချုပ် အစီရင်ခံစာနဲ့ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ကို ထွက်ပြေးခဲ့ရတဲ့ မြန်မာပြည်က ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေ အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားလာနေတာကို သုတေသနပြုလေ့လာခဲ့သူတွေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှု ဒဏ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ဒီပွဲမှာ လွှတ်တော် တာဝန်ရှိသူတွေကို ထွက်ဆို တင်ပြခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
အမေရိကန် ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ မြန်မာအရေး အစီရင်ခံတဲ့ပွဲ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

ဒီအောက်လွှတ်တော် ရုံးခန်းမှာကျင်းပတဲ့ အစီရင်ခံ တင်ပြတဲ့ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေလည်း တက်ရောက်ကြပြီး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့် မှတ်ချက်စကား ပြောခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်သူ တဦးဖြစ်တဲ့ ကြားကာလ အမျိုးသာညီညွတ်ရေး အစိုးရ NUG သမ္မတရုံးရဲ့ ပြောခွင့်ရ ဦးကျော်ဇောကလည်း ဒီလို လွှတ်တော်တာဝန်ရှိသူတွေကို တိုက်ရိုက် တင်ပြခွင့်ရတာက အကျိုးရှိတယ်လို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စစ်အစိုးရ အကြမ်းဖက် စစ်ကောင်စီကနေ လုပ်နေလို့ ပြည်သူတွေ ဘယ်လို ဒုက္ခရောက်တယ်။ အထူးသဖြင့် လူနည်းစု ခရစ်ယာန်တွေ ဘယ်လို ဒုက္ခရောက်တယ် ဆိုတဲ့ဟာကို Highlight လုပ်နိုင်ခဲ့တယ်။ နောက်တခုက ဘားမားအက်ပေါ့။ ဘားမားအက်ကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ လူတွေကို ကူပေးဖို့နဲ့ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေကို ကူပေးဖို့ ဆိုတဲ့ ဟာတွေ၊ ရရှိဖို့အတွက် ဘယ်လို တွန်းအားပေးရမလဲဆိုတဲ့ဟာကို ကွန်ဂရက်က အခုလိုမျိုး၊ ကွန်ဂရက် အမတ် Chris Smith လိုမျိုး ခေါင်းဆောင်ပိုင်းက တွေ့ဆုံကြတဲ့ဟာ အင်မတန်မှလည်း အကျိုးရှိတယ်။ သူတို့ကလည်း ကြားနာချက်တွေ နားထောင်ပြီးတော့ တွန်းအားတရပ်အနေနဲ့ ကွန်ဂရက်က အတည်ပြုထားပြီးပြီ၊ အမေရိကန် အစိုးရကို ဆက်ပြီးတော့ တွန်းအားပေးဖို့ ကိစ္စတွေလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်။”

ဒီအစီရင်ခံစာ ကြားနာပွဲကို စီစဉ်တဲ့ အဖွဲ့တခုဖြစ်တဲ့ Chin Association of Maryland ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Zo Tum Hmung ကလည်း မြန်မာ့အရေး ထိထိရောက်ရောက် အကူအညီပေးဖို့နဲ့ စစ်ကောင်စီက ဖမ်းထားတဲ့ သင်းအုပ်ဆရာတွေ အရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူတွေအရေး တိုက်တွန်းနှိုးဆော်တာတွေလုပ်သလို စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အမေရိကန် အနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ အဖြစ် သတ်မှတ်ဖို့ တောင်းဆိုပါတယ်။

“အခုလို ခရစ်ယာတွေ အပေါ်မှာ ကျူးလွန်တဲ့ဟာတွေကို ကွန်ဂရက်အနေနဲ့ ဆုံးဖြတ်ချက် ချသင့်တယ်။ ဆုံးဖြတ်ချက်ချက်တဲ့အခါမှာ ခရစ်ယာန်တွေကို အခုလို ဆက်လက်ပြီးတော့ နှိပ်စက်မှုတွေ၊ ဘာသာရေး ဘုရားကျောင်းတွေ ဖျက်ဆီးတာတွေ၊ ဘုန်းကြီးတွေ သင်းအုပ်ဆရာတွေကို ဖမ်းဆီးတာတွေ ထောင်ချတာကို ရပ်ပေးဖို့။ အစိုးရကိုလည်း ကျွန်တော် တောင်းဆိုတယ်။ အခုလို စစ်ကောင်စီ ကနေ ခရစ်ယာန် အပေါ်မှာ ကျူးလွန်တဲ့ဟာက War Crime (စစ်ရာဇဝတ်မှု) ဆိုပြီး သတ်မှတ်သင့်ပြီ၊ Crime Against Humanity (လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု) လို့လည်း သတ်မှတ်သင့်တယ်။ အဲ့ဒါကို ကျွန်တော်တောင်းဆိုတယ်။”

ဒီပွဲမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ နှစ်စောင်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ ကရင်နီ ခေါ် ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ ခရစ်ယာန် လူမှုအသိုင်းအဝန်းအပေါ် စစ်ကောင်စီ စစ်တပ်ရဲ့ ဖိနှိပ်မှုတိုးလာနေတာကို မှတ်တမ်းတင်ထားပြီး မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ် အတွက် ခရစ်ယာန်ဘာသာဝင်တွေ ကိုယ်ယုံကြည်ရာ ကိုးကွယ် ဝတ်ပြုဖို့ အတွက် အခက်အခဲဆုံး ဖြစ်လာနေတဲ့ ကမ္ဘာ့ နိုင်ငံ (၅၀) စာရင်းမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ရဲ့ ၂၀၂၃ ခုနှစ် ထုတ် မှတ်တမ်းကို ကိုးကားပြီး ခရစ်ယာန် ဘာသာရေး ဆိုင်ရာ အဆောက်အအုံ ၈၇ ခုနဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အဆောက်အအုံ ၉၄ ခု ပျက်စီးခဲ့တယ် ဆိုပါတယ်။ Chin Association of Maryland ရဲ့ လေ့လာ တွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ အတွင်း ဘာသာရေး အဆောက်အအုံပေါင်း ၂၂၀ ပျက်စီးခဲ့ရတာလို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာကနေ နှစ်ကုန်အထိမှာ ချင်းပြည်နယ်၊ ကရင်နီ ခေါ် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ နောက်ထပ် ခရစ်ယာန် ဘုရားကျောင်း ၂၃ ကျောင်း စစ်ကောင်စီ လက်ချက်ကြောင့် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG