သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံရမှု ကန်လွှတ်တော်မှာထွက်ဆို


ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်
ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်

အမေရိကန်ကွန်ဂရက်လွှတ်တော် နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌ ခရစ္စမစ်က လက်ခံကျင်းပတဲ့ မြန်မာပြည်က လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံရမှုတိုးလာနေတဲ့အခြေအနေ အစီရင်ခံစာတင်သွင်းပွဲမှာ မြန်မာ့အရေး နှစ်ဆတိုးလုပ်ဖို့ကို ကွန်ဂရက်အမတ် ခရစ္စမစ်က တိုက်တွန်းလိုက်ပါတယ်။

“ဒီ အစည်းအဝေးရဲ့အရေးပါမှုက မြန်မာနိုင်ငံကို ကူညီဖို့၊ ပြောင်းလဲဖို့နဲ့ ကွန်ဂရက်လွှတ်တော်မှာ တခါပြန် အာရုံစိုက်ခံရဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးလုပ်ဖို့ပဲလို့ ကျနော်ထင်ပါတယ်။ ကွန်ဂရက် အောက်လွှတ်တော်မှာ အရင်က မြန်မာ့အရေး ဥပဒေပြုမှုတွေလုပ်ခဲ့နိုင်ပြီး အကျိုးရှိတဲ့ အလုပ်တွေ လုပ်ခဲ့နိုင်ပါတယ်။ စစ်အစိုးရက အနိုင်မယူနိင်လောက်အောင် အင်အားကြီးနေတာမျိုး မဟုတ်ပါဘူး။ ဒါကို စစ်ရေး အခြေအနေတွေမှာ တွေ့နေရပါတယ်။ တော်လှန်ရေး အင်အားစုတွေမှာလည်း မြင်နေရပါတယ်။ ကျနော်တို့ အောက်လွှတ်တော်အနေနဲ့ တစုတစည်းတည်း ရှိဖို့ လိုပါတယ်။” လို့ လွှတ်တော်အမတ် ခရစ္စမစ်-က ပြောသွားပါတယ်။

ဇန်နဝါရီ ၂၉ ရက်၊ တနင်္လာနေ့က ကွန်ဂရက်ရဲ့ Rayburn House အဆောက်အအုံရုံးခန်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပိုပြီး ပစ်မှတ်ထား ဖိနှိပ်၊ နှိပ်စက်ညှဉ်းပန်းမှုတွေ မြင့်တက်လာနေတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ ဆိုးရွား ကျဆင်းနေတာတွေကို ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လက်တွေ့ကွင်းဆင်း သုတေသန ပြုလေ့လာထားသူတွေက လွှတ်တော်ကို တင်ပြကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် Frederick Davie ကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်လာစေဖို့နဲ့ ဖယ်ဒရယ် ဒီမိုကရက်တစ် တိုင်းပြည်ထူထောင်နိုင်ဖို့ အတည်ပြုထားတဲ့ မြန်မာအရေး ဖြေရှင်းအကူအညီပေးရေး ဘားမားအက်ဥပဒေကို အပြည့်အဝအကောင်အထည်ဖော်ဖို့ လွှတ်တော်နဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကိုတိုက်တွန်းထားကြောင်း ဒီပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ် မှာ ခရစ်ယာန်ဘာသာဝင်တွေ ကိုယ်ယုံကြည်ရာ ကိုးကွယ်ဝတ်ပြုဖို့အတွက် အခက်ခဲဆုံးဖြစ်လာနေတဲ့ ကမ္ဘာ့နိုင်ငံ (၅၀) စာရင်းမှာရှိနေတဲ့အခြေအနေကို တနင်္လာနေ့က တင်သွင်းထုတ်ပြန်တဲ့ အစီရင်ခံစာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ရဲ့ ၂၀၂၃ ခုနှစ် ထုတ် မှတ်တမ်းကို ကိုးကားပြီး ခရစ်ယာန် ဘာသာရေး ဆိုင်ရာအဆောက်အအုံ ၈၇ ခုနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အအုံ ၉၄ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရးအတွက် လှုပ်ရှားနေတဲ့ Chin Association of Maryland (CAM) အဖွဲ့ရဲ့ တွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်း ဘာသာရေး အဆောက်အအုံပေါင်း ၂၂၀ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာကနေ နှစ်ကုန်အထိမှာ ချင်းပြည်နယ်၊ ကရင်နီ ခေါ် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ နောက်ထပ် ခရစ်ယာန် ဘုရားကျောင်း ၂၃ ကျောင်း စစ်ကောင်စီ လက်ချက်ကြောင့် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအောက်လွှတ်တော်ရုံးခန်းမှာကျင်းပတဲ့ အစီရင်ခံစာ တင်ပြတဲ့ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တာဝန်ရှိသူတွေလည်း တက်ရောက်ကြပြီး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်မှတ်ချက်စကား ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG