သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဘာသာရေးလွတ်လပ်ခွင့်ဆော်ဩသူတွေကို ကန်ထောက်ခံသွားမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့ စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက ဆက်လက်သတ်မှတ်ထားပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံမှာ ဆော်သြစည်းရုံးကြသူတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

“ဘာသာရေးအရ လူနည်းစုတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေတဲ့ကြားကပဲ မူဆလင်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်နဲ့ တခြား ဘာသာဝင် ဆရာ ဆရာမတွေက လူ့အခွင့်အရေး အရေးကြီးပုံကို ဆက်လက် သင်ကြားပေးနေကြပါတယ်။ ဒီအထဲမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ဘာသာတရားတွေကြား လေးစားရေးလည်းပါဝင်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်အတွက် ဒီလို သတ္တိရှိရှိ ဆော်သြစည်းရုံးနေကြသူတွေကို အမေရိကန်ပြည်ထောင်စုက သူတို့နဲ့အတူ ရပ်တည်ထောက်ခံသွားပါမယ်။” - လို့ နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောကြားသွားခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့က ထုတ်ပြန်ရာမှာ ဝန်ကြီး Antony Blinken က ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့တိုင်းပြည်စာရင်းထဲ အမေရိကန်ပြည်ထောင်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ထပ်မံထည့်သွင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဥပဒေအရ မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ထည့်သွင်းခံခဲ့ရပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ရာမှာ အဆိုးဆုံးနိုင်ငံတွေစာရင်းမှာ တရုတ်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ ရုရှား၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗီးယားနိုင်ငံတွေလည်း ပါဝင်ပါတယ်။

“ကမ္ဘာလောကကောင်းဖို့ ဘာသာရေးဟာ အလွန် အားကောင်းတဲ့ အင်အားတရပ် ဖြစ်နိုင်ပါတယ်။ ဒါကို ကန့်သတ် ဒါမှမဟုတ် တခြားသူတွေကို ဒုက္ခပေးဖို့လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကတော့ ဘာသာရေးရဲ့ ကောင်းမွန်တဲ့အင်အားကို အပြည့် အသုံးချနိုင်မှာ မဟုတ်ဘူး။” လို့ အမေရိကန်ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Rasha Hussain က ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရိုဟင်ဂျာအရေးကိစ္စအပြင် ပဋိပက္ခနယ်မြေတွင်း စစ်ကောင်စီတပ်တွေက ခရစ်ယာန်ဘုရားကျောင်းတွေကို ဝင်ရောက်စီးနင်းဖျက်ဆီးမှုတွေနဲ့ ကချင်ဘာသာရေးခေါင်းဆောင် ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထားတဲ့ကိစ္စတွေကိုလည်း ထည့်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG