သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကော်မရှင်ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်စာရင်းထဲ မြန်မာပါဝင်


ကယားပြည်နယ်၊ လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန်ထားပုံ/ ယခင်မှတ်တမ်းဓာတ်ပုံ ( AFP PHOTO / KANTARAWADDY TIMES ")
ကယားပြည်နယ်၊ လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန်ထားပုံ/ ယခင်မှတ်တမ်းဓာတ်ပုံ ( AFP PHOTO / KANTARAWADDY TIMES ")

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် “အထူး ပြင်းထန်စွာ” ချိုးဖောက်နေတဲ့ နိုင်ငံတွေစာရင်းမှာ ပြန်လည် သတ်မှတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာရဲ့ အဲဒီစာရင်းမှာ မြန်မာအပါအဝင် တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအတွက်ထုတ်ပြန်ချက်မှာ ၂၀၂၂ ခုနှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေဟာ သိသိသာသာကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံစုစုပေါင်းနယ်မြေရဲ့ ခန့်မှန်းခြေ ၁၇ ရာခိုင်နှုန်းကို အပြည့်အဝထိန်းချုပ်ထားပြီး အဲဒီ ကန့်သတ်နေရာတွေမှာ သဘောထားကွဲလွဲသူတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေပြီး လွတ်လပ်ခွင့်တွေကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

တခါ စစ်ကောင်စီဟာ သူ့ရဲ့တရားဝင်မှုကို ရရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လူအများစု ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကို အားပေးချီးမြှောက်ပံ့ပိုးကူညီမှုနဲ့ ကာကွယ်တာတွေလုပ်ဆောင်တယ်လို့ ပြောပါတယ်။

သြဂုတ်လတုန်းက ဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားတဲ့အပြောအဆိုတွေ၊ အွန်လိုင်းပို့စ်မှန်သမျှကို ဥပဒေနဲ့အညီအပြစ်ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးခဲ့တာကို အစီရင်ခံစာမှာ ကိုးကားထားပါတယ်။

တဖက်မှာလည်း ဒီမိုကရေစီ အင်အားစုတွေရဲ့ တော်လှန်ရေးကိုနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေမှာ ဗုဒ္ဓဘာသာအပါအဝင် ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်ကဖျက်ဆီးခဲ့တာတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်း ဒေသကြီးထဲမှာ အနည်းဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၃၀ နဲ့ မကွေးတိုင်းဒေသကြီးထဲမှာ ဘုန်းကြီးကျောင်း ၂၀ ထက်မနည်းကို စစ်တပ်က ဝင်ရောက်စီးနင်းတာ၊ လုယက် ဖျက်ဆီးတာတွေလုပ်ခဲ့ကြောင်း မနှစ်က မတ်လ သတင်းထုတ်ပြန်ချက်တွေကိုလည်း ကိုးကားထားပါတယ်။

ဒါ့ပြင် ၂၀၂၂ ခုနှစ် တနှစ်လုံးမှာ လူနည်းစုဘာသာဝင်တွေရဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးနဲ့ဆက်စပ်တဲ့အဆောက်အအုံတွေကိုလည်း စစ်တပ်က ပစ်မှတ်ထား က်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေးတွေမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့အတိုင်း အလားတူနည်းဗျူဟာတွေ သုံးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စစ်တပ်ဟာ ကယားပြည်နယ် လွိုင်ကော်ခရိုင်ထဲမှာ ကက်သလစ်ဘုရားကျောင်း ၉ ကျောင်းထက်မနည်းကို ဖျက်ဆီးခဲ့ပြီး ကက်သလစ်ဘာသာဝင် ဒေသအုပ်စု ၃၈ ခုအနက် ၁၆ ခုထက်မနည်း ထိခိုက်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီကာလအတွင်း ပဋိပက္ခကြောင့် လူပေါင်း ၁.၁ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံထဲမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) စုစုပေါင်း ၁.၄ သန်းအထိ ရှိလာခဲ့ပါတယ်။ ဒီအရေအတွက်တွေထဲမှာ ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းက ၁၂၁,၀၀၀ နဲ့ ကချင်နဲ့ ရှမ်းပြည်နယ်ရှိ လူများစု ဗုဒ္ဓဘာသာဝင် လူမှုအသိုင်းအဝန်းတွေထဲကလည်း ပါဝင်ပါတယ်။

ဒါ့ပြင် စစ်ကောင်စီက စစ်ပွဲနဲ့ပဋိပက္ခကြောင့်ထိခိုက်ရသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မရောက်အောင်လည်း ရည်ရွက်ချက်ရှိရှိနဲ့ တမင်တကာပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။

၂၀၂၂ အစီရင်ခံစာရဲ့ အမေရိကန်အစိုးရအပေါ် အကြံပြုချက်တွေထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့၊ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ရဲ့ မြန်မာ့နိုင်ငံရေးအက်ဥပဒေ (ဘားမားအက်) ပြဌာန်းချက်အောက်ကနေ ဘာသာရေးလွတ်လပ်ခွင့်အတွက် ဦးစားပေးဆောင်ရွက်ဖို့၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန္ဒအလျောက် သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး လိုအပ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်ဖို့နဲ့ ရိုဟင်ဂျာအရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေကိုလည်း တိုက်တွန်း အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG