မက္ကဆီကို သမ္မတ Claudia Sheinbaum က ရွှေ့ပြောင်းသူတွေ အမေရိကန်ထဲ မဝင်ဖို့နဲ့ fentanyl မူးယစ်ဆေးတွေ မဝင်အောင် တားဆီးရာမှာ သူ့အစိုးရက ဘယ်လို ကူညီခဲ့တယ်ဆိုတာကို တိုက်ရိုက် ပြောကြားခဲ့တဲ့နောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကို တင်ပို့ကုန်တွေအပေါ် အခွန် ၂၅ % ကောက်ခံမှုကို သီတင်းပတ် ၄ ပတ် ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန်က အခွန် တိုးကောက်ခံမှုကို ဧပြီ ၂ ရက်နေ့အထိ ရွှေ့ဆိုင်းထားကြောင်းနဲ့ သူ့ ပထမ သမ္မတသက်တမ်း တုန်းက ၂၀၁၈ မှာ မက္ကဆီကိုနဲ့ ကနေဒါတို့နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်စာချုပ်မှာပါတဲ့ အမေရိကန် ကုမ္ပဏီတွေကနေ မက္ကဆီကို ပို့ကုန်တွေ တင်သွင်းမှုကိုတော့ အခွန်ကောက်မှာ မဟုတ်ကြောင်း သူ့ရဲ့ လူမှုမီဒီယာကနေ ပြောကြားခဲ့တာပါ။
ကနေဒါအတွက် အခွန် ၂၅ % ကောက်ခံမှုနဲ့ပတ်သက်ပြီး ဆိုင်းငံ့ဖို့ ရှိမရှိ သမ္မတထရမ့်က မပြောသေးပေမယ့် ကနေဒါအတွက်ပါ ဆိုင်းငံ့ဖို့ ဖြစ်လာနိုင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီး Howard Lutnick က ကြာသပတေးနေ့ ရုပ်သံမေးမြန်းခန်းမှာ အရိပ်အမြွက် ပြောခဲ့တာပါ။
ဗုဒ္ဓဟူးနေ့ကတော့ မက္ကဆီကို နဲ့ ကနေဒါ ၂ နိုင်ငံ စလုံးက အမေရိကန်ကို တင်ပို့တဲ့ ကားလုပ်ငန်းဆိုင်ရာ ပို့ကုန်တွေ အတွက် အခွန်သစ် ကောက်ခံမှုကို ၁ လကြာ ဆိုင်းငံ့ထားခဲ့ကြောင်း သမ္မတထရမ့်က ပြောခဲ့ပါတယ်။ မက္ကဆီကို သမ္မတက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၂ နိုင်ငံ အနေနဲ့ ကိုယ့်အချုပ်အချာ အာဏာပိုင်ဆိုင်မှု ဘောင် အတွင်းကနေ လက်တွဲဆောင်မှုဟာ မကြုံစဖူး အောင်မြင်မှုရခဲ့ကြောင်း သဘောတူခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
မက္ကဆီကိုဟာ အမေရိကန်ဘက်ကို မူးယစ်ဆေး မဝင်နိုင်အောင် လုပ်ဆောင်နေတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မယ့် သူတွေကို တားဆီးဖို့ မက္ကဆီကိုတပ်သား တသောင်း ချထားခဲ့သလို အမေရိကန်ဘက်က အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းသား ၂၉ ဦးကို ပြန်ပို့ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ကနေဒါ သမ္မတ Justin Trudeau ကတော့ အမေရိကန်က ကနေဒါ ထုတ်ကုန်တွေကို အခွန် သစ်ကောက်ခံဖို့ တလတာ ဆိုင်းငံ့ထားရေး အရိပ်အယောင်ပြမှုအတွက် ကြိုဆိုကြောင်း ပြောပေမယ့် အမေရိကန်က အခွန်ကောက်ရင် တန်ပြန်ကောက်ခံမယ့် သူ့အစီစဉ်ကိုလည်း မရုပ်သိမ်းသေးကြောင်း ပြောပါတယ်။
Forum