အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက မတ်လ (၄) ရက် မနေ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ Donald Trump က အဲဒီနိုင်ငံတွေအပေါ် အခွန်တိုးကောက်တာကြောင့် ခုလို တုံ့ပြန် အခွန်တိုးကောက် မယ်ဆိုပြီး ပြောတာပါ။
အမေရိကန်ပြည်ထောင်စုက အိမ်နီးချင်းမက္ကဆီကိုနဲ့ကနေဒါသွင်းကုန်တွေအပေါ် မနေ့တုန်းက ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်းကောက်ရာကနေ ၂၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။
အင်္ဂါနေ့ည ကွန်ဂရက်စ်လွှတ်တော်ကို ထရမ့်မိန့်ခွန်းပြောရာမှာ မမျှတတဲ့ကုန်သွယ်ရေး စံနှုန်းတွေ ကြောင့်လို့ ဆိုပြီး အမေရိကန်သွင်းကုန်တွေအပေါ် အခွန်ကောက်တဲ့ နိုင်ငံတွေအပေါ် ဧပြီ (၂) ရက်နေ့က စပြီး သွင်းကုန်ခွန် ပြန်ကောက်မယ့်အကြောင်း ကတိပေး ပြောကြားပါတယ်။ ဘရာဇီးလ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂတို့အေပါ် ရည်ညွှန်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါအပေါ် သွင်းကုန်ခွန်တိုးကောက်ဖို့ ထရမ့်က အရင် ပြောထားတာကနေ တလတာ ဆိုင်းငံ့ပြီး ဒီကာလအတွင်း အမေရိကန်ဘက်ကတောင်းဆိုတဲ့အတိုင်း မက္ကဆီကိုက အမေရိကန်တောင်ပိုင်းနယ်စပ်မှာ တပ်ဖွဲ့ဝင် သောင်းနဲ့ချီချထားပြီး အမေရိကန်ထဲ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားသူတွေကို တားဆီးခဲ့ပါတယ်။ ကနေဒါကလည်း ဖန်တနယ်လ် မူးယစ်ဆေး အမေရိကန်ထဲ ဝင်ရောက်တာကို အပြင်းအထန် တားဆီးပေးတဲ့ကြားကနေ ခုအခါ အမေရိကန်က ကုန်သွယ်ခွန် တိုးကောက်လိုက်တာပါ။
ခုလို ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုက အဓိက စတော့အညွှန်းကိန်းတွေ ထိုးကျသွားပါတယ်။ ထရမ့်ကတော့ ခုလိုမျိုး အသေးအမွှား ရိုက်ခတ်မှုရှိပေမယ့် ဒါက သိတ်မမှု လောက်ပါဘူးလို့ ကွန်ဂရက်စ်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ တုံ့ပြန်ပြောဆိုသွားပါတယ်။
Forum