အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သွင်းကုန်ခွန် မူဝါဒတွေနဲ့ အတူ အတိုးနှုန်း လျှော့ချရေးကို တွန်းအားပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန် သွင်းကုန်တွေကို အပေါ်မှာ အခွန်ကောက်ယူတဲ့ နိုင်ငံတိုင်းကို အပြန်အလှန် အခွန်စည်းကြပ်ဖို့ သူ့ရဲ့ ကုန်သွယ်ရေး အကြံပေးတွေက အပြီးသတ် စီစဉ်နေချိန်မှာပဲ သမ္မတ Trump က အခုလို ပြောခဲ့တာပါ။
“အတိုးနှုန်းတွေကို လျှော့ချသင့်ပြီး ဒါဟာ ပြည်ပ သွင်းကုန်ခွန် စည်းကြပ်မှုနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်” လို့ လူမှုကွန်ရက် မီဒီယာမှာ သမ္မတ Trump က ပြောဆိုထားပါတယ်။ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်ကို နိုင်ငံရေးကနေ ကင်းလွတ်စေရေး အတွက် ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ နိုင်ငံရဲ့ အတိုးနှုန်းနဲ့ ငွေကြေးဆိုင်ရာမူဝါဒမှာ ဝင်ပါတာမျိုးကို အမေရိကန် သမ္မတတွေက အစဉ်အလာအားဖြင့် ရှောင်ရှားကြပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ကတော့ ဒီလို မကျင့်သုံးဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အွန်လိုင်း ဗီဒီယိုကတဆင့် မိန့်ခွန်းပြောရာမှာ “အတိုးနှုန်းကို ချက်ချင်းချပေးဖို့ တောင်းဆိုမယ်” လို့ ပြောခဲ့ပါတယ်။
“အတိုးနှုန်းက သူတို့လုပ်နေတာထက် အများကြီး ပိုကောင်းလာပြီ ဆိုတာ သိပါတယ်” လို့ ထရမ့် က ပြောပြီး ဗဟိုဘဏ် တာဝန်ရှိသူတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင်ပြည်ပ သွင်းကုန်တွေကို အခွန်တိုးမြှင့် စည်းကြပ်ပြီး ကုန်သွယ်ဖက်နိုင်ငံတွေ အပေါ် ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း ထရမ့်က ရည်ရွယ်ပါတယ်။ အပြန်အလှန် သွင်းကုန်ခွန် စည်းကြပ်ဖို့က သမ္မတရဲ့ အဓိက ဦးစားပေးဖြစ်တယ်လို့ အိမ်ဖြူတော်စီးပွားရေးအကြံပေး Kevin Hassett က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောပြီး အိမ်ဖြူတော်အနေနဲ့ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်နေပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်လို ကဏ္ဍတွေမှာ ဘယ်လို ပုံစံနဲ့ အကောင်အထည်ဖော်မလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကတော့ "လုပ်ဆောင်ဆဲ" ဖြစ်တယ်လို့ Hassett က ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတွေဟာ သွင်းကုန်တွေအပေါ်မှာ အခွန်စည်းကြပ်ခွင့် ရှိပေမယ့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ်မှာ ဘယ် အတိုင်းအတာနဲ့ အမြင့်ဆုံးအကောက်ခွန်နှုန်းထား သတ်မှတ်မလဲ ဆိုတာ အတွက် WTO နဲ့ ဆွေးနွေးညှိနှိုင်းရပါတယ်။
Forum