သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကို ၁၀% အခွန်ထပ်တိုးမယ်လို့ သမ္မတ Trump ပြော


အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် Mendota မြို့က သံမဏိအစိတ်အပိုင်း တပ်ဆင်ရေးစက်ရုံတရုံ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅)
အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် Mendota မြို့က သံမဏိအစိတ်အပိုင်း တပ်ဆင်ရေးစက်ရုံတရုံ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅)

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက သွင်းကုန်ခွန်ကို အစီအစဉ်အတိုင်း ရှေ့သီတင်းပတ် အင်္ဂါနေ့ မတ်လ ၄ ရက်နေ့ကစပြီး ကောက်ခံသွားမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ တရုတ်ကုန်ပစ္စည်းတွေပေါ် အရင်ပြောထားတဲ့ ၁၀% အပြင် နောက်ထပ် ၁၀% တိုးကောက်မယ်လို့ Truth Social ပေါ်မှာ ကြာသပတေးနေ့က ရေးသားခဲ့တဲ့အပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့အကျိုးစီးပွားအတွက် ကာကွယ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။

“Fentanyl ပြဿနာကို အကြောင်းပြပြီး အမေရိကန်ကို ပို့နေတဲ့ တရုတ်ပစ္စည်းတွေအပေါ် အခွန် တိုးကောက်မယ်လို့ အမေရိကန်က ခြိမ်းခြောက်နေပြန်ပါပြီ။ ဒီလုပ်ရပ်အပေါ် တရုတ်နိုင်ငံက လုံးဝ မကျေနပ်သလို၊ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ အခွန်တိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်အောင်လုပ်တာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောထားပြီးဖြစ်ပါတယ်” - လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ဒီကနေ့ ကျင်းပတဲ့ နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

မူးယစ်ဆေးဝါးလုပ်ရာမှာ ထည့်သွင်းနေတဲ့ Fentanyl ဆေးဝါးတွေ၊ အမေရိကန်ထဲလှိမ့်ဝင်နေတာကို မတားဆီးလို့ဆိုပြီး တရုတ်နိုင်ငံသာမက မက်ဆီကိုနဲ့ ကနေဒါနိုင်ငံတွေကိုလည်း လက်နက်တွေ၊ တရားမဝင် ဝင်လာသူတွေကို မတားဆီးလို့ဆိုပြီး သွင်းကုန်ခွန် ၂၅% ကောက်ခံမယ်လို့ သမ္မတ Trump က ဖေဖော်ဝါရီလထဲက ကြေညာထားပါတယ်။ မက်ဆီကိုနဲ့ ကနေဒါဘက်က လုံခြုံရေးတိုးမြှင့်ပေးခဲ့တာကြောင့် သွင်းကုန်ခွန်ကောက်ခံမှုကို ၁ လဆိုင်းထား လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ၁ လပြည့်မယ့် မတ်လ ၄ ရက်နေ့မှာ သွင်းကုန်ခွန်ကောက်ခံမှုကို အစီအစဉ်တိုင်းလုပ်သွားမယ်လို့ သမ္မတ Trump က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ကို နိုင်ငံခြားက တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတွေကိုလည်း မတ်လ ၁၂ ရက်နေ့ကစပြီး သွင်းကုန်ခွန် ၂၅% ခြွင်းချက်မရှိကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတက ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG