အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သွင်းကုန်ခွန် မူဝါဒတွေနဲ့ အတူ အတိုးနှုန်း လျှော့ချရေးကို တွန်းအားပေးမယ်လို့ ပြောဆိုလိုက်ပြီး အပြန်အလှန် သွင်းကုန်ခွန် ကောက်ခံရေး စာချွန်လွှာကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာဘဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၂ ထရီလီယံ နီးပါး ဘတ်ဂျက် လိုငွေပြမှုကို ဖြေရှင်းဖို့ ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
အမေရိကန်မှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေ သွင်းကုန်ခွန် မရှိပါဘူးလို့ သမ္မတ Donald Trump က အိမ်ဖြူတော် ရုံးခန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အပြန်အလှန် သွင်းကုန်ခွန် ကောက်ခံရေး စာချွန်လွှာကို သမ္မတက လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၂ ထရီလီယံလောက် ဘတ်ဂျက် လိုငွေပြနေတာကို လျှော့ချဖို့ ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အားလုံး အတွက် မျှတတဲ့ ဆောင်ရွက်ချက် ဖြစ်တယ် ဘယ်နိုင်ငံကမှ စောဒက မတက်နိုင်ပါဘူးလို့လည်း သမ္မတက ပြောပါတယ်။
"ကုန်သွယ်ရေးမှာ မျှတမှု အတွက် ရည်ရွယ်ပြီး အပြန်အလှန် သွင်းကုန်ခွန် ကောက်ဖို့ ဆုံးဖြတ်ပါတယ်။ ဆိုလိုတာကတော့ အမေရိကန်ကို အခွန်ကောက်တဲ့ ဘယ်နိုင်ငံမဆို ပြန်ပြီး အခွန်ကောက်မှာ ဖြစ်ပါတယ်။ မတိုး မလျှော့ပါဘူး။ ဆိုလိုတာကတော့ သူတို့က အခွန်ဖြစ်စေ သွင်းကုန်ခွန် ဖြစ်စေ ကျနော်တို့ကို ကောက်ခံရင် ကျနော်တို့က ညီမျှတဲ့ ပမာဏကို ပြန်ပြီး အခွန်ကောက်တာမျိုး သွင်းကုန်ခွန် ကောက်ခံတာမျိုး ဖြစ်ပါတယ်။ အင်မတန် ရိုးရှင်းပါတယ်။"
အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေ အပေါ် သွင်းကုန်ခွန် အသစ်တွေ တွက်ချက်တဲ့ အဖွဲ့ကို ခေါင်းဆောင်ဖို့ အတွက် ကုန်သွယ်ရေး ဝန်ကြီး အဖြစ် သူ အမည်တင်ထားတဲ့ Howard Lutnick နောက် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖြစ် အမည်တင်ထားတဲ့ Jamieson Greer တို့ကို ဦးဆောင်ဖို့လည်း သမ္မတ Trump က ညွှန်ကြားခဲ့ပါတယ်။ သွင်းကုန်ခွန် နှုန်းထားသစ်တွေ တွက်ချက်နဲ့ နေရာမှာ တခြားနိုင်ငံတွေရဲ့ သွင်းကုန်ခွန် နှုန်းထား၊ ကုန်ထုပ်လုပ်မှု လုပ်ငန်းကြီးတွေကို အစိုးရက တစိတ်တပိုင်း ထောက်ပံ့မှု၊ တန်ဖိုးမြှင့်ထုတ်ကုန် အခွန်တွေကိုပါ ထည့်သွင်း စဉ်စားကြမှာ ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂရဲ့ တန်ဖိုးမြှင့် ကုန်စည် အခွန်ဟာဆိုရင် မမျှတတဲ့ ကုန်သွယ်ရေးကို ထင်ဟပ် ပေါ်လွင်စေတယ်လို့ သမ္မတ Trump ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြီးတန်း အကြံပေး Peter Navarro ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်လာဖို့ နာရီပိုင်း အလိုမှာဘဲ သမ္မတ Trump က အပြန်အလှန် သွင်းကုန်ခွန် ကောက်ခံရေး စာချွန်လွှာကို လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက် လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ Trump က နိုင်ငံ အသီးသီးရဲ့ သွင်းကုန်ခွန် အခွန် ကောက်ခံမှု အရေးတွေကို သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။
"ဥရောပ သမဂ္ဂ ဟာ ကျနော်တို့ အတွက် အင်မတန်မှာ ခက်ခဲပါတယ်။ သိပ်ကို ခက်ခဲပါတယ်။ အရင်က ဘယ်သူမှ မကြုံဖူးတဲ့ အတိုင်းအတာမျိုးနဲ့ ကျနော်တို့ ကုမ္ပဏီတွေ အပေါ်မှာ သူတို့ အခွန်ကောက်ပါတယ်။ ဒါကိုတော့ ကျနော်တို့ သဘောမကျပါဘူး။ တရုတ် ကတော့ ဆိုးပါတယ်။ ကျနော် သမ္မတ မဖြစ်ခင်ကဆိုရင် တရုတ်ဆီက ၁၀ ပြားတောင် မယူခဲ့ကြပါဘူး။ ကျနော် သမ္မတ ဖြစ်လာတော့မှ တရုတ်ထံက ဒေါ်လာ ဘီလျံ ရာချီ ရယူခဲ့တာပါ။"
တရုတ် ကုန်စည်အားလုံး အပေါ်မှာ သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ဖို့ သမ္မတ Trump က ညွှန်ကြားထားပြီး တရုတ်ဘက်ကလည်း အမေရိကန်ရဲ့ ရေနံစိမ်း၊ LNG ဓာတ်ငွေ့ရည်၊ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ တခြားသော အမေရိကန် ထုတ်ကုန် တချို့ အပေါ်မှာ တန်ပြန် သွင်းကုန်ခွန် အဖြစ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း အထိ ကောက်ယူမှုနဲ့ တုံ့ပြန်ထားပါတယ်။ အမေရိကန်ရဲ့ သွင်းကုန်ခွန် ကောက်ခံမှုမှာ ဆိုရင် တရုတ် ကုန်စည် တန်ဖိုး ဒေါ်လာ ၄၅၀ ဘီလျံ နီးပါး အပေါ် သက်ရောက်စေမှာ ဖြစ်ပြီး တရုတ်ရဲ့ သွင်းကုန်ခွန် ကောက်ခံမှုမှာတော့ အမေရိကန် ကုန်စည် တန်ဖိုး ဒေါ်လာ ၁၅ ဘီလျံကနေ ၂၀ ဘီလျံ လောက် အပေါ်မှာ သက်ရောက်စေမှာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။ အပြန်အလှန် အခွန် ကောက်ယူမှုကို မျှတမှု ရှိစေရေး လုပ်ငန်းစဉ် တခု အနေနဲ့ ဆောင်ရွက်မယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။
"အိန္ဒိယနဲ့လည်း အပြန်အလှန် အခွန်ကောက်ယူမှာပါ။ အိန္ဒိယဘက်က ဘယ်ဟာကိုပဲ အခွန်ကောက်ပါစေ။ ကျနော်တို့ဘက်က သူတို့ကို ပြန်ကောက်ပါမယ်။"
ဒါဟာ အမေရိကန် ပြည်သေူတွေ အတွက်လည်း မျှတမှု ဖြစ်သလို အိန္ဒိယအတွက်လည်း မျှတတယ်လို့ ရှုမြင်တဲ့ အကြောင်း သမ္မတ Trump က ပြောပါတယ်။
"၂၁ ရာစု အတွက် အမေရိကန်နဲ့ အိန္ဒိယ သဘောတူညီချက်ဟာဆိုရင် နှစ်နိုင်ကြား မိတ်ဖက်ဖြစ်တည်မှုနဲ့ ရင်းနှီးမှုကို ပိုပြီး နက်ရှိုင်းစေမယ့် သမိုင်းဝင် ဆောင်ရွက်ချက် ဖြစ်ပါတယ်။ ဒီနှစ်က စလို့ ဒေါ်လာ သန်း ထောင်ချီပြီး အိန္ဒိယကို စစ်ဘက်ဆိုင်ရာ ရောင်းချမှု တိုးမြှင့်မှာ ဖြစ်ပါတယ်။ F-35 stealth တိုက်လေယာဉ်တွေ ရောင်းချနိုင်ရေး အတွက်လည်း လမ်းဖွင့်ပေးထားပါတယ်။"
အိန္ဒိယ ဝန်ကြီးချုပ် ကတော့ ၂၀၃၀ ပြည့်နှစ် အရောက်မှာ အိန္ဒိယနဲ့ အမေရိကန်ကြား ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၀၀ ဘီလျံထိ ရောက်ရှိဖို့ ရည်မှန်းထားကြောင်း၊ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး သဘောတူညီချက် တခု မကြာခင် ရရှိလာဖို့ နှစ်နိုင်ငံ ဆောင်ရွက်နေကြကြောင်း ပြောပါတယ်။ ဒါ့အပြင်
အမေရိကန်နဲ့ အိန္ဒိယကြား ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ အမေရိကန် ပြန်လည် ကြီးမြတ်ရေး MAGA နဲ့ အိန္ဒိယ ပြန်လည် ကြီးမြတ်ရေး MIGA တို့ ပေါင်းစပ်လိုက်တဲ့ အခါမှာ အားလုံး ပြန်လည် ကြီးမြတ်ရေး MEGA ဖြစ်လာပါတယ်။ ကြွယ်၀ တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုကြီး ဖြစ်ပါတယ်။ "
အမေရိကန် သမ္မတ Trump က သူ့ရဲ့ သွင်းကုန်ခွန် မူဝါဒတွေနဲ့ အတူ အတိုးနှုန်း လျှော့ချရေးကို တွန်းအားပေးမယ်လို့လည်း ပြောဆိုထားတာပါ။ စီးပွားရေး ပညာရှင် တချို့ကတော့ သွင်းကုန်ခွန် တိုးမြှင့်မှုနဲ့ အတိုးနှုန်း လျှော့ချမှု ပေါင်းစပ်မှုဟာ ပြောင်းပြန် သက်ရောက်မှု ဖြစ်နိုင်တယ်လို့ သတိပေးကြပါတယ်။ သွင်းကုန်ခွန် တိုးကောက်တာကြောင့် ဈေးနှုန်းတွေ တက်သွားစေနိုင်ပြီး ဒါဟာ ငွေကြေးဖောင်းပွမှု ဖြစ်စေပြီး အတိုးနှုန်းကို အလွန်အကျွံ လျှော့ချလိုက်မယ်ဆိုရင် ငွေကြေးဖောင်းပွမှု ဖြစ်စေတယ်လို့ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ Peterson အင်စတီကျုက Joseph Gagnon က ပြောပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ငွေကြေး ဖောင်းပွမှုက ၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း အစိုးရ အချက်အလက်တွေက ဖော်ပြကြပါတယ်။
Forum