သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မဟာမိတ် ကနေဒါ၊ EU တို့ကြား ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန် 


ကုန်သွယ်ရေးစစ်ပွဲသရုပ်ပြပုံ
ကုန်သွယ်ရေးစစ်ပွဲသရုပ်ပြပုံ

အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ၊ ဥရောပသမဂ္ဂ (EU) နိင်ငံတွေကြားမှာ အပြန်အလှန် သွင်းကုန်ခွန် စည်းကြပ်မှုအသစ်တွေ ချမှတ်ခဲ့ကြလို့ အမေရိကန်နဲ့ ကုန်သွယ်ဖက် မဟာမိတ်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ဗုဒ္ဓဟူးနေ့မှာ ပြင်းထန်လာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အိမ်ဖြူတော်မှာ အိုင်ယာလန်ဝန်ကြီးချုပ် Micheal Martin နဲ့ တွေ့ဆုံချိန်မှာ "EU ကို အပြန်အလှန် အခွန်စည်းကြပ်မှုတွေ လုပ်ဆောင်တာ" လို့ ပြောပါတယ်။ “သူတို့ အခွန် စည်းကြပ်သလောက် ကျနော်တို့က ပြန်ပြီး စည်းကြပ်တာပါ။ ဒါကို ဘယ်သူကမှ စောဒက တက်လို့မရပါဘူး” လို့ သမ္မတထရမ့်က ပြောပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ရဲ့ ကြေညာချက်ထဲမှာတော့ "အမေရိကန်က ဒေါ်လာ ၂၈ ဘီလီယံတန်ဖိုး အခွန်စည်းကြပ်ခဲ့လို့ EU ကလည်း ယူရို ၂၆ ဘီလီယံတန်ဖိုးရှိတဲ့ တန်ပြန်အရေးယူမှုတွေနဲ့ တုံ့ပြန်နေတယ်" လို့ ပြောပေမယ့် EU အနေနဲ့ "စေ့စပ်ညှိနှိုင်းရေး အမြဲတမ်း လမ်းဖွင့်ထားတယ်" လို့ ဆိုပါတယ်။ ဒီလို အပြန်အလှန် အခွန် စည်းကြပ်တာက နှစ်ဘက်စလုံးရဲ့ အကျိုးစီးပွား မဟုတ်ဘူးလို့လည်း ဥရောပကော်မရှင် အကြီးအကဲက သတိပေးပါတယ်။

သမ္မတထရမ့် ကတော့ ဒီလို သွန်းကုန်ခွန်တိုးမြှင့်တာဟာ အမေရိကန်ပြင်ပ နိုင်ငံရပ်ခြားမှာ စီးပွားလုပ်ငန်းတွေ လည်ပတ်နေတာကို အဆုံးသတ်ပြီး အမေရိကန်ပြည်တွင်းကို အလုပ်တွေ ပြောင်းရွှေ့လာကာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ကာကွယ်ပြောဆိုပါတယ်။ ကနေဒါနဲ့ ဥရောပ ၂၇ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံက သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုအပေါ် အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်လိုက်တာပါ။

ဒါ့အပြင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဗြိတိန်၊ ဂျပန်၊ မက္ကဆီကိုနဲ့ တောင်ကိုရီးယားနိုင်ငံတွေက သွင်းကုန်တွေ အပေါ်မှာ အရင်က ကင်းလွတ်ခွင့်ပေးထားတာကိုလည်း အမေရိကန်က ပယ်ဖျက်ခဲ့ပါတယ်။ " အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်စေတဲ့ သံမဏိနဲ့ ဆက်စပ် ပစ္စည်း တွေ ပြည်ပက တင်သွင်းမှု သိသိသာသာ မြင့်တက်နေတာကို ဖြေရှင်းနိုင်ရေး ဒီလို ပြင်ဆင် ချမှတ်ဖို့ လိုအပ်တယ်" လို့ သမ္မတထရမ့်ရဲ့ သွန်းကုန်ခွန် ကြေညာချက်ထဲမှာ ပြောပါတယ်။

အိမ်နီးချင်း ကနေဒါ ကလည်း ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဒေါ်လာ ၂၀ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အမေရိကန် သွင်းကုန်တွေ အပေါ် သွင်းကုန်ခွန် အသစ်တွေ စည်းကြပ် ချမှတ်ခဲ့ပါတယ်။ EU နိုင်ငံတွေကလည်း အမေရိကန်စက်မှုလုပ်ငန်းနဲ့ လယ်ယာထွက်ကုန်တွေအပေါ် အခွန်အသစ်တွေ တိုးမြှင့် ချမှတ်ပါတယ်။ EU ရဲ့ စည်းကြပ်မှု အသစ်ထဲမှာ သံမဏိနဲ့ အလူမီနီယမ် ထုတ်ကုန်တွေ အပြင် အထည်အလိပ်၊ အိမ်သုံးပစ္စည်းများနဲ့ စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံခန့် တန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတထရမ့် ပထမ သက်တမ်း တာဝန်ထမ်းဆောင်ချိန် ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်တုန်းက အလားတူ သွင်းကုန်ခွန် တိုးမြှင့်တုန်းက အတိုင်းပဲ Bourbon အရက်၊ မြေပဲ ထောပတ်နဲ့ ဂျင်းဘောင်းဘီကနေ မော်တော်ဆိုင်ကယ်အထိ သက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG