သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွဲှပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်


ကမ္ဘောဒီးယားအစိုးရရဲ့ စီးပွားရေး အကြံပေးတာဝန် ကမ်းလှမ်းခြင်းခံရတဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ထိုင်းဝန်ကြီးချုပ် တပ်ဆင် ရှင်နဝပ် (Thaksin Shinawatra) ဟာ ဒီတာဝန်ကိုယူဖို့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိလာပါတယ်။ ထိုင်းနိုင်ငံကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ မစ္စတာတပ်ဆင် အခုလို ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိလာတာမို့ ကမ္ဘောဒီယား၊ ထိုင်း နှစ်နိုင်ငံ နယ်စပ်တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဘန်ကောက်မြို့ကနေ ရွန် ကော်ဘန် (Ron Corben) က သတင်းရေးသားပေးပို့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာတပ်ဆင်ဟာ သူ့ကိုယ်ပိုင်လေယဉ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကို အခု အင်္ဂါနေ့မှာ ရောက်ရှိလာတာပါ။ အခုအပတ် အတွင်းမှာပဲ ကမ္ဘောဒီးယားအစိုးရရဲ့ စီးပွားရေး အကြံပေးတဦး အနေနဲ့ စီးပွားရေးကိစ္စတွေကို မိန့်ခွန်းပြောဖို့ ရှိပါတယ်။ မစ္စတာတပ်ဆင် အခုလို ရောက်ရှိလာတာကို ကမ္ဘောဒီးယား အစိုးရ ပြောခွင့်ရသူက ကြိုဆိုလိုက်ပြီး သူဟာ ကမ္ဘောဒီးယား စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် အကြံဉာဏ်တွေ ပေးသွားလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာဒီးယားနိုင်ငံကို နိုင်ငံရေး ရည်မှန်းချက်နဲ့ အသုံးချတာမျိုးတော့ မလုပ်ဖို့ ကမ္ဘာဒီးယားအစိုးရ ပြောခွင့်ရသူက မစ္စတာတပ်ဆင်ကို သတိပေးခဲ့ပါတယ်။

အခုလို မစ္စတာတပ်ဆင်ကို ကမ္ဘောဒီးယား အစိုးရ စီးပွားရေး အကြံပေးအဖြစ် ခန့်အပ်လိုက်တာကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ အကြားမှာတော့ တင်းမာမှုတွေ ဖြစ်လာပါတယ်။ အဂတိ လိုက်စားမှုစွဲချက်နဲ့ မစ္စတာတပ်ဆင်ကို ထိုင်းနိုင်ငံက ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာကို လာရောက် အပြစ်ခံယူဖို့ ထိုင်းအစိုးရက လိုလားနေတာပါ။ မစ္စတာတပ်ဆင်ဟာ ပြီးခဲ့တဲ့နှစ်ကပဲ ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားတာပါ။

မစ္စတာတပ်ဆင်ကို လွဲှပြောင်းရယူနိုင်ဖို့ နိုင်ငံခြားရေးဌာနနဲ့ ရှေ့နေချုပ်ရုံးကတဆင့် ထိုင်းအစိုးရအနေနဲ့ မေတ္တာရပ်ခံ ဆောင်ရွက်သွားမယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူ ပန်နိတန ဝါတာနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။

“မစ္စတာတပ်ဆင်အနေနဲ့ ထိုင်းနိုင်ငံ ပြန်လာပြီး တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ ကျနော်တို့ အကောင်းဆုံး ဆက်သွယ်ဆောင်ရွက်သွားပါမယ်။ ဒီအတွက် ဥပဒေလည်းရှိပါတယ်။ ဒီလို အပြန်အလှန် ဆောင်ရွက်နိုင်ဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံအကြား သဘောတူညီချက် စာချုပ်တရပ် ရှိထားပါတယ်။”

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ဟာ မစ္စတာတပ်ဆင်ကို ကမ္ဘောဒီးယားနိုင်ငံ လာရောက်ဖို့ ဖိတ်ကြားတဲ့ ပြီးခဲ့တဲ့လကတည်းက နှစ်ဘက်အစိုးရအကြား တင်းမာမှုတွေ ပိုရှိလာပါတယ်။ နှစ်နိုင်ငံ ရေပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို ထိုင်းအစိုးရဘက်က ပြီးခဲ့တဲ့ အပတ်တုန်းက ပြန်လည် ရုပ်သိမ်းသွားပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားနဲ့ လုပ်နေတဲ့ အခြား သဘောတူညီထားတာတွေကိုလည်း ထိုင်းအစိုးရဘက်က ပြန်သုံးသပ်နေပါတယ်။ ဒါအပြင် နှစ်နိုင်ငံ သံအမတ်အဆင့် သံကိုယ်စားလှယ်တွေကိုလည်း အပြန်အလှန် ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။

ကမ္ဘာဒီးယား ထိုင်းနယ်စပ်မှာရှိတဲ့ ၁၁ ရာစု လက်ရာ ခမာဘုရားကျောင်းအနီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့တာကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အတော်လေး တင်းတင်းမာမာ ဖြစ်ခဲ့ပါတယ်။ နှစ်ဘက် စစ်တပ် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဘက်စလုံးမှာ အထိအခိုက်တွေ ဖြစ်ခဲ့ပါတယ်။

ဒီကနေ အင်္ဂါနေ့ထုတ် ထိုင်းသတင်းတရပ်မှာတော့ ရာထူးက ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ဟာ နောက်ထပ် စွဲချက်တခု ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဖော်ပြပါတယ်။ ထိုင်းလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ထိုင်းဘုရင်စနစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မစ္စတာတပ်ဆင်က ဗြိတိသျှ သတင်းစာတစောင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောသွားတာကြောင့်ပါ။ ထိုင်းနိုင်ငံမှာက ဘုရင်စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုတာဟာ အတော်လေး အထိအရှမခံတဲ့ ကိစ္စပါ။ ဒါ့အပြင် ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေလည်း ရှိပါတယ်။

မစ္စတာတပ်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာပါ။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံအတွင်း ဆင်းရဲတဲ့ ကျေးလက်ဒေသမှာတော့ မစ္စတာတပ်ဆင်ဟာ လူကြိုက်များနေဆဲ ရှိပါတယ်။ လူလတ်တန်းစားတွေ၊ အထူးသဖြင့် ဘန်ကောက်မြို့ခံတွေကတော့ မစ္စတာတပ်ဆင်ဟာ အာဏာအလွဲသုံးစား လုပ်တယ်လို့ မြင်ထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG