ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းကာလမှာ ကြုံတွေခဲ့တဲ့ အဆိုးအကောင်းကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်ထားကြသူများ ရှိကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုကြတဲ့ take stock of, second wind နဲ့ have a ball စတဲ့ အီဒီယံအသုံးအနှုန်းများ ဒီတပတ် အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဒီလိုအချိန်အခါမှာ သုံးစွဲနိုင်တဲ့ အီဒီယံအသုံးအနှုန်းကတော့ Take Stock Of ဖြစ်ပါတယ်။ Take က ယူဆောင်သည်၊ Stock က သိမ်းဆည်းထားသည်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ သိမ်းဆည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို့ ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ ဖြစ်ခဲ့တဲ့အခြေအနေကို အရှိအရှိအတိုင်း သုံးသပ်ကြည့်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ နှစ်သစ်ရောက်လာတဲ့အခါ လူအများလုပ်နေကြ ထုံးစအတိုင်းဖြစ်ပါတယ်။
အခုမိဘတဦးအနေနဲ့ သူတို့မိသားစု ပြီးခဲ့တဲ့အခြေအနေကို ဘယ်လိုပြန်လည် သုံးသပ်ကြည့်တယ်ဆိုတဲ့အကြောင်း George Crows ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြပါ။
“ဖြတ်သန်းလာခဲ့တာတွေကို ပြန်သုံးသပ်မယ်ဆိုရင် နှစ်ကောင်းတနှစ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ နှစ်ဦးစလုံး ကိုယ်အလုပ်တွေမှာ ရာထူးအသီးသီး တက်ခဲ့တယ်။ အတိုးနှုန်းနည်းနည်းနဲ့ အိမ်သစ်တလုံးကို ဝယ်နိုင်ခဲ့တယ်။ ပြီးတော့ ကျနော်တို့သား Joe တယောက်လည်း ကောလိပ်ကျောင်းကောင်းကောင်းတခုကို ဝင်ခွင့်ရခဲ့တယ်။”
ဒုတိယအီဒီယံအသုံးအနှုန်းကတော့ Second Wind ဖြစ်ပါတယ်။ Second ဒုတိယ၊ Wind က လေ ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်ကတော့ ဒုတိယတိုက်ခိုက်တဲ့လေ ဖြစ်ပါတယ်။ ခရစ်စမတ်အတွက် အလုအယက် ဈေးဝယ်ထွက်ခဲ့ကြရမှ ခြေကုန်လက်ပန်းကျနေကြသူတွေဟာ ခရစ်စမတ်အလွန်မှာ ဈေးချရောင်းတာတွေကို ကုန်တိုက်တွေမှာ သွားဝယ်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီလိုတကြော့ ပြန်ဝယ်ကြတာဟာ အပြေးပြိုင်ပွဲတခုလိုပါဘဲ။ အားသွန်းပြေးရာမှာ မောပြီးအသက်ရှုမဝ ဖြစ်လာတဲ့အခါ တခါဏနား အမောလည်းပြေသလောက်ဖြစ်ရော ပြန်ဆက်ပြေးတဲ့သဘော ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြန်စနိုင်ဖို့ အားမွေးနိုင်ဖို့ သဘောဖြစ်ပါတယ်။
“It is a good thing there is a whole week between Christmas and New Year. That gives me a chance to catch my second wind after Christmas parties, and ready to celebrate all over again.”
“ခရစ်စမတ် နဲ့ နှစ်သစ်ကူးကြားမှာ သတင်းတပတ်လုံးအချိန်ရှိနေတာ ဟန်ကျလိုက်တာဗျာ။ ခရစ်စမတ်ပါတီတွေအပြီးမှာ အနားရပြီး နောက်ပွဲအတွက် ပြန်ဆင်နွှဲနိုင်ဖို့ အားမွေးနိုင်တဲ့ အခွင့်အလမ်းရခဲ့တာပေါ့။”
ခရစ်စမတ်ပါတီ၊ နှစ်သစ်ကူးပါတီတွေသွား အပျော်ကြီး ပျော်ခဲ့တာကို “Have a Ball” လို့ ပြောနိုင်ပါတယ်။ Have က ရှိသည်၊ Ball က ဘောလုံး ဖြစ်ပါတယ်။ ဒီနေရာမှာ Ball စကားလုံးက ပြင်သစ်စကားဖြစ်တဲ့ Baller ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး စုံတွဲကကြတာလို့ အဓိပ္ပါယ်ရှိပါတယ်။ ပျော်လွန်လို့ ထကကြတယ်လို့ မြန်မာမှာ ပြောကြသလို အလားတူပါဘဲ have a ball ဆိုတဲ့အသုံးက စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“ကျနော်တို့ အိမ်နီးချင်းမိတ်ဆွေတွေနဲ့ နှစ်သစ်ကူးပါတီမှာ ကျနော်တို့အားလုံး အပျော်ကြီးပျော်ခဲ့ကြတယ်။ လူတိုင်းက စိတ်လွတ်ကိုယ်လွတ်နဲ့ စားကြ၊ သောက်ကြ၊ ကခုန်ကြတာ တညလုံးပါပဲ။ မမျှော်လင့်ပဲ ကျလာတဲ့ နှင်းမုန်တိုင်းတောင် ကျနော်တို့ရဲ့  ပျော်ရွှင်မှုကို ဘယ်လိုမှ မဖျက်နိုင်ခဲ့ပါဘူး။”