သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်


မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ ရလာနိုးနဲ့ စောင့်နေကြရင်း အဖတ်ဆယ်မရအောင် ပျက်စီး ယိုယွင်းသွားမယ့် အဖြစ်မျိုးကို အရောက်မခံနိုင်တဲ့အတွက် သြစတြေးလျ အစိုးရက မြန်မာနိုင်ငံအတွက် လူမှုရေး အကူအညီတွေကို လာမယ့် ၃ နှစ်အတွင်း ရာခိုင်နှုန်း ၄၀ တိုးပေးမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အနေနဲ့ ဒီလို အကူအညီတွေကို ပေးအပ်တာဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ အတွက် မဟုတ်ဘဲ မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ အတွက် လက်ရှိ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂၆ သန်း ပေးနေရာက ၄၃ သန်း ဝန်းကျင်အထိ တိုးမြှင့်ပေးမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ သြစတြေးလျနိုင်ငံရဲ့ ဒီလို ကူညီမှုအတွက် သြစတြေးလျနိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်မှု အဖွဲ့က ကြိုဆိုတယ်လို့ အဖွဲ့တာဝန်ခံ ဒေါက်တာမြင့်ချိုက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြဿနာကလည်း တကယ့်ကို လူသားချင်း စာနာတဲ့ ပြဿနာ အကြီးအကျယ် ဖြစ်နေတာ တကြောင်း၊ နောက် သြစတြေးလျမှာ အခြေစိုက်တဲ့ ကျနော်တို့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးကလည်း မြန်မာနိုင်ငံကို အကူအညီတွေ အများကြီးပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာ တကြောင်း၊ နောက်တချက်က ယနေ့ အစိုးရဖြစ်လာတဲ့ လေဘာပါတီကလည်း မြန်မာပြည်သူတွေနဲ့ ပတ်သက်လို့ အမြဲတမ်းလိုလို စေတနာထားပြီး ကူညီပေးနေတာ တကြောင်း၊ အဲဒီအချက်တွေကြောင့် အခုလိုမျိုး အကူအညီတွေ အများကြီးပေးဖို့ ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။

“သူတို့အမြင်ကတော့ တခြားအစိုးရ တက်လာရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ လုပ်စရာတွေ အများကြီးရှိတဲ့ အတွက်ကြောင့် အဲဒီလုပ်ငန်းတွေမှာလည်း အထောက်အကူပေးရေး အခုလို ဆုံးဖြတ်တယ်လို့ သိရပါတယ်။”

ဆရာ့အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။ အခုလို အကူအညီတွေ တိုးပေးတာ။

“မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့် လူသားချင်း စာနာတဲ့ အကူအညီတွေ အားလုံးကို အမြဲတမ်းပဲ ထောက်ခံတယ်၊ အမြဲတမ်းပဲ ကြိုဆိုတယ်၊ ပိုပြီးတော့ ပေးအောင်လည်း ကျနော်တို့ သြစတြေးလျ အစိုးရကိုရော တကမ္ဘာလုံးကိုရော တိုက်တွန်းနေတယ်။

“တခုပဲရှိတာက ပေးတဲ့အကူအညီတွေဟာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေ အကုန်လုံးကို တကယ် အောက်ခြေအထိ ရောက်မရောက် ဆိုတာတော့ သေချာ ဂရုစိုက်ဖို့ လိုတယ်။ သုံးစွဲတဲ့ ငွေရေးကြေးရေးလည်း ထင်သာမြင်သာ ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ အောက်ခြေအထိ ကွင်းဆင်းလေ့လာနိုင်မှု ရှိရမယ်ဆိုတာ သေချာဂရုစိုက်ဖို့ တောင်းဆိုထားတာ ရှိတယ်။

“ဒါကြောင့် ဒီအခြေခံ အချက်အလက်တွေ အားလုံးနဲ့ ညီတယ်ဆိုရင်တော့ ဒီထက်မက အဆပေါင်းများစွာ တိုးပေးဖို့ ကျနော်တို့ တောက်လျှောက်ပဲ တိုက်တွန်းနေပါတယ်။”

ဆရာ့အနေနဲ့ရော သြစတြေးလျ အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ဘယ်လိုမြင်ပါသလဲ။

“သြစတြေးလျနိုင်ငံ အနေနဲ့ကတော့ နိုင်ငံရေးအရ နအဖနဲ့ နီးနီးကပ်ကပ် မရှိတာတကြောင်း၊ ပထဝီနိုင်ငံရေး ဒေသဆိုင်ရာအရ သူက အလှမ်းကွာဝေးတာ တကြောင်း၊ နောက်ဆုံးအချက်က သြစတြေးလျရဲ့ အကျိုးစီးပွားကလည်း မြန်မာနိုင်ငံမှာ တော်တော်လေး နည်းပါးတာ တကြောင်းကြောင့် သြစတြေးလျရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အာရုံက နည်းပါတယ်။

“သို့သော်လည်း သြစတြေးလျက တလျှောက်လုံးပဲ နှစ်ဘက် သံအမတ်ကြီးအဆင့် ရန်ကုန်ရော၊ ကင်ဘာရာမှာရော ထားရှိပြီး ဆက်ဆံနေတာ တွေ့ရပါတယ်။ အဲတော့ တဘက်က ကြည့်မယ်ဆိုရင် အမေရိကန်လောက် သံအမတ်နဲ့ ပတ်သက်ပြီး ဆက်ဆံရေးတွေမှာ မပြင်းထန်ပါဘူး။

“နောက်တဘက်ကလည်း ဗီဇာပိတ်ဆို့ ဒဏ်ခတ်တာတွေ၊ လက်နက်မရောင်းတဲ့ ကိစ္စတွေ၊ ဒါတွေကတော့ တူပါတယ်။ နောက်တချက်ကလည်း ၄၆၃ ဦး၊ ဗိုလ်ချုပ်ကြီးတွေ အပါအဝင် သူတို့ရဲ့ မိသားစုနဲ့ အပေါင်းအပါတွေကို ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်တာတော့ မကြာသေးဘူးပေါ့ဗျာ။ အဲဒီကိစ္စတွေကတော့ အမေရိကန် အစိုးရတို့၊ EU အစိုးရတို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။

“ဒါပေမဲ့ သြစတြေးလျ အစိုးရဟာ နအဖနဲ့ အမြဲတမ်း အဆင့်အမြင့်ဆုံး သံတမန်ရေးအရ ဆက်သွယ် ဆောင်ရွက်မှုတွေကို သူတို့ အမြဲတမ်း ထိန်းသိမ်းထားပါတယ်။ အဲဒါကတော့ အမေရိကန်တို့နဲ့ မတူပါဘူး။ ဒါကြောင့် သူ့ကို တခါတလေ ကျနော်တို့က ခြံစည်းရိုး ခွထိုင်တယ်လို့ ပြောပါတယ်။ ယနေ့လည်း သြစတြေးလျ အစိုးရက သံတမန်ရေးအရ အပြည့်အ၀ ဆက်ဆံတဲ့ ကိစ္စကို ဆက်လုပ်မယ်၊ တဘက်ကလည်း အရေးယူ ဆောင်ရွက်တဲ့ ကိစ္စတွေကို သူ့အနေနဲ့ မလျှော့ပေးသေးပါဘူး။ သူကတော့ ဒီအတိုင်းပဲ နှစ်ဘက်ကို ထိန်းညှိပြီး သွားနေပါတယ်။”

အခုပေးမယ့် အကူအညီတွေထဲမှာ ဘာတွေကို အဓိကပေးမယ်လို့ ဖော်ပြထားပါသလဲ။

“ကျနော်သိရသလောက်က ပြည်တွင်းမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တော်တော် အခြေအနေ ဆိုးနေပါတယ်။ အဲဒီလို ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အထောက်အကူပြုတဲ့ ကိစ္စတွေအတွက်ကို အဓိကထားပြီး ပေးတယ်လို့ သိရပါတယ်။ ပေးတဲ့အခါမှာလည်း ငွေကို တလုံးတခဲတည်း ပေးတာမဟုတ်ဘဲနဲ့ သြစတြေးလျ NGO တွေ၊ ကုလသမဂ္ဂက တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာက လေးစားခံရတဲ့ NGO တွေကတဆင့် အဲလိုသွားမှာပါ။ သြစတြေးလျရဲ့ မူဝါဒပါပဲ။ လူသားချင်းစာနာတဲ့ အကူအညီတွေကို ပေးတဲ့မူဝါဒအရ အဲဒီလိုပဲ သူတို့ အမြဲတမ်း ပေးပါတယ်။ တိုက်ရိုက် အစိုးရတွေကို ပေးတာ မရှိပါဘူး။”

သြစတြေးလျနိုင်ငံကနေ မြန်မာပြည်သူတွေအတွက် လူမှုရေး အကူအညီတွေ ပေးမယ်ဆိုတဲ့အပေါ် ကြိုဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာမြင့်ချို ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG