သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဆာဗေးတစ် ခေါင်းဆောင် ဒေးဗစ် ကမ်မရွန်း ဗြိတိန် ဝန်ကြီးချုပ်သစ် တာဝန်ယူ


<!-- IMAGE -->

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ရာထူးက နှုတ်ထွက်သွားပြီးနောက် ဂေါ်ဒွန် ဘရောင်းရဲ့ လေဘာပါတီ အစိုးရရဲ့ နေရာကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ် (Conservative) ပါတီ ခေါင်းဆောင်တဲ့ အစိုးရသစ်က ဝင်ယူလိုက်ပါပြီ။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဒေးဗစ် ကမ်မရွမ်း (David Cameron) ကို ဗြိတိန်ဘုရင်မကြီး အဲလိ ဇဘက်သ် (Queen Elizabeth II) က နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် အဖြစ် မနေ့ကပဲ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။ ဗြိတိန်မှာ အစိုးရသစ် ပြောင်းလဲသွားပေမဲ့ မြန်မာပြည်ဆိုင်ရာ ဗြိတိန်ရဲ့ သဘောထားတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ၁၃ နှစ်တာ ကာလအတွင်း ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရတရပ် မနေ့ကပဲ ပေါ် ထွက်လာခဲ့ပါပြီ။

“အခုဟာက ကြမ်းတမ်းခက်ခဲမယ့် အလုပ်ပါ။ စိန်ခေါ်မှု အခက်အခဲတွေ အားလုံးကို ညွန့်ပေါင်းအဖွဲ့က ကျော်ဖြတ်သွားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ခိုင်မာ အားကောင်းပြီး တည်ငြိမ်မှုရှိတဲ့ အစိုးရတရပ် ဖြစ်အောင် ကျနော်တို့ အတူတကွ ပံ့ပိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်၊ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဒေးဗစ် ကမ်မရွမ်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

နှုတ်ထွက်သွားခဲ့တဲ့ ဂေါ်ဒွန် ဘရောင်းကလည်း တိုင်းပြည်အတွက် သူ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အများကြီး ကြုံခဲ့ရတာပါ။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကိစ္စ အပါအဝင် ပြဿနာတွေက တော်တော်ရှိလာခဲ့တာပါ။ ကျနော်ကတော့ ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေ အကျိုးအတွက် အမြဲတမ်းပဲ အကောင်းဆုံး ဆောင်ရွက်ခဲ့တာပါ။”

နှုတ်ထွက်သွားတဲ့ လေဘာပါတီရဲ့ ခေါင်းဆောင် ဂေါ်ဒွန် ဘရောင်းရဲ့ ဝန်ကြီးချုပ်သက်တမ်း နောက်ဆုံးစကား ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း အသစ်တက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်းကို တယ်လီဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

ဗြိတိန်မှာ အစိုးရသစ်တရပ် တက်လာတော့ မြန်မာပြည်အပေါ်ထားတဲ့ ဗြိတိန်နိုင်ငံရဲ့ မူဝါဒတွေကရော ဘယ်လို အပြောင်းအလဲတွေ ရှိလာနိုင်မယ် ထင်ပါသလဲ။ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ဘန် ရောဂျားစ်က အခု အသစ်တက်လာတဲ့ ကွန်ဆာဗေးတစ်ပါတီကို ထောက်ခံအားပေးတဲ့သူပါ။

“ကျနော်ကတော့ ကွန်ဆာဗေးတစ်ပါတီ တက်လာတာ သိပ်ပြီး ဝမ်းသာပါတယ်။ ရွေးကောက်ပွဲကာလ စည်းရုံးရေးတွေမှာလည်း ကျနော် ပါဝင်လှုပ်ရှားပေးခဲ့တာပါ။ ဒီပါတီက အစိုးရဖွဲ့တာကို ကျနော် မြင်ချင်ပါတယ်။”

အခု နှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက မြန်မာ့အရေးကို တော်တော် အားပေးထောက်ခံသူ တဦးပါ။ ခင်ဗျားက မြန်မာ့အရေး ဆောင်ရွက်နေသူတဦး ဖြစ်ပြီးတော့ ဘာကြောင့် ကွန်ဆာဗေးတစ်ပါတီကို အားပေးရတာလဲဗျ။

“ခင်ဗျားပြောတာ မှန်ပါတယ်။ ဂေါ်ဒွန် ဘရောင်းက မြန်မာ့အရေးကို အပီအပြင် ထောက်ခံခဲ့တဲ့သူပါ။ အဲဒီအတွက်လည်း သူ့ကို ကျနော် အသိအမှတ် တကယ်ပြုပါတယ်။ ကွန်ဆာဗေးတစ်ပါတီကို ကျနော် အားပေး ထောက်ခံရတာကတော့ တခြားအရေးကိစ္စတွေ အားလုံးကို ခြုံပြီးတော့မှ ထောက်ခံတာပါ၊ မြန်မာ့အရေး တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

“ကွန်ဆာဗေးတစ် ပါတီကလည်း မြန်မာ့ ဒီမိုကရေစီအရေးကို အပီအပြင် အားပေး ထောက်ခံတယ် ဆိုတာကို ပြသခဲ့တာတွေ ရှိပါတယ်။ အဲဒါကြောင့် ဗြိတိန်အစိုးရသစ်ကလည်း မြန်မာ့အရေးကို ဂေါ်ဒွန် ဘရောင်း အစိုးရလိုပဲ ဆက်ပြီး ထောက်ခံသွားမယ်ဆိုတာ ကျနော် စိတ်ချယုံကြည်နေပါတယ်။

“ကွန်ဆာဗေးတစ်ပါတီက မြန်မာ့ဒီမိုကရေစီရေးကို အပြင်းအထန် အားပေး ထောက်ခံခဲ့တာပါ။ ဗြိတိန်မှာ မြန်မာ့အရေး လုပ်နေတဲ့ ဇိုယာဖန်းကို ကွန်ဆာဗေးတစ်ပါတီရဲ့ ညီလာခံမှာ ၂ ကြိမ်တိတိ ဖိတ်ခေါ်ပြီး မြန်မာ့ဒီမိုကရေစီရေးအကြောင်း ပြောခွင့်ပေးခဲ့ပါတယ်။ အခု ဝန်ကြီးချုပ်အသစ် ဒေးဗစ် ကမ်မရွမ်းရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမယ့် ဝီလျံဟိတ်ခ် ဆိုရင်လည်း ဇိုယာဖန်းရဲ့စာအုပ် ထွက်လာတုန်းက အမှာစကား ပြောခဲ့တဲ့သူပါ။ သူက မြန်မာ့အရေး တော်တော် တက်တက်ကြွကြွ ရှိတဲ့သူပါ။ ဒေးဗစ်ကမ်မရွမ်းရဲ့ ကွန်ဆာဗေးတစ်ပါတီ ရုံးအဖွဲ့မှူး ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ် တော်တော်များများ တွေ့ဆုံ ပြောဆိုခဲ့ဖူးတဲ့သူပါ။”

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် CSW အဖွဲ့က ဘန်ရောဂျားစ် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG