သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဈေး မတည်ငြိမ်အောင်လုပ်မှုနဲ့ ဖမ်းထားတဲ့ ဂျပန်နိုင်ငံသား ရုံးထုတ်


ဆန်ဈေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စူပါမားကတ် ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu Hiroshi ရဲ့ ဓါတ်ပုံ
ဆန်ဈေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စူပါမားကတ် ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu Hiroshi ရဲ့ ဓါတ်ပုံ

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေ အမဆတန် အကျိုးအမြတ်တွေ ရယူရောင်းချခဲ့တယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင် ၁၁ဦး ထဲက Aeon Orange ‌စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား မစ္စတာကာဆာမာဆု (Kasamatsu Hiroshi) ကို ဇူလိုင် ၁၁ ရက်နေ့ မနေ့က ရုံးထုတ်ခဲ့ပါတယ်။

ဂျပန်တိုင်းမ်စ် သတင်းမှာတော့- အသက် (၅၃) နှစ်အရွယ် မစ္စတာ ကာဆာမာဆုကို ပထမဆုံး ကြားနာမှုရုံးချိန်းအနေနဲ့ ရန်ကုန် မြို့ တရားရုံးတခုမှာ စစ်ကောင်စီ ကရုံးထုတ်ခဲ့တာလို့ တရားရုံးသတင်းအရင်းအမြစ်တွေကိုးကားဖော်ပြထားပါတယ်။ တရားရုံးထုံးစဥ်အရ ဒီလကုန်လောက်မှာ ရုံးချိန်း ပြန် ဆင့် ခေါ်နိုင်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ခန့်မှန်းပြောဆိုပါတယ်။ မစ္စတာ ကာဆာမာဆု ဟာ ပြစ်မှုထင်ရှားရင် ထောင် ၆ လ ကနေ ၃ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိတယ်လို့လည်း တရားရုံးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

မစ္စတာ ကာဆာမာဆု ဟာမြန်မာနိုင်ငံက Aeon စူပါမားကတ် ဖက်စပ်လုပ်ငန်းမှာ ကုန်ပစ္စည်းဌာနအကြီး အကဲ အမှုဆောင်အရာရှိတဦးဖြစ်ပါတယ်။ ဆန်စျေးနှုန်း အဆမတန်ရောင်းချတယ်ဆိုပြီး Aeon Orange စူပါမားကတ်လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် အပါအဝင် City Mart နဲ့ One Stop Mart အကြီးတန်းအရာရှိတွေအပါအ၀င် လုပ်ငန်းရှင် ၁၁ဦးကို ဇွန် ၃၀ နေ့က စစ်ကောင်စီကနေ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကတ်မှာ ဈေးဝယ်နေသူများ (ဇူလိုင် ၁၊ ၂၀၂၄)
ရန်ကုန်မြို့ရှိ Aeon Orange စူပါမားကတ်မှာ ဈေးဝယ်နေသူများ (ဇူလိုင် ၁၊ ၂၀၂၄)

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းပြီးချိန်ကနေ စီးပွားရေး မတည်ငြိမ်မှုတွေ ဆက်တိုက် ကြုံတွေ့နေ အကျိုးဆက်အနေနဲ့ အခြေခံစားကုန် ဆန် အပါအဝင်အခြားကုန်စည်များ ဈေးတွေ အဆမတန်မြင့်တက်လာပြီးစီးပွားရေး အဆမတန်ကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ မစ္စတာ ကာဆာမာဆုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တို့ ရန်ကုန်မြို့ ရဲစခန်းတခုမှာ ဇူလိုင် ၄ ရက်နေ့တုန်းက တွေ့ဆုံခွင့်ရခဲ့သလိုမစ္စတာ ကာဆာမာဆုဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သံအမတ်ကြီး မစ္စတာ အီချီရို မာရူယာမက ပြောခဲ့တယ်လို့ ဂျပန်တိုင်းမ်စ်သတင်းမှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ဆန်စျေးနှုန်းကို သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ စျေးဝယ်စင်တာတွေကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ မစ္စတာ ကာဆာမာဆုကို အမြန်ပြန်လွှတ်ပေးရန် ဂျပန်အစိုးရက တောင်းဆိုထားပေမယ့် သူ့ကိုစစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG