သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်လုပ်ငန်းရှင်တွေနဲ့ကုန်သည်တွေ ဖမ်းဆီးမှု ဝေဖန်မှုတိုး


ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ဆန်အတင်အချလုပ်နေတဲ့ လုပ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၈၊ ၂၀၂၃)
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ဆန်အတင်အချလုပ်နေတဲ့ လုပ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၈၊ ၂၀၂၃)

'သတ်မှတ်ထားတဲ့ဆန်စျေးနှုန်းတွေထက်ပိုပြီး အမြတ်တင်ရောင်းချလို့' ဆိုပြီး ဆန်စပါးလုပ်ငန်းရှင်ခုနစ်ဦးနဲ့ ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi အပါအဝင် အရောင်းစင်တာ တာဝန်ရှိသူလေးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။ စျေးကွက်တည်ငြိမ်ရေးအတွက်ဆိုပြီး လုပ်ငန်းရှင်တွေကိုဖမ်းဆီးတာဟာ မှန်ကန်တဲ့အဖြေရှာမှု မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုတာတွေရှိပါတယ်။ ရန်ကုန်ပေးပို့တဲ့သတင်းကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဆန်စျေးနှုန်း အဆမတန်ရောင်းချတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ Aeon Orange စူပါမားကတ်လုပ်ငန်းရဲ့ အမှုဆောင်ချုပ် ဂျပန်နိုင်ငံသား Mr. Kasamatsu Hiroshi အပါအဝင် စီးတီးမတ်နဲ့ ဝမ်းစတော့မတ်က တာဝန်ရှိသူတွေအပြင် ရန်ကုန် နေပြည်တော်နဲ့ မန္တလေးက ဆန်လုပ်ငန်းရှင်အချို့ကို အရေးယူမယ်လို့ စစ်‌ကောင်စီက ထုတ်ပြန်တာပါ။ ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။

စျေးကွက်တည်ငြိမ်ရေးအတွက်ဆိုပြီး လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာဟာ နည်းလမ်းမှန်ကန်တဲ့ အဖြေရှာမှုမဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေ လုပ်ငန်းရှင်တွေက ရှုမြင်ကြပါတယ်။ ဒီလိုဖမ်းဆီးမှုတွေကြောင့် ထင်သလောက်စျေးတည်ငြိမ်လာမှာမဟုတ်သလို စီးပွားရေးအတွက်အဖြေကောင်းမရနိုင်ဘူးလို့ စီးပွားရေး ပညာရှင်တဦးက ထောက်ပြ ပါတယ်။

"သွင်းအားစုတွေစျေးတက်တာ အစစအရာရာစျေးတက်တယ်။ ငွေဖောင်းပွတယ်။ မြန်မာငွေရိုက်ထုတ်လို့လှည့်လည်သုံးငွေများလာတာမှာ စျေးတက်မှာပဲ။ ဆန်ကပြည်တွင်းမှာထုတ်တယ်ဆိုပေမယ့် သွင်းအားစုတွေက နိုင်ငံခြားငွေနဲ့ဝယ်ရတာအများစုလေ။ စျေးတက်မှာပဲ။ ဒါကိုစစ်အာဏာရှင်ထုံးစံအတိုင်း စျေးကွက်ကိုအာဏာနဲ့ထိန်းရင်ရမယ်ဆိုပြီး ရမ်းလုပ်တာပေါ့နော်။ ဘယ်လောက်ဖမ်းဖမ်းစျေး ကျစရာအကြောင်းမရှိဘူး။ နည်းမျိုးစုံနဲ့ လွတ်အောင်ရှောင်ပြီးတော့ အချိန်အတွယ်လျှော့ရောင်းတာ၊ အရည်အသွေးလျှော့တာ၊ မှောင်ခိုရောင်းတာ စတဲ့ အဆိုးတွေဖြစ်လာနိုင်တယ်။"

ဆန်စျေးမြင့်တက်တာဟာ လုပ်ငန်းရှင်တွေနဲ့ စျေးကစားသူကုန်သည်တွေ ကြောင့်လို့ စစ်ကောင်စီကသတ်မှတ်ပြီး နိုင်ငံတဝန်း ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦး၊ စျေးဝယ်စင်တာနဲ့ စတိုးဆိုင် ၅၃ ခုက တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီထဲကမှ ၁၁ ဦးကို အခုလို အရေးယူခဲ့တာပါ။

ရွှေနဲ့ စားသုံးဆီသမားတွေကို ထိန်းချုပ်တဲ့နည်းအတိုင်း ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဆန်စပါးလုပ်ငန်းရှင်တွေကိုလည်း စစ်ကောင်စီက အလားတူကိုင်တွယ်လာတာပါ။

စစ်အာဏာသိမ်းပြီး ပြည်တွင်းဆန်စျေးဟာ အာဏာမသိမ်းခင်က ပေါက်စျေးထက် ၃ ဆ နီးပါးမြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ၁၀ နှစ်ကျော်အတွင်းမှာ အမြင့်ဆုံးစျေးနှုန်းဖြစ်လာတယ်လို့ ဆန်ကုန်သည်တွေနဲ့ လက်လီရောင်းချသူတွေကပြောပါတယ်။

ဆန်ကုန်သည်တဦးကတော့ အခုလို ဆန်စပါးစျေးတက်လာရတဲ့အချက်က စျေးကစားမှုထက် စပါးပေါ်ချိန် ဝယ်လှောင်သူများလာတာမို့ စပါးစျေး ခုန်တက်သွားရတာဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"အဓိက,ကတော့ စပါးမှာစျေးတွေဘာကြောင့်ဒီလောက်တက်သွားလဲဆိုတော့ ပြောမယ်ဆိုရင် လက်ထဲ ဘယ်သူမှ ပိုက်ဆံမထားချင်တာကြောင့်ဖြစ်တာ။ စပါးကလည်း ခုပေါ်လာ ခုချက်ချင်းကြိတ်လို့မရဘူးလေ၊ ထားထားရသေးတယ်။ တနှစ်ပတ်လုံးလည်အောင်လေ တင်း ၁၀၀ ရှိ၊ တင်း ၁၀၀ ချက်ချင်းကြိတ်ရောင်းလို့မရဘူး။ နှစ်ပေါက်အောင်ပေးနိုင်ဖို့ ဝယ်လှောင်ရတယ်။ ဝယ်လှောင်တာမှာ ဆန်သမားမဟုတ်သူတွေပါ ဝယ်လှောင်ကြတာပေါ့။ အဲမှာ သူဝယ်ကိုယ်ဝယ်ဆိုတော့ စျေးပိုပိုမြင့်တာ။ ကုမ္ပဏီကြီးတွေကကော၊ စပါးမလုပ်တဲ့သူကကော စပါးကိုဝယ်လှောင်ကြတယ်။ ဆန်မဟုတ်သေးဘူးနော်၊ စပါးကိုလှောင်တာ။ စပါးစျေးမြင့်ရင် ဆန်စျေးကအလိုလိုမြင့်တာပဲ။"

စျေးကွက်ထဲမှာရောင်းရမယ့် ဆန်စပါးစျေးနှုန်းတွေကိုတော့ ဆန်စပါးအသင်းချုပ်က လအလိုက်သတ်မှတ် ပေးနေတာပါ။ အဲဒီစျေးနှုန်းတွေကို အခြေခံပြီး ၂၀ ရာခိုင်နှုန်းအထိ စျေးကွာပြီး ရောင်းချခွင့်လည်း ဆန်စပါးအသင်းကခွင့်ပြုထားပါတယ်။ ဒါပေမဲ့လည်း အသင်းချုပ်ကသတ်မှတ်ထားတဲ့ စျေးနှုန်းတွေနဲ့ စျေးကွက်ထဲဈေးက အဆမတန်ကွာဟနေပါတယ်။

လက်ရှိပြင်ပစျေးကွက်မှာ ဆန်ချောအမျိုးအစားတွေက တအိတ်ကို ကျပ် ၂ သိန်းနားကပ်နေပြီး ဇီယာ/ဧည့်မထလို ဆန်တွေကတော့ တအိတ်ကို ကျပ် ၁ သိန်း ၂ သောင်းကျော် စျေးပေါက်နေပါ တယ်။

စစ်ကောင်စီက အရေးယူထားသူတွေထဲမှာ Aeon Orange ရဲ့ ဂျပန်နိုင်ငံသားအပြင် City Mart၊ One Stop Mart ၊ စိန်ဂေဟာစတဲ့ မြန်မာပြည်ထဲနာမည်ရှိတဲ့ စျေးဝယ်စင်တာတွေက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီစျေးဝယ်စင်တာတွေဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဆန်လုပ်ငန်းရှင်တွေထဲမှာတော့ Global Myanmar Trading ကုမ္ပဏီ၊ ရတနာပုံ ဆန်စက်၊ ကမ္ဘောဇ ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ သိင်္ဂီဆန်စက်ပွဲရုံ၊ စိန်ငါးပွင့် ဆန်ဆိုင်၊ သစ္စာရှင် ဆန်ဆီရောင်းဝယ်ရေး၊ သန့် ဆန်ဆိုင်ပိုင်ရှင်တွေ ပါဝင်ပါတယ်။

ဆန်စျေးကို ဖိအားပေးချခိုင်းဖို့ဆိုတာ ရေရှည်အတွက်အဖြေမဟုတ်သလို ဒီလိုလုပ်ဆောင်မှုက နောက် ဆက်တွဲ ဆိုးကျိုးတွေရှိလာနိုင်တယ်လို့ ဆန်ကုန်သည်တဦးက ခုလိုထောက်ပြပါတယ်။

"အဆိုးဆုံးဖြစ်တာကတော့ လက်ကားသမား ဆန်စက်သမားကတော့ လာမယ့်ရာသီ စပါးစျေးချဝယ်ရမယ်။ သူတို့သတ်မှတ်စျေးဖြစ်အောင် စိုက်စရိတ်တအားတက်လာပြီး အကျိုးအမြတ်နည်းရင် လယ်သမားက စပါးစိုက်မှာမဟုတ်တော့ဘူး။ အကျိုးအမြတ်နည်းရင် စိုက်တဲ့သူနည်းသွားမယ်။ အဲတော့ လာမယ့်နှစ် စပါးရှားမယ်။ ဆန်စျေးကတော့ ပိုဆိုးမှာပေါ့။ ဒီနှစ်ကတော့ကျမယ်။ ခုသတ်မှတ်စျေးဆို တအိတ်ကို ၃,၄ သောင်းရှုံးမှာ။ ဘယ်ဆန်ဖြစ်ဖြစ်၊ နဂိုထဲက အမြတ်မကြမ်းထားသူ က ၃,၄ သောင်းရှုံးမယ်ဆို ဆိုင်ပိတ်ရဖို့ပဲ ရှိမယ်။ ရှိသမျှအရင်းကုန်မယ်လေ။ စလုပ်ကတည်းကမှားတော့ မှားတယ်လေ။ သူတို့ကိုင်တွယ်သင့်တာကစပါးမပေါ်ခင် စပ်ကြားကိုင်တွယ်သင့်တာ။ စပါးပေါ်ပြီးလှောင်၊ လက်တွေကြားထဲ စျေးချဖို့က တော်တော်ခက်သွားပြီ။ နောက် နှစ်လနေရင်သတ်မှတ်စျေးထဲဝင်မယ်။ ဒီနှစ်တော့ ပြေလည်မယ်။ နောက်နှစ်တော့ ခန့်မှန်းရခက်သွားမယ်။"

ရွှေစျေး၊ ဆန်စျေး၊ စားသုံးဆီစျေး၊ စက်သုံးဆီစျေး၊ နိုင်ငံခြားငွေလဲနှုန်း စတဲ့ စျေးကွက်တွေကို တည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက ကော်မတီတွေဖွဲ့၊ ထိန်းချုပ်ပေမယ့် အာဏာသိမ်းပြီးကတည်းက ကုန်စျေးနှုန်းတွေ အားလုံး အဆမတန် မြင့်တက်ခဲ့သလို မြန်မာကျပ်ငွေတန်ဖိုးက ဆက်လက်ထိုးကျနေဆဲ ဖြစ်ပါတယ်။

လက်လီဈေးကွက်အတွင်း သင့်တင့်ရည်ညွှန်းစျေးနဲ့ ရွှေဘိုပေါ်ဆန်း/ ဧရာဝတီပေါ်ဆန်းအပါအဝင် ဧည့်မထဆန်တွေကို ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြေညာထားပြီး ရောင်းချနေပေမယ့် ခုချိန်ထိတော့ ဆန်စျေးကထင်သလောက်မကျသွားဘူးလို့ အိမ်ရှင်မတဦးက ခုလိုပြောပြပါတယ်။

"ဆန်ဝယ်ရလွယ်ပါတယ်။ တပြည်ချင်းစီ-ဒီတိုင်းပဲ။ တပြည်ချင်းစီဝယ်တာ လွယ်တယ်လေ။ ဆန်စျေးကတော့မကျပါဘူး။ ဒီတိုင်းပဲ။ မနေ့ကတောင်သွားဝယ်လာတာ။ ဆင်းရဲသားရပ်ကွက်ကတော့ ဒီတိုင်းပဲ။"

စစ်ကောင်စီက လက်ရှိမှာ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တအိတ်ကို ကျပ် ၁၃၅,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ နဲ့ ဧည့်မထ (ဆန်ကြမ်း) တအိတ်ကို ကျပ် ၇၇,၀၀၀ ကနေ ကျပ် ၇၉,၀၀၀ အတွင်းသာ ရောင်းချဖို့ သတ်မှတ်ပေးထားပါတယ်။ ဒီအတိုင်းမရောင်းချဘူးဆိုရင် တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပေမယ့် လက်ရှိစျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တအိတ်ကို ကျပ် ၁၈၀,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ကျပ်တသိန်းနီးပါး စျေးပေါက်နေဆဲ ရှိပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG