အစ္စရေးနယ်မြေတွေထဲကို Hamas စစ်သွေးကြွတွေ ၂၀၂၃ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဖမ်းဆီးခံသွားရတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ဒီနေ့ ပြန်လွတ်လာပါတယ်။ အစ္စရေးနဲ့ Hamas အဖွဲ့ ကြား သီးခြား သဘောတူညီမှုနဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လွတ်လာကြတာပါ။
အစ္စရေးဓားစာခံ ၃ ယောက်အပါအဝင် စုစုပေါင်း ၈ ယောက် ဒီနေ့ပြန်လွတ်လာမယ့်ထဲမှာ ထိုင်း ၅ ယောက်ပါဝင်တယ်လို့ အစ္စရေးဘက်ကရော Hamas အဖွဲ့ဘက်ကပါ အစောပိုင်းကတည်းက ပြောခဲ့ပါတယ်။ ပြန်လွတ်လာကြသူတွေထဲက ဥထုံဌာနီခရိုင်မှာနေသူတယောက်ရဲ့ မိခင်က သူ့သား ပြန်လွတ်လာတာကိုသတင်းမှာ မြင်တွေ့ခဲ့ပြီးနောက် ဝမ်းပန်းတသာငိုယိုခဲ့ပါတယ်။
ဂါဇာမှာ ထိုင်းနိုင်ငံသား ၆ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ထိုင်းနိုင်ငံခြားရေးဌာနက အစောပိုင်းက ပြောထားတာကြောင့် ပြန်လွတ်လာဖို့တယောက် ကျန်နေသေးတယ်လို့ တွက်ရပါတယ်။ အဲဒီ ထိုင်း ၈ ယောက်လုံးဟာ ၂၀၂၃ ခုနှစ်တုန်းက Hamas တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အစ္စရေးနယ်စပ်တွေမှာရှိတဲ့ သီးနှံစိုက်ခြံတွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။
Hamas တွေ အစ္စရေး ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံတွေအဖြစ် ရာနဲ့ချီဖမ်းဆီးခံခဲ့ရတဲ့ထဲမှာ ထိုင်းနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား တော်တော်များများ ပါဝင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ အစ္စရေးနဲ့ Hamas ယာယီ အပစ်ရပ်ခဲ့ချိန်အထိ ပြန်လွတ်လာခဲ့တဲ့ ထိုင်းနိုင်ငံသား ၂၃ ယောက် ရှိခဲ့ပါတယ်။
Forum