သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရဲ့ ဂါဇာအပစ်ရပ်ကမ်းလှမ်းချက်အသစ် ဟာမတ်စ်လက်ခံဖို့ ကန်တောင်းဆို


အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Joe Biden (မေ ၃၁၊ ၂၀၂၄)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Joe Biden (မေ ၃၁၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ အစ္စရေးကအပစ်ရပ်ပြီး အပြန်အလှန်အဖြစ် ဟာမတ်စ်က ဓားစာခံတွေပြန်လွှတ်ပေးရေးပါဝင်တဲ့ အစ္စရေးရဲ့ကမ်းလှမ်းချက်အသစ်ကို ဟာမတ်စ်အဖွဲ့ကသဘောတူဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာတောင်းဆိုလိုက်ပြီး ဒါဟာ အသေအပျောက်မြင့်မားနေတဲ့ ဒီပဋိပက္ခကို အရှိန်လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။

“အပစ်အခတ်ရပ်စဲနိုင်မှသာ အကူအညီတွေကို လိုအပ်သူတွေအားလုံးဆီ ဘေးကင်းကင်းနဲ့ ထိထိရောက်ရောက် ဖြန့်ဝေပေးနိုင်မှာပါ” လို့ ဘိုင်ဒန်က ပြောပါတယ်။

“အစ္စရေးကို အီရန်ကတိုက်ခိုက်ချိန် ခုခံကာကွယ်ရေးမှာတိုက်ရိုက်ပါဝင်နိုင်ဖို့ အမေရိကန်တပ်တွေကိုစေလွှတ်ခဲ့တဲ့သူ၊ နောက်ပြီး အစ္စရေးမှာ စစ်ဖြစ်နေချိန် အရောက်သွားခဲ့တဲ့ တဦးတည်းသောအမေရိကန်သမ္မတအနေနဲ့ အခုလို ပြောတာကို ဟာမတ်စ်အနေနဲ့ သေချာ စဥ်းစားဖို့လိုပါတယ်။ ဒီအခိုက်အတန့်လေးသာ ကုန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ပါ” လို့ သူက ပြောပါတယ်။ "ဒီအခိုက်အတန့်ကို ဆုံးရှုံး လက်လွှတ်မခံနိုင်ဘူး" လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

အခု နှစ်အစောပိုင်းတုန်းက တင်ပြခဲ့တဲ့အဆိုပြုချက်ထဲမှာတော့ ဂါဇာမှာ ဖမ်းခံနေရတဲ့ ဓားစာခံတွေထဲက ဖျားနာနေသူတွေ၊ သက်ကြီးရွယ်အိုတွေကို လွှတ်ပေးရင် ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲပေးမှာဖြစ်ပြီး ဒါကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်နိုင်စေရေး သက်တမ်းတိုးဖို့ ပါဝင်ပါတယ်။

ဒါပေမယ့် ဒီလ အစောပိုင်းမှာတော့ အဲဒီအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပျက်သွားခဲ့ပါတယ်။ စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ရေးမှာ အစ္စရေးဘက်က သဘောတူဖို့ငြင်းဆန်ခဲ့ပြီး ဂါဇာက နောက်ဆုံးလက်ကျန်မြို့ဖြစ်တဲ့ တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို ထိုးစစ် အရှိန်မြှင့်နေတာပါ။

ဟာမတ်စ်ရဲ့ ကြာသပတေးနေ့က ပြောဆိုချက်မှာတော့ ထိုးစစ်တွေ အရှိန်မြှင့်နေချိန်မှာ သူတို့အနေနဲ့ ဆွေးနွေးပွဲတွေမှာ ပါမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဘက်က စစ်ပွဲကိုရပ်ပေးရင်တော့ ဟာမတ်စ်ဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေနဲ့ အစ္စရေးထောင်တွေထဲက ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်ခြင်းအပါအဝင် “ပြီးပြည့်စုံတဲ့ သဘောတူညီချက်” တရပ်အတွက် ဆွေးနွေးဖို့အဆင်သင့်လို့ ဆိုပါတယ်။ အသက်ရှင်ကျန်နေဆဲ ဓားစာခံတွေ ပြန်မလွတ်မချင်း တိုက်ပွဲတွေရပ်မှာမဟုတ်ဘူးလို့ အစ္စရေး အကြီးတန်း လုံခြုံရေးအရာရှိတဦးက သောကြာနေ့မှာ တုံ့ပြန်ထားပါတယ်။

တပြိုင်တည်းမှာပဲ အမေရိကန်အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလဗန် (Jake Sullivan) ဟာ ဂါဇာမှာ ဟာမတ်စ်က ဓားစာခံဖမ်းဆီးထားတဲ့အထဲပါဝင်တဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံက သံတမန်တွေနဲ့ သောကြာနေ့မှာ တွေ့ဆုံကြောင်း အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။

အီဂျစ်၊ ကာတာနဲ့ အမေရိကန်အပါအဝင်နိုင်ငံတွေက ကြားဝင်ဖျန်ဖြေညှိနှိုင်းပေးနေတဲ့ ဂါဇာအပစ်ရပ်ရေးနဲ့ ဓားစာခံလဲလှယ်ရေး ဆွေးနွေးပွဲတွေဟာ အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာနေပြီး နှစ်ဘက် အပြန်အလှန် ပြစ်တင်နေကြတာပါ။

ရာဖာမြို့မှာ ပါလက်စတိုင်း ၄၅ ဦး သေဆုံးခဲ့ရတဲ့ တနင်္ဂနွေနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး အမေရိကန်သမ္မတဘိုင်ဒန်ရဲ့ပြောဆိုချက်တွေ အပါအဝင် အပစ်ရပ်ရေးထပ်မံဆွေးနွေးမှုတွေ ထွက်ပေါ်လာတာပါ။

ရာဖာမှာ အစ္စရေးရဲ့ လက်တလောမြေပြင်စစ်ဆင်ရေးတွေကြောင့် အမေရိကန်ရဲ့ အစ္စရေးအပေါ် စစ်ဘက်ဆိုင်ရာအကူအညီသစ်တွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) က အင်္ဂါနေ့မှာ ပြောထားပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ ဂါဇာမှာလူပေါင်း ၃၆,၂၈၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ခန့်မှန်းထားပါတယ်။ ဟာမတ်စ်အဖွဲ့ရဲ့ ကနဦးတိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူပေါင်း ၁,၂၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG