သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါစ္စတန်ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းဖြစ်


ပါကစ္စတန်နိုင်ငံ၊ Lahore တွင် ဝန်ကြီးချုပ်ဟောင်း Imran Khan ထောက်ခံသူများကို ရဲက မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်နှိမ်နှင်းနေပုံ (၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့)

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan အပေါ် စွဲချက်တွေနဲ့ ပတ်သက်ပြီး တရားရုံးမှာ ကြားနာဖို့ ရုံးချိန်းပျက်ကွက်ပြီးနောက်တနေ့မှာ သူ့ကို ဖမ်းဖို့ ရဲတွေက Lahore မြို့က သူ့အိမ်ကို သွားခဲ့တဲ့အချိန်မှာ သူ့အိမ်ရှေ့မှာပဲ ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေနဲ့ ပါကစ္စတန်ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

"မနေ့ညကတည်းက ဒီနေရာမှာ ရောက်နေတာဖြစ်ပြီး၊ လိုအပ်တဲ့ အချိန်အထိ ဆက်နေမယ်။" လို့ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူ တယောက်က ပြောလိုက်တာပါ။ ထောက်ခံသူတွေက ရဲတွေကို အုတ်ခဲ ခဲလုံးတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲဖို့ ကြိုးစားခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan နေတဲ့ လူကုန်ထန် ရပ်ကွက်မှာ မနေ့က အင်္ဂါနေ့ထိ လမ်းတွေ ပိတ်ထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောက်ခံသူ အယောက် ရာနဲ့ချီ မမျှော်လင့်ဘဲ ထပ်ရောက်လာတာကြောင့် ဒီအခြေအနေကို ဖြေရှင်းဖို့ ရဲဝန်ထမ်းတွေ ထပ်တိုးချထားဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကို ရဲက ဖမ်းခေါ်မသွားနိုင်အောင် တညလုံး ရဲ တုတ်နဲ့ရိုက်တာ၊ မျက်ရည်ယိုဗုံးဒဏ်တွေကို ခံခဲ့တဲ့ သူ့ရဲ့ ထောက်ခံသူတွေကို ဗုဒဟူးနေ့မနက်မှာ ဝန်ကြီးချုပ်ဟောင်း Khan အိမ်ထဲက ထွက်လာပြီး တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့ ဖမ်းဝရမ်းနဲ့အတူ မတ်လာ ၁၈ ရက်နေ့မှာ Islamabad မြို့ကို သွားဖို့ အဆင်သင့်ပဲလို့ ဝန်ကြီးချုပ်ဟောင်း Khan က ပြောပေမယ့် ဒီအဆိုပြုချက်ကို ရဲက လက်မခံပါဘူး။ ဒီရုန်းရင်းဆန်ခတ်မှုအတွင်း Khan ထောက်ခံသူ ၃၅ ယောက်နဲ့ ရဲ ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပါကစ္စတန်နိုင်ငံတဝှမ်းက မြို့တွေဖြစ်တဲ့ Islamabad မြို့တော်၊ Karachi မြို့နဲ့ တခြားမြို့ကြီးတွေမှာ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောက်ခံသူတွေနဲ့ ရဲတွေကြား အလားတူ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။ ၂၀၂၂ ဧပြီလက ပါကစ္စတန် လွှတ်တော်မှာ အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ပြီး ဝန်ကြီးချုပ် Imran Khan အစိုးရကို အခုလက်ရှိ အစိုးရအဖွဲ့က ဦးဆောင် ဖြုတ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG