သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mytel ဆက်သွယ်ရေးဝန်ထမ်း ၂ ဦး AA ဖမ်းဆီးသွားဟု တပ်မတော်ထုတ်ပြန်


AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

တပ်မတော်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီလို အစိုးရလုပ်ငန်း ဝန်ထမ်းတွေကို ဖမ်းဆီးတာဟာ AA အနေနဲ့ အာဏာတည်ဆောက်တာလို့လည်း ပြောပါတယ်။ တပ်မတော်ကနေ ထုတ်ပြန်တဲ့ ဝန်ထမ်းဖမ်းဆီးမှု သတင်းအပေါ် မသိရှိသေးဘူးလို့ AA ဘက်က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ဖို့အတွက် ကွင်းဆင်းဆောင်ရွက်နေတဲ့ Mytel ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့အတွက် သူက စစ်တွေကနေ ကျောက်တော်ကို သွားပါတယ်။ ကျောက်တော်ကနေ သူတို့ ဆက်သွယ်ရေးလုပ်ငန်းတွေ စစ်ဆေးပြီးတော့ ပြန်အလာမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ကျနော်တို့လည်း သတင်းလိုက်လံစုံစမ်းဆဲပဲ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ သတင်း ထပ်တော့ရရှိမှု မရှိသေးပါဘူး။”

စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နဲ့ ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ နှစ်ဦးဟာ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့အတွက် စစ်တွေမြို့ကနေ ဒီဇင်ဘာ ၁၇ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့တွေကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ကျောက်တော်မြို့ကို ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးသွားရာမှာ AA အဖွဲ့က ဖမ်းဆီးသွားကြောင်း တပ်မတော်စစ်ဦးစီးချုပ်ရုံးကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူနှစ်ဦးဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး AA ရခိုင်လက်နက်ကိုင်အဖွဲ့ အနေနဲ့ ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပျက်စီးစေဖို့ ရည်ရွယ်ပြီး ဒီလို ဖမ်းဆီးခေါ်ဆောင်တာလို့လည်း ဖော်ပြထားပါတယ်။

Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာစစ်တပ်ကနေ အစုရှယ်ရာ ပါဝင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထုတ်ပြန်ချက်အပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီဖြစ်စဉ်ကို မသိသေးဘူးလို့ ဆိုပါတယ်။

“ကျနော်လည်း အဲဒီသတင်း အသေးစိတ် ဘာမှမသိရသေးဘူး။ ရုံးကိုတော့ ပြန်မေးထားတယ်။”

ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးမှုတွေ များပြားနေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက အမျိုးသားဝန်ထမ်း ၃ ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို AA အဖွဲ့က ဖမ်းဆီးပြီး ထိန်းသိမ်းထားစဉ် တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ သေဆုံးသွားကြောင်း AA ဘက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေကို AA အဖွဲ့ကနေ ဖမ်းဆီးမှုများလာတဲ့ ဖြစ်စဉ်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“ဒီဇင်ဘာလ ၂၀ ရက်နေ့ကျော်ကျော်မှာ သူတို့အနေနဲ့ ပြည်သူအာဏာပိုင်စနစ် ပြုလုပ်မယ် ဆိုတဲ့ဟာ ပြောပြီးသားပဲ။ သူတို့ အာဏာလွှမ်းမိုးတဲ့ နေရာမှာ ပြည်သူ့အာဏာရှင်စနစ်ပေါ့။ အစိုးရအုပ်ချုပ်မှု ယန္တရားကို အစားထိုးဖို့ သူတို့လုပ်တာပေါ့။ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားကို အစားထိုးဖို့လုပ်တာ။”

ဆက်သွယ်ရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရအပြီး ကျောက်တော်မြို့နယ်အတွင်း စစ်တပ်ဘက်က စိစစ်မှုတွေ များလာတယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း တနှစ်အကြာ စစ်ရေးတင်းမာမှုအတွင်းမှာ အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ အဖမ်းဆီးခံရမှုတွေကလည်း တနေ့ထက်တနေ့ များပြားလာနေပါတယ်။

---------------------------------------

(Unicode)
















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG