သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဝက အရာရှိ သုံးဦးကို AA ဖမ်းဆီးထား


AA ရက္ခိုင့်တပ်မတော် (သတင်းဓာတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA ရက္ခိုင့်တပ်မတော် (သတင်းဓာတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှာ တာဝန်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီး ဌာနက အမျိုးသားဝန်ထမ်း ၃ ဦးကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင် အဖွဲ့ဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ဖြစ်တယ်လို့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ AA အဖွဲ့ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အဖမ်းဆီးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းကိုသွားတဲ့ လဝက အရာရှိ ၃ ဦးကို AA ဘက်က ဖမ်းဆီးသွားတာ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“သူတို့ကတော့ တောင်ဘဇာဘက်မှာ တာဝန်ရှိလို့သွားတာပေါ့။ တာဝန်ရှိလို့သွားတဲ့ အခါမှာ နေ့လယ်ပိုင်း စက်လှေမှာပဲ တောင်ဘဇာနဲ့ ဘူးသီးတောင်သွားနေကြ စက်လှေမှာပဲ။ အဲဒီမှာ ခရီးသည် ၁၈ ယောက် ပါတယ်။ အဲဒီ ကျောက်ရစ် ရွာ အနားလေးမှာ အရပ်ဝတ်နဲ့ AA ၅ ဦး ခန့် အဲဒီ ၁၈ ယောက်လုံးကို စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ကျနော်တို့ လဝက က ၃ ယောက်စလုံးကို ဖမ်းဆီးသွားတယ် ဆိုတဲ့ဟာပါပဲဗျ။ သတင်းအခြေအနေက ကျနော်တို့ ထပ်မကြားသေးပါဘူး။ ကျနော်တို့ စုံစမ်းဆဲပဲ ရှိပါသေးတယ်။”

ခွင့်ရက်ပြီးလို့ တာဝန်ကျရာ နေရာကို ပြန်လာတဲ့ လဝက လက်ထောက်ညွန်ကြားရေးမှုး ဦးတင်မျိုးအောင် နဲ့လာကြိုသူ လဝက အရာရှိနှစ်ဦး အပေါင်း ၃ ဦးဟာ ဒီဇင်ဘာ ၂၄ ရက်မှာ ဘူးသီးတောင်မြို့ကနေ တောင်ဘဇာကို စက် လှေနဲ့ အသွား ကျောက်ရစ်ရွာ ဘက်မှာ AAအဖွဲ့ကနေ ပစ္စတိုသေနတ်တွေနဲ့ စစ်ဆေးခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကတော့ သူတို့ ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ကြာင်း AA ပြောခွင့်ရ ခိုင်သုခက အတည်ပြုပြောဆို ပါတယ်။

“လဝက ၃ ဦး ကိုတော့ ကျနော်တို့ စစ်ဆေးစရာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ထိန်းသိမ်းထားတာ ရှိတယ်ဗျ။ အဲဒီ ၃ ယောက်ထဲမှာ တယောက်ကနေပြီးတော့ အရင် ရဲအရာရှိဟောင်းလို့လည်း ကျနော်တို့ သိထားတာရှိတယ်။ ဆိုတော့ နောက်တခု ရှိတာက ဗမာစစ်တပ်က ရခိုင်ပြည်ထဲ စစ်ဆင်ရေးတွေမှာနော် တခါတလေ ကျလို့ရှိရင် သူတို့ ရဲယူနီဖောင်းကို ပြောင်းသွားလိုက် တခါတလေကျလို့ ရှိရင် လဝကဖြစ်လိုက် တခါတလေမှာ မီးသတ် ယူနီဖေါင်းတွေ ဝတ်ပြီးတော့ သွားလိုက် အဲဒီလိုဥစ္စာမျိုးတွေ သူတို့ ဒါတလျှောက် လုပ်နေတာ ရှိတယ်။ အခုဒီ ကျနော်တို့ ထိန်းသိမ်းထားတဲ့ လူတွေကလည်းပဲ အဲဒီဗမာစစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင် ပက်သက်မှု ရှိမရှိ။ သူတို့ဟာ တကယ်ပဲ လဝက စစ်စစ်ဟုတ် ရဲ့ လားဆိုတဲ့ ဥစ္စာတွေကို ကျနော်တို့ဘက်ကနေပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်နေတာ ရှိတယ်ဗျ။”

ရခိုင်ပြည်နယ် ပြည်နယ်လဝက ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မင်းကတော့ အဖမ်းခံထားရတဲ့ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်ဟာ အရပ်ဘက်က လာတယ်လို့ ဆိုပါတယ်။

“ဒီအရာရှိကတော့ သူက အရပ်သားကနေ ဖြစ်လာတဲ့ အရာရှိပါ။ အရပ်သားထဲက ကျနော်တို့ဟိုဟာပါ ။ DSC ထဲက အောင်တာပါ။ ၉၇ မှာပါ။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ စာမေးပွဲအောင်တာပေါ့။”

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင့်လက်နက်ကိုင် AA တို့အကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ ပိုမိုကျယ်ပြန့် ပြင်းထန်လာနေသလို နှစ်ဘက် အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိလာနေတာပါ။

ပြီးခဲ့တဲ့နိုဝင်ဘာ ၃ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ဘက်က ဖမ်းဆီးထားတာ ဖြစ်ပြီး ယနေ့တိုင် မလွတ်မြောက်သေးပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ် တစ်စီးကို AA အဖွဲ့ ကနေ တားဆီး စစ်ဆေးပြီး ရေယာဉ်ပေါ် ပါလာတဲ့ တပ်မတော်သား၊ ရဲနဲ့ အစိုးရဝန်ထမ်း စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးသွားခဲ့တဲ့တာ ဖြစ်ပြီး အခုအချိန်အထိလည်း သူတို့ကို ပြန်လွှတ် မပေးသေးပါဘူး။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မြောက်ဦး မြို့နယ်ထဲမှာ မီးသတ်တပ်ဖွဲ့ ၁၆ ဦး အဖမ်းခံခဲ့ရပါတယ်။ သူတို့ဟာ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဗဟို ဝန်ထမ်း တက္ကသိုလ် သင်တန်းဆင်းအပြီး ရွှေပြည်သစ်ခရီးသည် တင်ကားနဲ့ ပြန်လာစဉ် AA ရခိုင် လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် တလ အကျော်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာ စစ်တပ်ဘက်က ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့နဲ့ ရွာသားတချို့ကို AA နဲ့ ပတ်သက်နေတယ်ဆိုပြီး ဖမ်းဆီးမှုတွေကလည်း ပိုပြီး များပြားလာနေတာ ဖြစ်ပါတယ်။

လဝက အရာရှိ သုံးဦးကို AA ဖမ်းဆီးထား
please wait

No media source currently available

0:00 0:03:31 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG