သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ NRPC တွေ့ဆုံမှုအပေါ် အမြင်တချို့


အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA အပစ်ရပ်စာချုပ် ချုပ်မထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံ
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ NCA အပစ်ရပ်စာချုပ် ချုပ်မထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြန်မာစစ်တပ်နဲ့ NCA အပစ်ရပ်စာချုပ် ချုပ်မထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုကို နေပြည်တော်မှာ မနေ့က စပြီးကျင်းပနေပါတယ်။ တဖက်မှာတိုက်ပွဲတွေဖြစ်နေပြီး တဖက်မှာ ဆွေးနွေးမှုတွေလုပ်နေကြတာက တကယ်ပြေလည်ငြိမ်းချမ်းမယ့် အခြေအနေ ကိုဖန်တီးနိုင်ပါ့မလား။ ပြည်ပရောက်မြန်မာ့နိုင်ငံရေးအကဲခတ်တချို့အမြင်တွေကို ကိုကျော်အောင်လွင်က ဆက်ပြောပါမှာပါ။

ရခိုင်ပြည်သူတွေကို ရခိုင့်တပ်မတော်ကပဲ အကာအကွယ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တာဝန်ယူပြီး လုပ်ဆောင်နေတာလို့ ရခိုင့်တပ်မတော် AA ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်က မနေ့ကပြောပါတယ်။

“ ရခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဘက်က လက်မခံတဲ့သဘောလို့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေအဖို့ကတော့ ရခိုင်ပြည်မှာ ရခိုင့်တပ်မတော် တည်ရှိရေးဟာ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူကို ရခိုင့်တပ်မတော ်ကပဲ လုံခြုံ၊ အေးချမ်းဖို့ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ကျနော်တို့ ခံယူထားတဲ့အတွက် ကျနော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ တာဝန်ယူနေတာဖြစ်တယ်။ ”

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA အပစ်ရပ် လက်မှတ်မထိုးတဲ့ လက်နက်ကိုင် ၈ ဖွဲ့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ရခိုင်ဗိုလ်မှူးကြီးကျော်ဟန်ကပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးစောင့်ကြည့်သုံးသပ်နေသူ ဒေါက်တာတင့်ဆွေကတော့ ရခိုင်ပြည်သူ တွေအတွက် ရခိုင့်တပ်မတော်ဆိုတာကိုလက်ခံနိုင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြဿနာဟာ လက်နက်ကိုင်နည်းနဲ့ဖြေရှင်းလို့ မဖြစ်နိုင်ဘူးလို့ယူဆပါတယ်။

“ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားနာမည်နဲ့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ ပေါ်လာတာ ကျနော်တို့ နှစ်ပေါင်းတော်တော်ကြာပြီခင်ဗျ။ တနည်းအားဖြင့် ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘာအတွက ဆောင်ရွက်ကြသလဲဆိုတာ မနေ့က ရခိုင်ကိုယ်စားလှယ်ပြောသလိုပေ့ါနော်။ ရခိုင်ပြည်သူတွေ ရခိုင်ပြည်နယ်အတွက်လို့ ပြောတာကတော့ ဒါက ယေဘုယျအားဖြင့် ကျနော်တို့ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ သို့သော်လည်း မြန်မာပြည်မှာ ရခိုင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော တခြားအဖွဲ့အစည်းတွေရောဟာ လက်နက်ကိုင်နည်းနဲ့ ဒီပြဿနာကို ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်တဲ့အတွက် မနေ့ကလို ဆွေးနွေးပွဲမှာ စကားပြောတာက ဒါကတော့ ကောင်းတဲ့အလားအလာ ဖြေရှင်းဖို့ လမ်းကြောင်းပေါ်ကိုရောက်လာတာပါ။”

ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်တာကြောင့် ဒီဒေသမှာရှိလာတဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်က နှိမ်နင်းရမယ်လို့မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ ် ဦးဇော်ဌေးက သတင်းထောက်တွေကို မနေ့ကရှင်းပြပါတယ်။

“ကျနော်တို့ကတော့ အခုလောလောဆည် အဖြူရောင်နယ်မြေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ထဲ ဒီအဖွဲ့အစည်းတွေ ရောက်လာတဲ့အခါမှာ အစိုးရက လုပ်သင့်လုပ်ထိုက်တဲ့ တည်ငြိမ်းအေးချမ်းမှုနဲ့ လုံခြုံရေး ဒါကိုဆောင်ရွက်နေတာဖြစ်တယ်။ ကျနော်တို့ လုပ်တာက ကောင်တာinsurgency operation ပေ့ါနော် သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေး။ အဲဒါကို ကျနော်တို့က ထိထိရောက်ရောက်ဆောင်ရွက်မယ် ဆိုတာလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်။ အခုတပ်မတော်ကလည်း အဲဒါလုပ်နေတယ်။ ဒေသခံပြည်သူတွေ ဒုက္ခရောက်စေတဲ့ ပြဿနာက အဲဒီလိုမျိုး အဖြူရောင်နယ်မြေတွေ ဥပမာ -မြောက်ဦးတို့ ဘာတို့ဆိုရင် တကယ့် ကမ္ဘာလှည့်ခရီးသည်တွေ လွတ်လွတ်လပ်လပ်သွားလာသင့်တဲ့နေရာတွေ။ ဒီနေရာမှာ တိုက်ပွဲက ကျယ်ပြန့်လာတဲ့သဘောဖြစ်တော့ ဒီအပေါ်မှာလည်း အစိုးရကတော့ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရက ရခိုင်ပြည်နယ်ကို အဖြူရောင်နယ်မြေလို့ပြောနေပေမယ့်မြန်မာ့အရေး စောင့်ကြည့်နေသူ ဂျာမနီ နိုင်ငံ Humboldt တက္ကသိုလ် မြန်မာ့ရေးရာဌာန အငြိမ်းစား ကထိက ဦးခင်မောင်စော ကတော့ သဘောမတူပါဘူး။

“ရခိုင်ပြည်နယ်က အဖြူရောင်နယ်မြေဆိုတာကတော့ မဟုတ်ဘူးခင်ဗျ။ ရခိုင်ပြည် အဖြူရောင်နယ်မြေဆိုတာကတော့ ဦးနေဝင်း ခေတ်က ဟုတ်ရင် ဟုတ်လိမ့်မယ်။ အခုနောက်ပိုင်းမှာတော့ မဟုတ်ဘူး။ မဟုတ်လို့ပဲ NLD အစိုးရ စတက်လာကတည်းက ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေ ဝင်စီးခံရတာ ဘယ်နှစ်ခါရှိနေပြီလဲ။”

တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာပဲ တဖက်မှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေကြတာက ဘယ်လိုအခြေအနေကို ဦးတည်စေနိုင်ပါသလဲ။ ဒေါက်တာတင့်ဆွေကတော့ အရင်ကဖြစ်ခဲ့ဖူးတဲ့ အခြေအနေတွေမှာ ထူးခြားကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်မလာတာကိုထောက်ပြပါတယ်။

“ သမိုင်းကြောင်းကြည့်လိုက်ရင် တဖက်မှာ တိုက်ပြီး ၊ တဖက်မှာ ဆွေးနွေးနေတယ်ဆိုတာကတော့ နှစ်ပေါင်းများစွာအတွင်း အစိုးရအဆက်ဆက်မှာ၊ အဖွဲ့အစည်းအမျိုးမျိုးမှာ ဖြစ်ခဲ့ပြီးပြီ။ သို့သော် ကျနော်တို့ ရလဒ်က အခုအထိမရနိုင်တဲ့ကြားမှာ ရခိုင်မှာဆိုရင် မျက်စိမြင်သလောက် သမိုင်းတလျှောက်မှာ ဒီလောက်ကြီးမားတဲ့ တိုက်ပွဲတွေဖြစ်တဲ့အခြေအနေတွေ ရောက်လာတယ်၊ ပိုဆိုးလာတယ်။ ဒီနေရာမှာ ၃ ပွင့်ဆိုင်လို့ ကျနော်မြင်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ ရခိုင်နဲ့ စစ်တပ် နောက်ပြီးတော့ အစိုးရပေ့ါနော်။ ဒီ ၃ ပွင့်ဆိုင်ကိစ္စမှာ လက်နက်ကိုင်ကိစ္စကိုပြောရင် ဒီလက်နက်ကိုင် တပ်ဖွဲ့ ၂ ခုရဲ့ တာဝန်ဖြစ်တယ်။ ၂ ခုလုံးကလည်း မှားသလား၊ တယောက်ယောက်က မှားသလားဆိုတာ ကျနော်တို့ ပြောလို့မရဘူး ။ အဲတော့ ဒီအခြေအနေမှာ အစိုးရက အတတ်နိုင်ဆုံး ကြိုးစားနေရတဲ့ အနေအထားတရပ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

အငြိမ်းစားကထိက ဦးခင်မောင်စောကတော့ ငြိမ်းချမ်းရေး ဆွေးနွေးချိန်မှာ တိုက်ပွဲတွေကို ရပ်ထား စေချင်တယ် လို့ဆိုပါတယ်။

“တဖက်ကတော့ ဆွေးနွေးပွဲခေါ်ထားတယ်၊ တဖက်ကတော့ တိုက်နေတယ်။ အဲဒါက ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ တယောက်နဲ့တယောက် ယုံကြည်မှုမရှိတဲ့ သဘောကို ပြနေတာပေါ့။ ဆွေးနွေးတာလည်း ဆွေးနွေးမယ် ၊ ချတာလည်း ချနေမယ်ဆိုတာဖြစ်နေတယ်။ အမှန်ကတော့ ဆွေးနွေးနေတဲ့ အချိန်မှာ တိုက်ပွဲတွေရပ်ထားတာက အကောင်းဆုံးပေါ့။ စစ်က ဘယ်တော့မှ ကောင်းတာမဟုတ်ဘူး ရခိုင်ပြည်အတွက်လည်းမကောင်းဘူး ၊ မြန်မာပြည်အတွက်လည်း မကောင်းဘူး ဘယ်သူ့အတွက်မှ မကောင်းဘူး။

မေး။ ။ ပြဿနာ လုံးဝပြေလည်ဖို့ထက်စာရင် ပြေလည်နိုင်မယ့်လမ်းစရဖို့က ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်ပါသလဲ။

ဖြေ။ ။ အဲဒါကတော့ တရုတ်အပေါ်မှာ တော်တော်လေးမူတည်တယ်။ ဘာဖြစ်လို့လဲဆိုရင် အားလုံးကို သြဇာညောင်းနိုင်တာ သူပဲ ရှိတာကို ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရေနံပိုက်လိုင်း ၊ မီးရထားလမ်းတွေ လုပ်ဖို့တောင်လုပ်နေပြီ တရုတ်စီးပွားရေးတွေကလည်း မြန်မာပြည်မှာ အများကြီး ၊ အများကြီးဆိုတော့ သူ့အကျိုးစီးပွားရေးကို အထိမခံနိုင်ဘူး။ အခုမြစ်ဆုံကိစ္စကို ပြန်စဖို့တွေလည်း သူတို့ စကားပြောနေပြီ။”

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်း ရေးဗဟိုဌာန NRPCနဲ့ လက်နက်ကိုင်၈ ဖွဲ့က ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေက နောက်ပိုင်းမှာလည်း ဆက်ပြီးရှိနေ ဦးမယ်လို့ဆိုပါတယ်။ အာဏာပိုင်တွေဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလမ်းကြောင်းကိုဖွင့်ပေးထားသလို တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း ဆွေးနွေးမှုတွေမှာပါဝင်ပြောဆိုနေကြတာကြောင့် အဆိုးထဲက အကောင်း မျှော်လင့်ချက်တွေကတော့ ရှိနေတုန်းပဲလို့ဆိုရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG