သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ နိုင်ကျဉ်းအဖွဲ့ ကိုယ်စားလှယ်များ မြန်မာနိုင်ငံရောက်ရှိ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်။
မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အမည်နာမကို အားလုံးက လက်ခံနိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကြိုးစားသွားမှာဖြစ်သလို မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးသွားမယ်လို့ နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောပါတယ်။ အစိုးရက သူတို့ကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့အတွက် ထိုင်းအခြေစိုက် AAPP ရဲ့ အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးတို့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် သွားရောက်ခွင့် ရစဉ်အတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အစိုးရကနေ အမည်မည်းစာရင်း ပယ်ဖျက်ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး တို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို အခုဆိုရင် ပထမဆုံးအကြိမ် ဇန်နဝါရီလ ၅ ရက်နေ့က တရားဝင် ပြန်လည် ရောက်လာနေပြီ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အခါမှာ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှာဖြစ် သလို ပြန်လွှတ်ဖို့မှာ အခက်အခဲတွေ ရှိနေရင်လည်း ပူးပေါင်း ဖြေရှင်းသွားဖို့ အဆင်သင့်ပါပဲလို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ ဒီ အစိုးရဘက်ပိုင်းကိုလည်း ကျနော်တို့က မေးခွန်းထုတ်ချင်တာပေါ့။ ဒီ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ သူတို့မှာ ဘာတွေများ အခက်အခဲ ဖြစ်နေသလဲပေါ့။ တကယ်လို့ အခက်အခဲတွေ ရှိတယ် ဆိုရင်လည်း ကျနော်တို့ အဲဒီအခက်အခဲတွေကို ဘယ်လို ပူပေါင်း ဖြေရှင်းလို့ ရမလဲ။ ကျနော်တို့ အဓိက လိုချင်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုတယ်။ နောက်ပြီးလို့ရှိရင် ဆက်ပြီးတော့လည်း မတရားသဖြင့် ဖမ်းဆီးတာတွေ မလုပ်ဖို့။ အဲဒါကိုတော့ ကျနော်တို့ ထိပ်ဆုံး ဆွေးနွေးသွားမှာပါ။”

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အမည်နာမကို အားလုံးက သဘောတူလက်ခံနိုင်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ဖော်ဆောင်နိုင်အောင် ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ရှိသလိုပဲ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ လူနေမှုဘဝ ထူထောင်ရေး အခက်အခဲတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ပြည်တွင်းက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုပါတယ်။

“နံပါတ် (၁) ကတော့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အားလုံး လက်ခံနိုင်တဲ့၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်မျိုး ဖြစ်လာအောင်တော့ ကျနော်တို့ တိုက်တွန်း ဆွေးနွေးမှာတွေတော့ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေက ဘယ်လို အခက်အခဲမျိုးတွေ ရှိနေလဲ။ အဲဒါကို ဘယ်လို ကူညီဖြေရှင်း ပေးလို့ရမလဲ ဆိုတာကို ဝိုင်းဝန်း ဆွေးနွေးကြမှာပါ။ ဆွေးနွေးပြီးတဲ့အခါကျတော့မှ အကုန်လုံးကို ပူးပေါင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ထွက်လာမှာပါ။ အဲဒီအချိန်မှပဲ ကျနော်တို့ ပြောလို့ရပါမယ်။”

အခုလို လာရောက်ခွင့်ရတဲ့ ပထမဆုံးအကြိမ် ပြည်တွင်းခရီးစဉ်မှာ AAPP အဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းဟောင်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ကျနော်တို့နဲ့ ကွဲကွာနေကြရတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ရဲဘော် သူငယ်ချင်းတွေနဲ့ ကျနော်တို့ အတွေ့အကြုံချင်း ဖလှယ်မယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လို ပူးပေါင်း လုပ်ဆောင်လို့ ရမလဲ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်။ အဲဒီလိုပဲ တခြား နိုင်ငံရေး ပါတီတွေနဲ့ ကျနော်တို့ တွေ့ဆုံပြီးတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်တခု ထွက်လာဖို့ကို ကျနော်တို့ ကြိုးစားမယ်ပေါ့။ အဲဒီလိုပဲ ဒီ နိုင်ငံရေးအကျဉ်းသားတွေ ပြုစုပြိုးထောင်ရေး အတွက် ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြမလဲ၊ ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်မလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးမယ်။”

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ကတော့ စီစဉ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ခုချိန်ထိတော့ ရက် အတိအကျတော့ မသိသေးပါဘူး။ တကယ်လို့ ရက် အတိအကျသိမှပဲ ကျနော်တို့ ပြောလို့ရမယ်။ နောက် ဘယ်သူနဲ့ တွေ့မယ်ဆိုတာလည်း ကျနော်တို့ သေသေချာချာ မသိရသေးဘူး။”

ဆယ်စုနှစ်အတွင်း ပြန်ရောက်လာခွင့်ရှိတဲ့ အခါမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အနေအထားဟာ ပြောင်းလဲမှု ရှိနေတယ်လို့ ဆိုလို့ရပေမဲ့ အခုလို တရားဝင် ပြန်လည် ရောက်လာခွင့် ရှိတဲ့အပေါ် သူ့အနေနဲ့တော့ ဝမ်းသာ၊ ဝမ်းနည်းခံစားရပါတယ်လို့ ကိုဘိုကြည်က ပြောပါတယ်။
“ဝမ်းသာ ဝမ်းနည်း ဖြစ်ပါတယ်။ ဝမ်းသာတယ်ဆိုတာက ကိုယ့်ရဲ့ မိဘနဲ့ ပြန်တွေ့ရမယ်။ ဆွေမျိုး သားချင်းတွေနဲ့ တွေ့ရတယ်။ နှစ်ပေါင်းများစွာ ခွဲခွာနေရတဲ့ သူငယ်ချင်းများနဲ့ တွေ့ရတယ်ပေါ့။ ဒါကတော့ အင်မတန် ဝမ်းသာစရာ ကောင်းတဲ့ဟာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ဟာကလည်း ဒီ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်။ နောက်ကချင်ပြည်နယ်ဘက်မှာ အဖမ်းအဆီး ခံထားရတာတွေ ရှိတယ်။ ပြည်တွင်းစစ်တွေ ရှိတယ်။ ဒါတွေက ဝမ်းနည်းစရာတွေပါ။ အရင်ထက်စာရင်တော့ ရန်ကုန်မြို့မှာတော့ တစုံတရာ ပိုပြီးတော့ ပွင့်လင်းလာတာမျိုးတွေ တွေ့ တယ်။ နောက် လူတွေကတော့ နည်းနည်း အကြောက်တရား ပိုပြီးတော့ နည်းပါးလာတာပေါ့လေ။ အဲဒါမျိုးတော့ တွေ့ပါတယ်။ ကချင်ပြည်နယ်မှာတော့ ပြည်တွင်းစစ် ဖြစ်နေတာမျိုးကို ကျနော်တို့ ကြားသိရတယ်။ ဆိုတော့ အဲဒီဘက်တွေကိုတော့ ကျနော်တို့ သွားနိုင်မသွားနိုင်တော့ ကျနော်တို့ အသေအချာ မသိပေးပါဘူး။ ဒါပေမဲ့ အခြေအနေပေးတယ်၊ သွားနိုင်တယ်ဆိုရင်တော့ ကျနော်တို့ အဲဒီဘက်တွေကိုလည်း သွားမှာပါ။”

သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဖြစ်ထွန်းမှုတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဟာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အဖမ်းခံရတဲ့ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးဖို့ ထိုင်းမြန်မာနယ်စပ်မှာ ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG